Home သတင်း ရွာသူသားအမိအပေါ် လိင်ပိုင်းဆိုင်ရာကျူးလွန်သည့် KNLA တပ်ဖွဲ့ဝင် ၂ဦးအား ထိရောက်စွာ အရေးယူပေးရန် ဒေသခံများလိုလား

ရွာသူသားအမိအပေါ် လိင်ပိုင်းဆိုင်ရာကျူးလွန်သည့် KNLA တပ်ဖွဲ့ဝင် ၂ဦးအား ထိရောက်စွာ အရေးယူပေးရန် ဒေသခံများလိုလား

66
ပုံစာ- ဒူးသထူခရိုင်၊ သထုံမြို့နယ်အတွင်းရှိ ရွာလမ်းတစ်နေရာ-(ပုံဟောင်း)

အောက်တိုဘာ ၁၇ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးသထူခရိုင် သထုံမြို့နယ်တွင် ရော်ဘာခြံလုပ်ကိုင်သူ ရွာသူသား အမိအပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်ရန် ကြံစည်ခဲ့သည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ဖွဲ့ဝင် (၂)ဦးကို ထိရောက်စွာ အရေးယူပေးရန် လိုလားကြောင်း ဒေသခံများက ပြောဆိုနေကြသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် အောက်တိုဘာလ ၁ရက်နေ့၊ ညပိုင်းတွင် သထုံမြို့နယ်၊ တရွဲခီးကျေးရွာအုပ်စု၊ ထီးပူဝါးရွာဘေးရှိ ရော်ဘာခြံတစ်ခု၌ အလုပ်လုပ်ကိုင်နေကြသည့် အသက် ၄၀အရွယ် မိခင်နှင့် အသက် ၁၆နှစ်အရွယ် သမီးဖြစ်သူတို့ နေထိုင်ရာတဲအိမ်အတွင်းသို့ KNLA တပ်ရင်း (၂) မှ ဗိုလ်တစ်ဦးနှင့် ၎င်း၏ရဲဘော်တစ်ဦးတို့ အတင်းအဓမ္မ ဝင်ရောက် ကာ လိင်ပိုင်းဆိုင်ရာကျူးလွန်ရန် ကြံစည်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်ကိုသိရှိသူ ဒေသခံအမျိုးသမီးတစ်ဦးက “အဲဒီညနေ သူတို့နှစ်ယောက်( KNLA တပ်ဖွဲ့ဝင်) အဲဒီသားအမိနှစ် ယောက်ဆီကို ရောက်ချလာတယ်။ ဗိုက်ဆာလို့ဆိုပြီး ပြောတဲ့အခါမှာ သားအမိက တံခါးမဖွင့်ချင်ဘူး။ ဒါပေမဲ့ စစ်ဗိုလ် ဆိုတော့ အားနာနာနဲ့ ဖွင့်ပေးလိုက်တာ။ အဲဒီမှာ တစ်ယောက်က သမီးကို အတင်းအဓမ္မ နမ်းရှုံ့တာ လုပ်တယ်။ တစ်ယောက်က အမေဖြစ်သူကို အတင်းဖက်ရမ်းတာတွေလုပ်တော့ မိခင်ဖြစ်သူက အော်ဟစ်လို့ အောက်ကို ပြန်ဆင်း သွားကြတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

ဒေသခံများ၏ ပြောပြချက်အရ ပြစ်မှုကျူးလွန်သည်ဟု စွပ်စွဲခံရသူ KNLA တပ်ဖွဲ့ဝင်နှစ်ဦးမှာ အသက် ၅၀နီးပါးရှိပြီး အဆိုပါသားအမိထံတွင် ဆိုင်ကယ်များ ယူဆောင်အသုံးပြုခြင်းနှင့် ထမင်းလာရောက် စားသောက်ခြင်းတို့ အမြဲပြုလုပ် လေ့ရှိကြောင်း သိရသည်။

