Home သတင်း စစ်အုပ်စု၏စစ်ရာဇဝတ်မှုများကို အားပေးကူညီခြင်းမှ ရှောင်ရှားရန် နိုင်ငံတကာထံ SCEF တိုက်တွန်း

စစ်အုပ်စု၏စစ်ရာဇဝတ်မှုများကို အားပေးကူညီခြင်းမှ ရှောင်ရှားရန် နိုင်ငံတကာထံ SCEF တိုက်တွန်း

16
Photo: SCEF, AA

အောက်တိုဘာလ (၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

စစ်အုပ်စုကျူးလွန်သည့် စစ်ရာဇဝတ်မှုနှင့်ဆိုင်သောလုပ်ရပ်များကို အားပေးကူညီခြင်းမှ ရှောင်ရှားရန် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) က နိုင်ငံတကာထံ ယမန်နေ့ အောက်တိုဘာလ (၈) ရက်နေ့တွင် ထုတ်ပြန်တိုက်တွန်းသည်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့တွင် ပြီးခဲ့သည့် စက်တင်ဘာ(၂၈)ရက်နေ့က စစ်အုပ်စု၏လေကြောင်းတိုက်ခိုက်မှုကြောင့် လူအစုလိုက်အပြုံလိုက် သေဆုံးခဲ့ရသည့်ဖြစ်စဥ်အပေါ် ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း ထုတ်ပြန်ချက်တွင် SCEF က ထိုသို့ တိုက်တွန်းထားခြင်းဖြစ်သည်။

စစ်အုပ်စု၏ အရပ်သားများအပေါ်ပစ်မှတ်ထားတိုက်ခိုက်မှုသည် စစ်ရာဇဝတ်မှုများကို ပြောင်တင်းတင်း ချိုးဖောက်နေသလို တိုင်းပြည်ပြဿနာများကို ဖြေရှင်းရန် နိုင်ငံရေး စိတ်ဆန္ဒမရှိကြောင်းကိုဖော်ပြနေသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

ယင်းကြောင့် စစ်အုပ်စုနှင့်ထိတွေ့ဆက်ဆံနေသောအဖွဲ့အစည်းများ၏ အခြေခံကျင့်ဝတ်သည်လည်း ထိခိုက်မည်ဖြစ်ရာ မိမိတို့၏ ရပ်တည်ချက်များကိုပြန်လည်ဆန်းစစ်ရန်နှင့် နိုင်ငံတကာကလည်း မြန်မာပြည်သူကိုအကာအကွယ်ပေး၍ စစ်ရာဇဝတ်မှုများတွင် အားပေးကူညီခြင်းကို ရှောင်ရှားရန် SCEF က တိုက်တွန်းထားသည်။

စစ်အုပ်စုသည် ကျောက်တော်အပါအဝင် ရခိုင်နှင့် တောင်ပိုင်းဒေသ ထားဝယ်ခရိုင်ရေဘေးတွင် အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်နေသလို ဒေသအနှံ့အပြား အထူးသဖြင့် တိုင်းရင်းသားနယ်မြေများတွင် စစ်ရှောင်နေရာ၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဘာသာရေးအဆောက်အအုံ တို့ကိုပါ ပစ်မှတ်ထားနေခြင်းက စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းပင်ဖြစ်သည်ဟု ဆိုသည်။

Photo: SCEF, AA

အဆိုပါတိုက်ခိုက်မှုများကြောင့် ပြည်သူများအတွက် ဘေးဒုက္ခပြင်းပြင်းထန်ထန် ဖြစ်စေပြီး ဖက်ဒရယ်ဒီမိုကရေစီလုပ်ငန်းစဥ် ထိခိုက်၍ ပြည်ထောင်စုပြိုကွဲသည်အထိ ဖြစ်နိုင်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ထောက်ပြထားသည်။

SCEF အနေဖြင့်မူ တိုင်းပြည်၏အနာဂတ်ကို စစ်ရေးအင်အားသုံး ဆုံးဖြတ်ခြင်းကို လက်မခံဘဲ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို ဦးတည်သော နိုင်ငံရေး အသွင်ကူးပြောင်းရေးကို မိတ်ဖက် အဖွဲ့အစည်းများနှင့်အတူ ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ဆိုသည်။

ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့်ကလေးငယ်များအပါအဝင် ပြည်သူ(၅၀)ဦးထက်မနည်း သေဆုံးကာ (၅၈)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ကျောက်တော်မြို့၊ အိန္ဒိယဈေးနေရာ လေကြောင်းတိုက်ခိုက်ခံရမှုအပေါ် ယူကေနှင့် ဥရောပသမဂ္ဂတို့က ရှုတ်ချကြသလို လူ့အခွင့်အရေးအဖွဲ့များကလည်း စစ်အုပ်စု၏လုပ်ရပ်သည် စစ်ရာဇဝတ်မှုမြောက်၍ အပြင်းအထန်ကန့်ကွက်ကြောင်း ထုတ်ဖော်ပြောဆိုကြသည်။

အလားတူ ကရင်လူ့အခွင့်အရေးအဖွဲ့-KHGR ကလည်း နိုင်ငံတကာအနေဖြင့် ထိခိုက်နစ်နာသူများဘက်မှ ရပ်တည်ပေးကြရန်နှင့် အဆိုပါ ရာဇဝတ်မှုများအတွက် တာဝန်ရှိသူများ တာဝန်ခံမှုရှိစေရန် တောင်းဆိုဖိအားပေးကြဖို့ အောက်တိုဘာလ (၁) ရက်နေ့က ထုတ်ပြန်တိုက်တွန်းခဲ့ခြင်းရှိသည်။