Home ဆောင်းပါး ခရစ်ပတို ငွေကြေးအကြောင်းတစေ့တစောင်း

ခရစ်ပတို ငွေကြေးအကြောင်းတစေ့တစောင်း

27

ခရစ်ပတို ငွေကြေးအကြောင်းတစေ့တစောင်း

(မိုးတိမ်)

အလွယ်ဆုံးပြောရရင် ခရစ်ပတို (Cryptocurrency) ဆိုတာ အင်တာနက်ပေါ်မှာ အသုံးပြုနိုင်တဲ့ ဒစ်ဂျစ် တယ်ငွေကြေး တစ်မျိုးပါ။ ကျွန်တော်တို့ နေ့စဉ်သုံးနေတဲ့ ကျပ်ငွေ၊ ဘတ်ငွေတွေလို လက်နဲ့ကိုင်လို့ရတဲ့ ငွေကြေးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျပ်ငွေ၊ ဘတ်ငွေတွေလိုပဲ တန်ဖိုးရှိတဲ့ ခေတ်သစ်ငွေကြေးတစ်ခုဖြစ်ပြီး KPay, WavePay ကဲ့သို့ အားလုံးကို အင်တာနက်ပေါ်မှာ ဒစ်ဂျစ်တယ်ပုံစံနဲ့ သိမ်းဆည်း၊ ပို့ဆောင်၊ လက်ခံကြပါတယ်။

Crypto ရဲ့ ထူးခြားချက်က ဘဏ်တစ်ခုတည်းကနေ အားလုံးကို ထိန်းချုပ်ထားတာ မဟုတ်ဘဲ Blockchain လို့ခေါ်တဲ့ ဒစ်ဂျစ်တယ်မှတ်တမ်းစနစ်ကို အသုံးပြုထားတာပါ။ ဥပမာ—မိတ်ဆွေတစ်ယောက်ဆီကို ခရစ်ပတို ၁ ခု ပို့လိုက်ရင် အဲဒီငွေလွှဲမှုကို ကွန်ပျူတာကွန်ရက်ပေါ်မှာ မှတ်တမ်းတင်ထားနိုင်ပါတယ်။ ဒါကြောင့် ခရစ်ပတိုကို “ဒစ်ဂျစ်တယ်ငွေကြေးနှင့် အင်တာနက်ပေါ်က မှတ်တမ်းစနစ်” လို့ အလွယ်မှတ်ထားနိုင်ပါတယ်။ Bitcoin (BTC), Ethereum (ETH), Solana (SOL) စတာတွေကလည်း လူသိများတဲ့ ခရစ်ပတိုတွေ ဖြစ်ပါတယ်။ ယနေ့ခေတ်မှာ Coin Market Cap ရဲ့ ဒေတာအရ Cryptocurrency ပေါင်း ၂၀,၀၀၀ နီးပါးရှိပြီး crypto တစ်ခုချင်းစီ၏ အသေးစိတ်ကို coinmarketcap.com တွင် သွားရောက်လေ့လာနိုင်ပါတယ်။

“ခရစ်ပတိုလို့ ပြောရင် ကျားဖြန့်တွေလို့ ထင်တာလဲ?”
Cryptocurrency ဆိုတာ အင်တာနက် အွန်လိုင်းပေါ်မှာ လည်ပတ်နေတာ ဖြစ်တဲ့အတွက် သာမန်လူထုအနေနဲ့ “ကျားဖြန့်လုပ်ငန်းလား” ဆိုပြီး အထင်မှားတတ်၊ ယုံကြည်တတ်ကြပါတယ်။ ထင်မှတ်မှားလောက်အောင်လည်း ကျားဖြန့်လုပ်ငန်းတွေက ရရှိလာတဲ့ ငွေမည်းတွေကို ငွေဖြူဖြစ်ဖို့အတွက် Crypto ကို ကြားခံအနေနဲ့ အသုံးချ၍ သိမ်းဆည်း၊ လက်ခံပြီး နိုင်ငံတကာငွေလွှဲပြောင်းနိုင်ရန် ငွေကြေးခဝါချမှုများ လုပ်ဆောင်လာကြပါတယ်။

ဖြစ်ရပ်တစ်ခုကို ဖော်ပြရလျှင် ၂၀၂၅ ခုနှစ် အောက်တိုဘာလအတွင်း ကမ္ဘောဒီးယားနိုင်ငံအခြေစိုက် Chen Zhi ဦးစီးသော ကျားဖြန့်ငွေလိမ်ဂိုဏ်း Prince Group Scammer Company ဆီမှ ကာလပေါက်ဈေး အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံတန်ကြေးရှိသော cryptocurrency (Bitcoin) များကို DOJ (Department of Justice) မှ ဖမ်းဆီးရရှိခဲ့ကြောင်း CNBC.com ဝက်ဘ်ဆိုက်သတင်းမှာ ဖတ်ရှုနိုင်ပါတယ်။ အလားတူပင် Interpol, FBI, DOJ တို့မှ ဖမ်းဆီးရမိသော အခြားသော ဖြစ်ရပ်ပေါင်းများစွာ ရှိပါတယ်။ အဆိုပါဖြစ်ရပ်များကြောင့် ခရစ်ပတိုဆိုတာနဲ့ ကျားဖြန့်လို့ ထင်မှတ်နေကြဆဲ ဖြစ်ပါတယ်။