အခင်းဖြစ်ပွားပြီး နောက်တစ်ရက်နံနက်တွင် ကျူးလွန်သူ KNLA တပ်ဖွဲ့ဝင်နှစ်ဦးကို တပ်မဟာ(၁)ဌာနချုပ်သို့ ပို့ဆောင် ခဲ့ပြီဟု သိရသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဒေသခံများကမူ အဓမ္မပြုကျင့်မှု အထမြောက်ခဲ့သည်ဟု ပြောဆိုနေ ကြသဖြင့် အမှန်တကယ် ကျူးလွန်ခံရမှု အခြေအနေမှန်ကို သီးခြားစုံစမ်းစစ်ဆေးမှုများ အောက်ခြေ(မြို့နယ်)တွင် ပြုလုပ်ရန် ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

“အခုဆို သားအမိနှစ်ဦးက ကြောက်လန့်နေတာ။ ခြိမ်းခြောက်ခံထားရတာတွေကြောင့်လား မသိဘူး။ အမှုမဖွင့်ချင် တော့တာမျိုး ဖြစ်နေတယ်။ ဒါပေမဲ့ ဒီသားအမိနှစ်ဦးနဲ့ မျက်နှာချင်းဆိုင်တွေ့ပြီး ဘာတွေဖြစ်ခဲ့သလဲဆိုတာ သေချာစစ် ဆေးစုံစမ်းဖို့ လိုအပ်နေပါတယ်။”ဟု ဒေသခံ လူမှုကူညီရေးလုပ်ကိုင်နေသူတစ်ဦးကလည်း ကေအိုင်စီသို့ ပြောသည်။

ဒူးသထူခရိုင်၊ တပ်မဟာ(၁)တွင် ယခင်ကလည်း အလားတူ ဖြစ်စဉ်များရှိခဲ့ပြီး မြို့နယ်အဆင့်တွင်သာ ငွေပေးကာ ဖြေ ရှင်းလေ့ရှိခြင်း၊ တပ်မဟာနှင့် ခရိုင်တာဝန်ရှိသူများဘက်မှ ထိရောက်သည့် ပြစ်ဒဏ်ပေးမှုမရှိဘဲ ပြန်လွှတ်ပေးခဲ့သည့် သာဓကများရှိခဲ့ခြင်းတို့ကြောင့် ယခုအမှုတွင်လည်း ထိရောက်သော အရေးယူမှုမရှိဖြစ်မည်ကို ဒေသခံများက စိုးရိမ် နေကြသည်။

၎င်းကိစ္စအပေါ် ကရင်အမျိုးသမီးအစည်းအရုံး (KWO) ဗဟို ဥက္ကဋ္ဌ နော်ကညောဖောက “ကော်သူးလေနယ်ထဲမှာ လိင် ပိုင်းဆိုင်ရာကျူးလွန်မှုနဲ့ပတ်သက်ရင် ဥပဒေဆိုတာရှိပြီးသားဖြစ်ပါတယ်။ ကျူးလွန်တာ အထမြောက်လား၊ မမြောက် လားဆိုတာ ဒါက ပြစ်မှုကျူးလွန်နေပါပြီ။ အထမြောက်ရင်တော့ အပြစ်ပိုကြီးမယ်။ ဘယ်လို အခြေအနေပဲဖြစ်ဖြစ် ဥပဒေအရ အရေးယူတာခံရမယ်။ တပ်ဖက်ပိုင်းဘက်က ကျူးလွန်ရင် အရပ်ဘက်ကို မဖြစ်မနေ လွှဲပြောင်းရမယ်။ စုံစမ်းစစ်ဆေးတဲ့ကာလမှာ သူ့ရဲ့ ရာထူးအရာခံအားလုံးကို ရပ်ဆိုင်းထားရမယ်။”ဟု မှတ်ချက်ပြုသည်။

ယခုဖြစ်စဉ်မျိုးသည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၏ ဂုဏ်သိက္ခာကို အများကြီး ထိခိုက်စေသဖြင့် စုံစမ်းစစ်ဆေးရေးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်မှုများလုပ်ရမည့်အပြင် မြို့နယ်၊ ခရိုင်အဆင့် ကိုင်တွယ်၍မရသည့် ကြီးလေးသောပြစ်မှုဖြစ်ပါက ဗဟိုတရားရေးဌာနအဆင့်ထိ မဖြစ်မနေ တင်ပြကာ စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ရမည်ဖြစ်ကြောင်းလည်း နော်ကညောဖောက ဆက်ပြောသည်။

