အောက်တိုဘာ (၇) ရက်၊ ၂၀၂၆ ခုနှစ်၊ ကေအိုင်စီ။
မြန်မာရွှေ့ပြောင်းလုပ်သားပညာရေးကော်မတီ-BMWEC မှ အမည်ပြောင်းလဲရန် ကော်မတီကဦးဆောင်ပြီး အောက်တိုဘာ (၅) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ကမ္ဘာ့ဆရာများနေ့ အခမ်းအနားတွင် သဘောထားကောက်ခံခဲ့ရာ တက်ရောက်လာသော ဆရာ၊ ဆရာမ(၃၀၀)ကျော်က ထောက်ခံ သဘောတူညီခဲ့ကြကြောင်း သိရသည်။
ထိုင်း-မြန်မာ နယ်စပ်ဒေသအတွင်း ပညာရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဥပဒေရေးရာနှင့် အဖွဲ့အစည်းဆိုင်ရာ အသိအမှတ်ပြုမှုများနှင့် ကိုက်ညီစေရန် Burmese Migrant Workers’ Education Committee မှ Border Migrant Workers’ Education Committee သို့ အမည်ပြောင်းလဲရန် လိုအပ်လာခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။
“ကျမတို့ နယ်စပ်က လက်ရှိအခြေအနေရယ်၊ ကျောင်းဆရာ ဆရာမတွေနဲ့ တာဝန်ရှိသူတွေရဲ့အကြံပေးမှုရယ်၊ ပြီးတော့ ဒီနာမည်နဲ့ရပ်တည်လာတာ နှစ်ပေါင်းကြာပြီဖြစ်တဲ့အတွက် နာမည်ကိုပြောင်းလဲသင့်ပြီလို့ အကြံပြုလာကြတာလည်း ပါပါတယ်” ဟု BMWEC ၏ ဒါရိုက်တာ နော်ဆာအယ်စေးဖိုး က ပြောသည်။
BMWEC ၏ စာလုံးအစ Burmese မှ Border သို့ပြောင်းလဲရန် BMWEC တွင် အလုပ်လုပ်ခဲ့ဖူးသည့် ဆရာ၊ ဆရာမများက ပြီးခဲ့သည့်နှစ်များကတည်းက အကြံပေးခဲ့ခြင်းရှိကြောင်းလည်း တာဝန်ရှိသူများထံမှ သိရသည်။
သို့ရာတွင် လက်ရှိ သဘောထားထောက်ခံချက်ရထားသော်လည်း အမည်ပြောင်းခြင်းကိုအတည်ပြုရန်အတွက်မူ တွေ့ဆုံဆွေးနွေးမှု ထပ်မံလုပ်ဆောင်ရန်ရှိသေးသည်ဟု နော်ဆာအယ်စေးဖိုး က ဖြည့်စွက်ပြောသည်။
ထို့အပြင် BMWEC ၏ အမည်ပြောင်းလဲမှုသည် ရွှေ့ပြောင်းကျောင်းများ၊ ကျောင်းဆရာ၊ ဆရာမများနှင့် ကျောင်းသူ၊ ကျောင်းသားများအပေါ် မည်သို့သော သက်ရောက်မှုအပြောင်းအလဲ မျှရှိမည်မဟုတ်သလို BMWEC ၏ လုပ်ငန်းများသည်လည်း ပုံမှန်အတိုင်း ဆက်လက်လည်ပတ်သွားမည်ဖြစ်ကြောင်း သိရသည်။
၁၉၉၀ ပြည့်လွန်နှစ်များအတွင်း ထိုင်း-မြန်မာနယ်စပ်ရှိ အထောက်အထားမဲ့ ရွှေ့ပြောင်းကျောင်းသားများနှင့် ဆရာ၊ ဆရာမများ၏ လုံခြုံရေးကို ကာကွယ်ပေးရန်နှင့် ပညာရေးအရည်အသွေး မြှင့်တင်ရန် ၁၉၉၉ ခုနှစ်မှစတင်ကာ မဲဆောက်မြို့၌ BMWEC ကို အိမ်တွင်းပညာရေးစခန်း (၇) ခုဖြင့် စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။
BMWEC သည် ရွှေ့ပြောင်းဒေသ ပညာရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုဌာန(MECC)က ချမှတ်ထားသော စည်းကမ်းချက် (၁၆) ချက်ကို ရွှေ့ပြောင်းကျောင်းများတွင် ပြည့်ဝစွာလိုက်နာဆောင်ရွက်ရန်၊ ကျောင်းသားများနှင့် ဆရာ၊ ဆရာမများ လုံခြုံမှုရှိရန်နှင့် လုပ်ငန်းဆိုင်ရာအရည်အချင်းများတိုးတက်လာရန် ကူညီလုပ်ဆောင်ပေးသည့် အဖွဲ့အစည်းတစ်ခုလည်း ဖြစ်သည်။


