ငွေကြေးဖောင်းပွမှု
၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ ငွေကြေးဖောင်းပွမှု (Inflation) က သိသိသာသာ မြင့်တက်လာခဲ့ပါတယ်။ ငွေကြေးဖောင်းပွမှုဆိုတာ ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်လာပြီး မိမိတို့လက်ထဲမှာရှိတဲ့ ငွေကြေးရဲ့ ဝယ်ယူနိုင်စွမ်းတန်ဖိုး ကျဆင်းသွားခြင်းကို ဆိုလိုပါတယ်။

ဒီနေ့မှာ ကိုယ့်လက်ထဲက ငွေ ၁,၀၀၀ ကျပ်နဲ့ ကြက်ဥ ၅ လုံး ဝယ်လို့ရပေမဲ့၊ အချိန်ကာလတစ်ခုကြာပြီးနောက်မှာ အဲဒီ ၁,၀၀၀ ကျပ်နဲ့ ကြက်ဥ ၃ လုံးပဲ ဝယ်လို့ရတော့တဲ့ အခြေအနေမျိုးပါ။ အများအမြင်မှာ ကြက်ဥဈေးတက်သွားတယ်လို့ ထင်ရပေမဲ့ တကယ့်လက်တွေ့မှာတော့ ကိုယ့်လက်ထဲက ငွေ ၁,၀၀၀ ကျပ်ရဲ့ တန်ဖိုး (ဝယ်ယူနိုင်စွမ်း) ကျဆင်းသွားတာ၊ ငွေကြေးဖောင်းပွသွားတာ ဖြစ်ပါတယ်။အိမ်ရှင်မတွေပြောတဲ့ “ အကုန်စျေးတွေတက်တယ် “ ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။

ရင်းနှီးမြုပ်နှံမှုအသစ်
ဒီလိုအချိန်မှာ “ငါ့ငွေတွေ တန်ဖိုးမကျအောင် ဘယ်လိုလုပ်ရမလဲ” ဆိုတဲ့ မေးခွန်းအတွက် ခရစ်ပတို (Crypto) ကို ရွေးချယ်စရာတစ်ခု နည်းလမ်းတစ်ခုအနေနဲ့ သုံးလို့ရပါတယ်။ ဒါပေမဲ့ Cryptocurrency တွေရဲ့ တန်ဖိုးက ဈေးကွက်အခြေအနေ၊ ဝယ်လိုအားနဲ့ ရောင်းလိုအားပေါ် မူတည်ပြီး အလွန်မြန်မြန် မြင့်တက်နိုင်သလို မြန်မြန်ကျနိုင်တာကြောင့် ရင်းနှီးမြှုပ်နှံမှုအဖြစ် အသုံးပြုမယ်ဆိုရင် အမြတ်ရနိုင်သလို ငွေဆုံးရှုံးနိုင်တဲ့ အန္တရာယ်လည်း ရှိတယ် ဆိုတာကို နားလည်ထားဖို့ လိုပါတယ်။

သာမန်လူတွေအနေနဲ့ ငွေကြေးဖောင်းပွမှုကို ကာကွယ်ဖို့ ရွှေဝယ်စုကြတယ်၊ ဒေါ်လာဝယ်စုကြတယ်။ ဒါပေမဲ့ လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေအရ ဒေါ်လာရွက်အစစ်ကို လက်ထဲကိုင်ထားဖို့ကျတော့ ဝယ်ယူဖို့ခက်ခဲတယ်၊ အတုမိမှာ ကြောက်ရတယ်၊ သိမ်းဆည်းရခက်တယ်၊ စစ်ဆေးမေးမြန်းခံရမှာ စိုးရိမ်ရပါတယ်။

ဒီနေရာမှာ ခရစ်ပတိုလောကရဲ့ Stable coins (ဈေးငြိမ် ဒင်္ဂါးပြားများ) ဖြစ်တဲ့ USDT သို့မဟုတ် USDC ဆိုတာကို အစားထိုး ဝယ်ယူစုဆောင်းနိုင်ပါတယ်။ USDT, USDC တို့ဟာ ၁ ဒင်္ဂါးကို အမေရိကန် ၁ ဒေါ်လာနဲ့ အမြဲတမ်း တန်ဖိုးတူညီအောင် ချိန်ညှိပေးထားတဲ့ ဈေးနှုန်းအတက်အကျမရှိတဲ့ Cryptocurrency တွေ ဖြစ်ပါတယ်။