ယခုနှစ် ဇန်နဝါရီလကလည်း အမျိုးသမီးငယ်တစ်ဦးအား KNLA တပ်ဖွဲ့ဝင်တစ်ဦးက လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု ကျူးလွန်သည့် အထောက်အထားများရှိသော်လည်း ထိရောက်စွာ အရေးယူခဲ့ခြင်းမရှိဟု ဒေသခံများက ပြောဆိုသည်။

ထို့အပြင် ပြီးခဲ့သည့် ဇူလိုင်လကလည်း ဒူးသထူခရိုင်၊ ဖားအံမြို့နယ်၊ ဘောသပြုကျေးရွာနေ အသက် (၅၆)နှစ်အရွယ် အမျိုးသမီးတစ်ဦး ဖမ်းဆီးချုပ်နှောင်ခံရစဉ် ညှဉ်းပမ်းနှိပ်စက်ခံရသည်ဟူသော သံသယဖြင့် သေဆုံးခဲ့ရသည့် ဖြစ်စဉ် တွင်လည်း ထိရောက်သည့် စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ခဲ့ခြင်းမရှိ၍ နယ်မြေဒေသတွင်း တရားဥပဒေစိုးမိုးမှုအ ပေါ် မေးခွန်းထုတ်မှုများ ရှိနေသည်။

အဆိုပါဖြစ်စဉ်များနှင့် ပတ်သက်၍ အရေးယူဆောင်ရွက်မည့် အခြေအနေများကို သက်ဆိုင်ရာ ဒူးသထူခရိုင်နှင့် တပ်မဟာတာဝန်ရှိသူများထံ ဆက်သွယ်အတည်ပြု၍ မရသေးသော်လည်း ယခင်က ပြစ်မှုကျူးလွန်သူ မည်သည့် တပ်ဖွဲ့ဝင်မဆို စည်းကမ်းချက်များနှင့်အညီ ကျူးလွန်သည့် အပြစ်အလျောက် ထိရောက်စွာ အရေးယူ ဆောင်ရွက်ခဲ့သည်ဟု အမည်မဖော်လိုသည့် တပ်မှူးတစ်ဦးက ကေအိုင်စီသို့ ပြောဆိုသည်။

” ဒီဖြစ်စဉ်(အမှု)တွေက တစ်ဆင့်ချင်း တင်ရမယ်ပေါ့နော်။ ခရိုင်အဆင့်မရရင် မိသားစုဝင်ကနေ ဗဟိုအဆင့် ကို စာတင်ရပါမယ်။ အဲလို တင်လာမှသာလျှင် ကျနော်တို့ ဘက်က ဆက်လက် ဆောင်ရွက် လို့ရပါမယ်။ “ဟု ကရင်အမျိုးသားရဲတပ်ဖွဲ့-KNPF ဗဟိုရဲချုပ် ဗိုလ်မှူးချုပ် စောအယ်ကလူဖိုးက ပြောသည်။

တော်လှန်ရေးကာလအတွင်း အမျိုးသမီးများနှင့် ကလေးသူငယ်များ၏ လုံခြုံရေးအတွက် KNU အဖွဲ့အစည်း အနေဖြင့် စည်းကမ်းဖောက်ဖျက်သည့် တပ်ဖွဲ့ဝင်များကို မျက်နှာသာမပေးဘဲ ထိရောက်သည့် ပြစ်ဒဏ်များပေးရန်အပြင် ယခု လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံခဲ့ရသည့် သားအမိနှစ်ဦးနှင့် အသက်သေဆုံးသွားခဲ့သော ဘောသပြုရွာသူ အမျိုးသမီးအ တွက် တရားမျှတမှု ဖော်ထုတ်ပေးရန် မိသားစုဝင်များနှင့် ရွာသူရွာသားများက တောင်းဆိုနေကြသည်။