Home သတင်း မဲဆောက်မြို့၊ ထုံထောင်းရပ်ကွက်ကို ထိုင်းအာဏာပိုင်များ ဝင်စစ်၊ အထောက်အထားမဲ့မြန်မာ ၂၀၀ကျော် ဖမ်းဆီးခံရ

မဲဆောက်မြို့၊ ထုံထောင်းရပ်ကွက်ကို ထိုင်းအာဏာပိုင်များ ဝင်စစ်၊ အထောက်အထားမဲ့မြန်မာ ၂၀၀ကျော် ဖမ်းဆီးခံရ

83
Photo: CJ

အောက်တိုဘာ (၁၇) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့ရှိ မြန်မာပြည်သားအများစုနေထိုင်ရာ ထုံထောင်းရပ်ကွက်ကို ယနေ့၊ အောက်တိုဘာ(၁၇)ရက် မနက်ပိုင်းက ထိုင်းအာဏာပိုင်အဖွဲ့စုံမှ ရှောင်တခင်ဝင်ရောက်စစ်ဆေးရာ အထောက်အထားမဲ့နေထိုင်ကြသူ(၂၀၀)ကျော် ဖမ်းဆီးခံလိုက်ရကြောင်း မဲဆောက်ရောက်မြန်မာအသိုင်းအဝိုင်းမှ သိရသည်။

ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့်အထောက်အထားမရှိဘဲ အဆိုပါရပ်ကွက်နေထိုင်သူများကို အာဏာပိုင်များက အဓိကစစ်ဆေးခဲ့ခြင်းဖြစ်ပြီး ကလေးငယ်နှင့် သက်ကြီးရွယ်အိုများအပါအဝင် မိသားစုအလိုက်နေထိုင်သူ မြန်မာပြည်သား(၂၀၀)ကျော်ကို ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။

“ထုံထောင်းရပ်ကွက်ကို တောမောင်း(ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာန ) က ဝင်စစ်တာ အထောက်ထားမဲ့တွေ မိကုန်တယ်။ ကလေး၊ လူကြီးအကုန်ပါတယ်။ ရဲစခန်းမှာအခု ရဲနဲ့ လဝက က စာရင်းအချက်အလက်စစ်နေတယ် ပန်းရောင်ကတ်၊ အလုပ်သမားကတ်၊ သက်တမ်းရှိ မရှိ စာရွက်စာတမ်းစုံမစုံပေါ့” ဟု အာဏာပိုင်များနှင့်နီးစပ်ရာ မဲဆောက်နေ မြန်မာပြည်သားတစ်ဦးက ပြောသည်။

အာဏာပိုင်များသည် အထောက်အထားမဲ့နေထိုင်သဖြင့် ဖမ်းဆီးထားသူများကို အရေးယူဆောင်ရွက်သွားမည့်အပိုင်းနှင့် စုံစမ်းစစ်ဆေးမှုရလဒ်အား သတင်းစာရှင်းလင်းပွဲပြုလုပ်၍ တရားဝင်ကြေညာသွားရန်ရှိကြောင်းလည်း ကနဦးသိရသည်။

Photo: CJ

ထို့အပြင် ယခုရက်ပိုင်းအတွင်း မဲဆောက်မြို့ အဝင်အထွက် စစ်ဆေးရေးဂိတ်များ၌ ရွှေ့ပြောင်းမြန်မာနိုင်ငံသားများ သွားလာမှုအပေါ် အထူး အစစ်အဆေးတင်းကြပ်ထားပြီး မြို့တွင်းရပ်ကွက်များတွင်လည်း မူးယစ်ဆေးဝါး၊ လက်နက်ခဲယမ်း၊ ခိုးဆိုးလုယက်မှုများ မဖြစ်စေရေး အဌားအိမ်ယာဝင်းများ၊ အိမ်ခန်းတန်းလျားများကို ထိုင်းအာဏာပိုင်အဖွဲ့စုံ စောင့်ကြည့်စစ်ဆေးနေခြင်းရှိသည်။

မဲဆောက်တွင် မြန်မာရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်သူက “ဒီလထဲမှာလည်း မဲဆောက်ကနေ ချင်းမိုင်၊ ဘန်‌ကောက်ခရီးသွားရင် တောင်ပေါ်ဂိတ်မှာ စာရွက်စာတမ်း၊ သူဌေးထောက်ခံချက်စစ်တယ်၊ သူဌေးအလုပ်သမားဟုတ်မဟုတ် ဖုန်းဆက်ခိုင်းတယ်။ ရပ်ကွက်အိမ်တန်းလျားတွေလည်းစစ်တယ်၊ ဈေးဆိုင်တွေလည်းစစ်တယ်” ဟု ကေအိုင်စီကို ပြောသည်။

ထိုင်းအာဏာပိုင်များသည် နှစ်စဉ် အလုပ်သမားကတ်၊ ပန်းရောင်ကတ်နှင့် CI (မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်) ပြုလုပ်ပေးချိန်များတွင် နိုင်ငံအတွင်း အထောက်အထားမဲ့နေထိုင်သူမရှိစေရေး စီမံချက်ဖြင့် ဖမ်းဆီးစစ်ဆေးတတ်သဖြင့် ယခုရက်ပိုင်း အသွားအလာဆင်ခြင်ကြရန်လည်း အလုပ်သမားအရေး ဆောင်ရွက်သူများက သတိပေးထားသည်။

အထူးသဖြင့် ယခုနှစ်အတွင်း အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)နှင့် လူမှောင်ခိုကိစ္စများဖြင့် ထိုင်းနိုင်ငံ နယ်စပ်တကြော အစစ်အဆေးများပိုမိုပြုလုပ်နေခြင်းဖြစ်ပြီး မဲဆောက်တွင်လည်း မြန်မာနိုင်ငံသားအနေများသည့် နေရာ မကြာခဏ ဝင်ရောက်စစ်ဆေးခံနေရကာ ပြီးခဲ့သည့် မေလ(၂၈)ရက်နေ့က မယ်ပအပိုင်း၊ မာလွေအိမ်ယာထဲ ဈေးဆိုင်ဖွင့်ရောင်းသည့် မြန်မာ(၄)ဦး ဖမ်းဆီးခံလိုက်ရသေးသည်။

Photo: CJ