Home သတင်း တောင်ငူတွင် တွဲကားနှင့် ဆီဘောက်စာကား တိုက်မိပြီး ပေါက်ကွဲမီးလောင်၊ ဘုန်းကြီးကျောင်းနှင့် နေအိမ်ဘက် မီးကူးစက်

တောင်ငူတွင် တွဲကားနှင့် ဆီဘောက်စာကား တိုက်မိပြီး ပေါက်ကွဲမီးလောင်၊ ဘုန်းကြီးကျောင်းနှင့် နေအိမ်ဘက် မီးကူးစက်

11
Photo crd: တောင်ငူပရဟိတအသင်း

စက်တင်ဘာ (၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အမှတ် (၉) ရပ်ကွက်၊ ရွှေဘိုလေးကွေ့အနီး ရန်ကုန်-မန္တလေး လမ်းဟောင်းတွင် ယနေ့ စက်တင်ဘာလ (၁) ရက် နံနက် ၆ နာရီက တွဲကားနှင့် ဆီဘောက်စာယာဉ်တို့ ယာဥ်တိုက်မှုဖြစ်ပွားပြီး မီးလောင်ပေါက်ကွဲခဲ့ရာ အနီးရှိ ဘုန်းကြီးကျောင်း၊ နေအိမ်အဆောက်အအုံနေရာများပါ မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း မြို့ခံများက ပြောသည်။

မန္တလေးဘက်မှ မောင်းနှင်လာသော Nissan လိမ္မော်ရောင် တွဲကားနှင့် ရန်ကုန်ဘက်မှ မောင်းနှင်လာသော အဖြူရောင် ဆီဘောက်စာယာဉ်တို့ မျက်နှာချင်းဆိုင် တိုက်မိခဲ့သည့်ဖြစ်စဥ်တွင် တွဲကား တိမ်းမှောက်ပြီး ဆီဘောက်စာယာဥ် မီးလောင်ကျွမ်းသွားခြင်းဖြစ်သည်။

ယာဉ်တိုက်မှုကြောင့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ မစိုးရိမ်ရဒဏ်ရာအနည်းငယ် ရရှိခဲ့ကြသလို ယာဥ်ပေါက်ကွဲမှလွင့်စင်လာသောမီးစများကြောင့် အနီးရှိ ရန်အောင်ဘုန်းကြီးကျောင်း၊ မြိုင်တည်းခိုခန်းနှင့် နေအိမ်ဈေးဆိုင်တစ်လုံးသို့ မီးကူးလောင်ကျွမ်းခဲ့သည် ဟု မြို့ခံများက ပြောသည်။

Photo crd: တောင်ငူပရဟိတအသင်း

မြို့ခံတစ်ဦးက “ကားဆရာကတော့ ဒဏ်ရာ နည်းနည်းရသွားတယ်။ မြိုင်တည်းခိုခန်း၊ ရန်အောင်ဘုန်းကြီးကျောင်းနဲ့ နေအိမ်ဈေးဆိုင်တစ်လုံးဘက်ကို မီးကူးလောင်သွားတယ်” ဟု ကေအိုင်စီ ကို ပြောသည်။

ဖြစ်စဥ်ဖြစ်ပွားပြီးနောက်တွင် မီးလောင်နေရာသို့ တောင်ငူပရဟိတအသင်း မီးသတ်ကားများနှင့် တာဝန်ရှိသူများ ရောက်ရှိလာပြီး ဒေသခံများနှင့်ပူးပေါင်းကာ တစ်နာရီကျော်ကြာ ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ရကြောင်းလည်း ဒေသတွင်းသတင်းအရင်းအမြစ်မှ သိရသည်။

ယနေ့မနက် ယာဉ်တိုက်မှုဖြစ်ပွားခဲ့သော ရွှေဘိုလေးကွေ့နေရာသည် တောင်ငူမြို့တွင် ယာဉ်တိုက်မှု အများဆုံးဖြစ်ပွားလေ့ရှိသည့် နေရာတစ်ခုဖြစ်ကြောင်းလည်း မြို့ခံများက ပြောသည်။