Home သတင်း စစ်ခေါင်းဆောင်ကို မလေးရှားခရီးစဥ်ကြိုဆိုခြင်းက မြန်မာပြည်သူများ၏ပေးဆပ်မှုကို မျက်ကွယ်ပြုခြင်းဖြစ်ဟု SCEF တုံ့ပြန်

စစ်ခေါင်းဆောင်ကို မလေးရှားခရီးစဥ်ကြိုဆိုခြင်းက မြန်မာပြည်သူများ၏ပေးဆပ်မှုကို မျက်ကွယ်ပြုခြင်းဖြစ်ဟု SCEF တုံ့ပြန်

26
Photo: BERNAMA

အောက်တိုဘာ (၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

မလေးရှားအစိုးရက မြန်မာစစ်ခေါင်းဆောင်ကို ကြိုဆိုလက်ခံခြင်းသည် ဖက်ဒရယ်ဒီမိုကရေစီအတွက် မြန်မာပြည်သူများ၏ အသက်နှင့် ဘဝပေးဆပ်မှုများကို ပြောင်ပြောင်တင်းတင်း မျက်ကွယ်ပြုရာရောက်သည်ဟု ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ-SCEF က တုံ့ပြန်သည်။

အောက်တိုဘာလ ၇ ရက်နေ့မှ ၈ ရက်နေ့အထိ နှစ်ရက်ကြာ မလေးရှားခရီးစဥ်ရောက်ရှိနေသည့် မင်းအောင်လှိုင်ကို လက်ခံကြိုဆိုခြင်းအပေါ် SCEF အနေဖြင့် ကန့်ကွက်ကြောင်း ယနေ့၊ အောက်တိုဘာလ (၈) ရက်နေ့ထုတ်ပြန်ချက်တွင် ထိုသို့ဆိုထားခြင်းဖြစ်သည်။

မလေးရှားအစိုးရ၏ထိုလုပ်ရပ်သည် စစ်အုပ်စုကို နိုင်ငံရေးအရ တရားဝင်မှုပေးရာရောက်သလို ဖက်ဒရယ်ဒီမိုကရေစီအတွက် အသက်နှင့်ဘဝပေးဆပ်ထားရသည့် မြန်မာပြည်သူများအပေါ် မျက်ကွယ်ပြုရာရောက်သည်ဟု SCEF က ဆိုသည်။

ထို့အပြင် စစ်အုပ်စုက နိုင်ငံတော်အာဏာကို ဥပဒေနှင့်မညီဘဲ သိမ်းယူခဲ့ပြီးနောက် မြန်မာအရေးကိုဖြေရှင်းရန် သဘောတူညီထားသည့် အာဆီယံ၏ဘုံသဘောတူညီချက် ငါးရပ် (Five Point Consensus) အပါအဝင် ကတိကဝတ်အားလုံးကို ချိုးဖောက်ခဲ့သည်။

၎င်းတို့၏ ပျက်ကွက်မှုများသည် အာဆီယံ၏ သံတမန်ရေးရာ ကြိုးပမ်းချက်များနှင့် ဂုဏ်သိက္ခာကို ကြီးမားစွာ ထိခိုက်စေကြောင်းလည်း ထုတ်ပြန်ချက်ထဲတွင် ထောက်ပြထားသည်။

ယင်းထက် စိုးရိမ်စရာကောင်းသည်မှာ အရပ်သားများကို ပစ်မှတ်ထား၍ လေကြောင်းမှတိုက်ခိုက်နေခြင်း၊ နေအိမ်မီးရှို့ခြင်း၊ မတရားဖမ်းဆီးသတ်ဖြတ်ခြင်းစသည်ဖြင့် စနစ်တကျ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် အကြမ်းဖက်မှုများ ဖြစ်သည်ဟု SCEF က ဆိုသည်။

ထို့ကြောင့် လူ့အခွင့်အရေးနှင့် အာဆီယံမူများကို ကတိပြုထားသည့် မလေးရှားနိုင်ငံအနေဖြင့် စစ်ခေါင်းဆောင်ကို နိုင်ငံတော်ခေါင်းဆောင်အဆင့် ကြိုဆိုလက်ခံနေခြင်းသည် ၎င်းတို့၏ ကိုယ်ပိုင်မူဝါဒများကို တိုက်ရိုက်ဆန့်ကျင်ရာရောက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မလေးရှားအစိုးရအနေဖြင့် မြန်မာပြည်သူတို့၏ ဒီမိုကရေစီနှင့် ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ဆန္ဒများကို လေးစား၍ အာဆီယံ၏ အခြေခံမူများနှင့်အညီ ပြည်သူလူထုဘက်မှ ခိုင်ခိုင်မာမာ ရပ်တည်ပေးရန်လည်း SCEF က တိုက်တွန်းသည်။

အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်သည် အောက်တိုဘာလ(၇)ရက်နေ့တွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ကိုရောက်ရှိလာ၍ မလေးရှားနိုင်ငံဝန်ကြီးချုပ်နှင့်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ ထို့နောက် မလေးရောက် အထောက်အထားမဲ့နှင့်မြန်မာဒုက္ခသည်များကို နေရပ်ပြန်ပို့ရေးကိစ္စ၊ နှစ်နိုင်ငံ စီးပွားရေးနှင့်ရင်းနှီးမြုပ်နှံမှု၊ အာဆီယံနှင့် မြန်မာ့နိုင်ငံရေး ညှိနှိုင်းမှုတွင် မလေးရှားနိုင်ငံက ကြားခံကူညီဆောင်ရွက်ပေးရန် ကိစ္စများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။