Home သတင်း ဦးအောင်ဆန်းမြင့် ကွယ်လွန်ခြင်းသည် ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုလုပ်ငန်းစဉ်အတွက် ဆုံးရှုံးမှုတစ်ရပ်ဟု ကေအဲန်ယူဆို

ဦးအောင်ဆန်းမြင့် ကွယ်လွန်ခြင်းသည် ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုလုပ်ငန်းစဉ်အတွက် ဆုံးရှုံးမှုတစ်ရပ်ဟု ကေအဲန်ယူဆို

16
Photo: KNPP

စက်တင်ဘာ (၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်နီပြည်ရှင်သန်ရပ်တည်ရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် လက်တွေ့အကောင်အထည်ဖော်နေသူ ဦးအောင်ဆန်းမြင့် ကွယ်လွန်ခြင်းသည် ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုထူထောင်ရေး လုပ်ငန်းစဉ်အတွက် ဆုံးရှုံးမှုကြီးဖြစ်သည်ဟု ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံးက ပြောသည်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ၏ အထွေထွေအတွင်းရေးမှူး၊ ကရင်နီအတိုင်ပင်ခံကောင်စီ (KSCC)၏ဥက္ကဌ ဦးအောင်ဆန်းမြင့် ကွယ်လွန်သည့်အ‌ပေါ် ယမန်နေ့၊ ဩဂုတ်လ(၃၁)ရက်နေ့က ပေးပို့သည့် ဝမ်းနည်းကြောင်းသဝဏ်လွှာတွင် ကေအဲန်ယူက ထိုသို့ဆိုထားခြင်းဖြစ်သည်။

နိုင်ငံရေး၊ အမျိုးသားရေးခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးအောင်ဆန်းမြင့်သည် ရောဂါအခံကြောင့် ထိုင်းနိုင်ငံတွင် ဆေးကုသမှုခံယူနေစဉ် ဩဂုတ်လ(၃၀)ရက်နေ့၊ ထိုင်းစံတော်ချိန် ညနေ ၃ နာရီ ၁၃ မိနစ်တွင် ကွယ်လွန်သွားခြင်းဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက်(၆၃)နှစ်ရှိပြီ ဖြစ်သည်။

ယင်းအပေါ် မိခင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)အပါအဝင် ကရင်နီပြည်သူလူထုတစ်ရပ်လုံးနှင့် တော်လှန်ရေးအတွက် ကြီးမားသည့် ဆုံးရှုံးမှုတစ်ရပ် ဖြစ်၍ သမိုင်းမော်ကွန်းရေးထိုး၊ လေးစားဂုဏ်ပြုကြောင်း ကေအဲန်ယူက ဆိုသည်။

ထို့အပြင် ဦးအောင်ဆန်းမြင့်သည် အောက်ခြေမှ အထက်သို့သွားသည့် ဖယ်ဒရယ်စနစ် (Bottom-Up Federalism ) အတိုင်း အစဉ်တစ်စိုက် ရပ်တည်ပြီး ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးအတွက် လက်တွေ့လှုပ်ရှား၊ ဦးဆောင်အကောင်အထည်ဖော်နေသူ နိုင်ငံရေးခေါင်းဆောင်တစ်ဦးဖြစ်ကြောင်းလည်း သဝဏ်လွှာတွင် ဖော်ပြသည်။

၎င်းကိုဆုံးရှုံးလိုက်ရသည့်အပေါ် ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC)ကလည်း ဦးအောင်ဆန်းမြင့်၏ တော်လှန်ရေးခရီးလမ်းတစ်လျှောက်လုံး ကရင်နီပြည်သူလူထုအတွက် တော်လှန်ရေးတာဝန်များကို ကျရာကဏ္ဍမှ ကိုယ်ကျိုးစွန့် အနစ်နာခံသူဖြစ်သည့်အလျောက် ကရင်နီတော်လှန်ရေးသမိုင်းတွင် မှေးမှိန်ပျောက်ကွယ်သွားမည်မဟုတ်ကြောင်း ဝမ်းနည်းသဝဏ်လွှာပေးပို့ထားသည်။

လူထုတော်လှန်ရေး အရှိန်မြင့်မားနေသည့်ကာလတွင် ယခုလို ခေါင်းဆောင်တစ်ဦးဆုံးရှုံးလိုက်ရခြင်းက မိသားစုဝင်များနှင့်အတူ အစားထိုးမရသည့် နစ်နာဆုံးရှုံးမှုဖြစ်သည်ဟု IEC က ဆိုသည်။

ဦးအောင်ဆန်းမြင့်သည် KNPP နှင့် KSCC တို့တွင် ခေါင်းဆောင်တာဝန်ယူထားသလို တိုင်းရင်းသားလူမျိုးများကောင်စီ( Multi-Ethnic Councils)တွင် ညှိနှိုင်းရေးမှူးနှင့် ဖယ်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)တွင် အတွင်းအရေးမှူးအဖွဲ့ဝင်အဖြစ် တာဝန်ယူထားကြောင်းလည်း သိရသည်။

၎င်း၏ရုပ်ကလာပ်ကို လာမည့် စက်တင်ဘာလ (၅) ရက်နေ့ မွန်းလွှဲပိုင်းအချိန်တွင် ကရင်နီနယ်စပ်တစ်နေရာ၌ မြေမြုပ်သဂြိုလ်သွားမည်ဖြစ်ကြောင်းလည်း KNPP က အသိပေးထုတ်ပြန်ထားသည်။