အောက်တိုဘာ (၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
အရပ်သားပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုများ ရပ်တန့်နိုင်ရေးအတွက် စစ်အုပ်စုထံ လေယာဉ်ဆီရောက်ရှိနေမှုကို တားဆီးပေးရန် နိုင်ငံတကာထံ သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှု-BMC က ယမန်နေ့၊ အောက်တိုဘာလ (၈)ရက်တွင် တောင်းဆိုသည်။
စစ်အုပ်စုက အရပ်သားများကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ခြင်းကို ရပ်တန့်ရန် ၎င်းတို့ထံ လေယာဉ်ဆီ တင်ပို့ပေးနေသည့် နိုင်ငံတကာထောက်ပံ့ရေးကွန်ရက်များနှင့် ပါဝင်ပတ်သက်နေသည့် ကုမ္ပဏီများကို ချက်ချင်းအရေးယူတားဆီးပေးရန် လိုအပ်ကြောင်း BMC က ထုတ်ပြန်တောင်းဆိုထားခြင်းဖြစ်သည်။
ထိုင်း၊ စင်ကာပူ၊ ဗီယက်နမ်၊ တရုတ်၊ အိန္ဒိယ၊ အီရန်နှင့် ဗြိတိန်နိုင်ငံတို့ရှိ ကုမ္ပဏီများနှင့် ဘဏ္ဍာရေးအဖွဲ့အစည်းများ ပါဝင်သည့် ကွန်ရက်များမှတစ်ဆင့် စစ်အုပ်စုထံ လေယာဉ်ဆီများ တင်ပို့ပေးနေခြင်းဖြစ်သည်ဟု BMC က ဆိုသည်။
ထို့အပြင် ပင်လယ်ပြင်အတွင်း သင်္ဘောတစ်စီးမှ တစ်စီးသို့ လေယာဉ်ဆီလွှဲပြောင်းသည့် (Ship-to-Ship Transfer) နည်းလမ်းများကို အသုံးပြုကာ ပို့ဆောင်ရေးလမ်းကြောင်းများကို လွှဲပြောင်း အသုံးပြု နေကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းအပြင် BMC ၏ ၃ လတာသုတေသနတွေ့ရှိမှုအရ စစ်အုပ်စုသည် လေယာဉ်ဆီ ဂါလန် ၃.၉ သန်းကျော် (အမေရိကန်ဒေါ်လာ ၁၀ သန်းနီးပါး) သုံးစွဲခဲ့ပြီး ပျံသန်းချိန် နာရီပေါင်း ၈,၈၇၁ နာရီကျော်ရှိခဲ့ကြောင်း သိရသည်။ ရက်ဖြင့်ရေတွက်ပါက တစ်ရက်လျှင် လေယာဉ် ၂၅ စီးခန့် ပျံသန်း၍ စစ်ဆင်ရေးပြုလုပ်ပြီး အရပ်ဘက်သုံး လေဆိပ် ၇ ခုကိုလည်း စစ်ရေးလုပ်ငန်းများအတွက် အသုံးပြုနေသည်ဟု ဆိုသည်။
ထို့ကြောင့် နိုင်ငံတကာအစိုးရများအနေဖြင့် စစ်အုပ်စုထံ လေယာဉ်ဆီ တင်ပို့သယ်ယူပေးနေသည့် ကုမ္ပဏီများကို ဒဏ်ခတ်အရေးယူရန်၊ ရေကြောင်းအာမခံကုမ္ပဏီများအနေဖြင့် အာမခံပေးထားခြင်းကို ရပ်ဆိုင်းရန်နှင့် အာဆီယံနိုင်ငံများအနေဖြင့် မိမိတို့နိုင်ငံအတွင်းရှိ ကုမ္ပဏီများ၏ ပါဝင်ပတ်သက်မှုများကို ချက်ချင်းတားဆီးပေးရန် BMC က တဆက်တည်းတောင်းဆိုထားသည်။
အမေရိကန်နှင့် ကနေဒါအပါအဝင် နိုင်ငံတကာအစိုးရများအနေဖြင့်လည်း မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို အပြည့်အဝ ဒဏ်ခတ်ပိတ်ဆို့အရေးယူရန်နှင့် ၂၀၂၄ ခုနှစ်တွင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ချမှတ်ခဲ့သည့် လေယာဉ်ဆီလွှဲပြောင်းပေးမှု ရပ်ဆိုင်းရေးဆိုင်ရာ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း ဖြည့်စွက်ထောက်ပြသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၂၈ ရက်နေ့က ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့တွင် စစ်အုပ်စု လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရိုဟင်ဂျာနှင့် ရခိုင် အရပ်သား ၅၀ ဦးထက်မနည်း သေဆုံးခဲ့သည့်ဖြစ်စဥ်ကိုလည်း BMC က မီးမောင်းထိုးပြသွားသည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း ကိုယ်ဝန်ဆောင်မိခင်တစ်ဦးနှင့် မီးဖွားနေစဉ် မွေးဖွားလာသည့် ကလေးငယ်တစ်ဦးပါ မီးလောင်သေဆုံးခဲ့ရပြီး ယင်းဖြစ်စဉ်သည် အဆိုးရွားဆုံး စစ်ရာဇဝတ်မှုများအနက် တစ်ခုဖြစ်သည်ဟု ဆိုသည်။
ထို့အတူ BMC ၏ သုတေသနစာရင်းထဲမှ စစ်တပ်အာဏာသိမ်းချိန်မှစ၍ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၃၀ ရက်နေ့အထိ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် စစ်အုပ်စုသည် လေကြောင်းတိုက်ခိုက်မှု အနည်းဆုံး ၇,၉၅၅ ကြိမ် ပြုလုပ်ခဲ့ပြီး အရပ်သားပြည်သူ ၄,၉၀၉ ဦးကျော် သေဆုံးခဲ့ရကြောင်း သိရသည်။


