တကယ်တော့ USDT ဆိုတာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနမှ မြန်မာနိုင်ငံရဲ့ နိုင်ငံတော် တရားဝင်ငွေကြေးတစ်ခုအနေဖြင့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် သတ်မှတ်သုံးစွဲနေသော ဒေါ်လာအစားထိုး ဒစ်ဂျစ်တယ်ဒေါ်လာငွေပဲ ဖြစ်ပါတယ်။ USDT များကို နိုင်ငံတကာ exchange များဖြစ်သော Binance, Bitget, Bybit စသော ပလက်ဖောင်းများတွင် မြန်မာကျပ်ငွေဖြင့် လဲလှယ်ဝယ်ယူစု ဆောင်းနိုင်ပါတယ်။

သတိထားသင့်တာက ငွေကြေးဆုံးရှုံးမှုတွေ ရှိနိုင်တာကြောင့် သေချာလေ့လာပြီးမှ သုံးစွဲသင့်ပါတယ်။

ခရစ်ပတိုကို လေ့လာသုံးစွဲနေသည့် ထိုင်းနိုင်ငံရောက် အသက် (၂၉) နှစ်အရွယ် လူငယ်တစ်ဦး၏ ပြောပြချက် –
“၂၀၂၁ အာဏာသိမ်းပြီးနောက်မှာ ကျပ်ငွေတန်ဖိုးကျဆင်းလာတာရယ်၊ စစ်ကောင်စီလက်အောက်ခံ ဘဏ်တွေကို မယုံကြည်တာရယ်ကြောင့် ကိုယ့်ငွေတွေ တန်ဖိုးမလျော့သွားအောင် ဒေါ်လာအရွက်ကို ဝယ်စုချင်ခဲ့ပေမယ့် အခက်အခဲအမျိုးမျိုးကြောင့် ကျွန်တော့်အနေနဲ့ ဒေါ်လာအစား လစဉ် USDT တွေကို Binance မှာ ဝယ်စုဖြစ်ခဲ့ပါတယ်။ ဒါကြောင့်လည်း အခု ထိုင်းကို ထွက်လာခဲ့ရတဲ့ အချိန်မှာ ကိုယ့်ငွေတွေက ကိုယ်နဲ့ တစ်ပါတည်းပါရှိပြီး သုံးစွဲလို့ရခဲ့ပါတယ်။”

ဒါဆို ခရစ်ပတိုကို ဘယ်လို လေ့လာရမလဲ?
ဒါကိုကြည့်မယ်ဆိုရင် Cryptocurrency ဆိုတာ ကျားဖြန့်လုပ်ငန်းတစ်ခု မဟုတ်သလို Scammer ဆိုတာလည်း မဟုတ်ပါဘူး။ ၎င်းဟာ Blockchain ကဲ့သို့ နည်းပညာတွေအပေါ် အခြေခံထားတဲ့ ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှုအမျိုးအစားတစ်ခု ဖြစ်ပါတယ်။ နည်းပညာအသစ်တစ်ခုဖြစ်တဲ့အတွက် အခွင့်အလမ်းတွေနဲ့အတူ ဈေးနှုန်းအတက်အကျ၊ Scam၊ လိမ်လည်မှု၊ Platform Risk နဲ့ ငွေကြေးဆုံးရှုံးနိုင်မှုတွေကိုလည်း တွေ့ကြုံနိုင်ပါတယ်။

ခရစ်ပတိုအကြောင်း လေ့လာလိုပါက မြန်မာကိုယ်စားပြု ကွန်မြူနတီများဖြစ်သော Myan Crypto Myanmar ၏ facebook.com , youtube.com နဲ့ telegram.comတို့တွင် လေ့လာနိုင်ပါတယ်။ Individual လူတစ်ဦးချင်းအနေဖြင့် နိုင်ငံတကာ Trading Platform များနှင့် တရားဝင်ချိတ်ဆက်၍ အသိပညာများ ဖြန့်ဝေပေးနေသော လူပုဂ္ဂိုလ်များ၊ ချန်နယ်များတွင်လည်း လေ့လာနိုင်ပါတယ်။ ထို့ပြင် ဆရာအိမောင်၏ “Bitcoin လို-တို-ရှင်း “စာအုပ်တွင်လည်း အခြေခံမှစ၍ အသေးစိတ် လေ့လာဖတ်ရှုနိုင်ပါသည်.

ခရစ်ပတိုနည်းပညာနှင့် ပလက်ဖောင်းအသုံးပြုပုံများကို စနစ်တကျ မလေ့လာဘဲ ကိုင်တွယ်ပါက အကောင့်ဆုံးရှုံးခြင်း၊ P2P လိမ်လည်ခံရခြင်း စသည့် အန္တရာယ်များ ရှိနိုင်သဖြင့် သေချာစွာ လေ့လာသင်ယူပြီးမှသာ အသုံးပြုသင့်ပါကြောင်းအသိပေးရင်း ခရစ်ပတိုအကြောင်းတစေ့တစောင်းတင်ပြလိုက်ပါသည်။

ကလောင် – မိုးတိမ်