အောက်တိုဘာ (၁၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ ဖုတ်ဖရမြို့နယ် သောင်ရင်းမြစ်ကမ်းနားတစ်နေရာတွင် အောက်တိုဘာလ (၆) ရက်နေ့က တရုတ်လူမျိုး ဟုယူဆရသူ အမျိုးသမီးနှင့် အမျိုးသား ရုပ်အလောင်း (၂) လောင်း မျောပါလာခြင်းကို တွေ့ရှိခဲ့ရကြောင်း ထိုင်းလူမျိုးဒေသခံများ ပြောကြားချက်ကို ကိုးကား၍ ထိုင်းသတင်းများက ဖော်ပြသည်။
အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)ကိစ္စများကြောင့် ထိုင်းနယ်စပ်တကြောကို အာဏာပိုင်များက တင်းကြပ်စစ်ဆေးချိန်တွင် အဆိုပါဖြစ်ရပ် ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။
သောင်ရင်းမြစ်အတိုင်းမျောပါလာသည့် အလောင်း(၂)လောင်းတွင် အတွင်းဝတ် အဝတ်အစားများသာ ဝတ်ဆင်ထားပြီး အသက် ၃၀ မှ ၃၅ နှစ်အရွယ်ကြားရှိ တရုတ်လူမျိုးများဖြစ်နိုင်ကြောင်း ထိုင်းဒေသခံများနှင့် အာဏာပိုင်များက ခန့်မှန်းနေကြသည်။
တွေ့ရှိချက်အရ ၎င်းရုပ်အလောင်းများမှာ အသက်ရှိစဥ်က ရုပ်ပိုင်းဆိုင်ရာနှိပ်စက်ခံထားရပြီးမှ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ထိုင်းတာဝန်ရှိသူများက ယူဆနေသည်။ ထို့အပြင် ရက်ပေါင်းများစွာကြာမြင့်နေပြီဖြစ်သဖြင့် နယ်စပ်နေ ဒေသခံများတွေ့ရှိချိန်တွင် ပုပ်ပွနေပြီးဖြစ်ကြောင်း သိရသည်။
ယင်းဖြစ်စဥ်သည် ဝေါလေနှင့် ဆုံဆည်းမြိုင်တဝိုက်တွင် ဖြစ်ပွားခဲ့သောကြောင့် နယ်မြေထိန်းချုပ်ထားသည့် ဒီမိုကရေစီအကျိုးပြုကရင့်တပ်တော်-DKBA နှင့်လည်း ပတ်သက်မှုရှိနေသည်ဟု ထိုင်းသတင်းအချို့က ဖော်ပြကြသည်။
သတင်းရင်းမြစ်များ၏ အဆိုအရ ထိုနေရာတွင် ဆောက်လုပ်ပြီးစီးထားသည့် အဆောက်အဦး(၆)လုံးရှိ၍ မီးစက်များတပ်ဆင်ထားသလို တရုတ်၊ အိန္ဒိယ၊ လာအို အစရှိသည့် နိုင်ငံခြားများကိုလည်း တွေ့ရှိရသည်ဟု ဆိုသည်။ ကျားဖြန့်ဟုယူဆရသည့် အဆိုပါအဆောက်အအုံနေရာကို DKBA ခေါင်းဆောင်တစ်ဦးက ကြီးကြပ်နေကြောင်း ဖော်ပြချက်အရ သိရသော်လည်း ကေအိုင်စီအနေဖြင့် သီးခြားအတည်ပြုနေသည်။
ပြီးခဲ့သည့် မိုးရာသီကာလများတွင်လည်း အလားတူကဲ့သို့ ရုပ်အလောင်းများ မျောပါလာသည်ကို ထိုင်းဘက်ကကျေးရွာများတွင် မကြာခဏတွေ့ရှိရကြောင်း သိရသည်။
အလားတူ ယခင်ကလည်း ထိုင်းနိုင်ငံ၊ ဘန်ကောက်မှတစ်ဆင့် မြဝတီဘက်သို့ လူကုန်ကူးခံခဲ့ရသည့် အသက် (၂၉) နှစ်အရွယ် တရုတ်အမျိုးသမီးတစ်ဦးမှာ မုဒိမ်းကျင့်ခံရ၍ သောင်ရင်းမြစ်ကိုဖြတ်ကူးပြီးမှ ထိုင်းအာဏာပိုင်များထံ လွတ်မြောက်လာခဲ့သည့် ဖြစ်စဉ်လည်း ရှိခဲ့သည်။


















