စက်တင်ဘာ (၁၃) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၃)နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ မူး/မုန်းမြို့နယ်တွင် စစ်အုပ်စု ဒရုန်းဗုံးတိုက်ခိုက်မှုကြောင့် စက်တင်ဘာ(၅)ရက်နေ့က အသက်(၁)နှစ်အရွယ် ကလေးငယ်အပါအဝင် ဒေသခံ(၆)ဦးသေဆုံးပြီး (၈)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူထုတ်ပြန်ချက်မှ သိရသည်။
တံခွန်တိုင်ရွာတွင်အထိုင်ချနေသော စစ်အုပ်စုသည် ဘုတ်ဆုတ်ခင်ရွာသို့ ဒရုန်းဗုံး(၂)ကြိမ် ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်၍ ထိုရွာအတွင်းနေထိုင်သည့် ဟီးရိုးအမည်ရှိ ကလေးငယ်(၁)ဦးနှင့် အမျိုးသမီး၊ အမျိုးသားဒေသခံ(၆)ဦး သေဆုံးသွားသည်။
ထို့အပြင် အသက်မပြည့်သေးသည့် ကလေး(၃)ဦးပါဝင်သော နောက်ထပ်ဒေသခံစုစုပေါင်း(၈)ဦးလည်း ထိခိုက်ဒဏ်ရာရမှုရှိခဲ့ကြောင်း ကေအဲန်ယူ-ဗဟို၏ ယနေ့ စက်တင်ဘာ(၁၃)ရက်နေ့ ထုတ်ပြန်ချက်က ဖော်ပြထားသည်။
ဒေသခံများထိခိုက်သေဆုံးမှုနှင့်ပတ်သက်၍ ကေအဲန်ယူက စစ်အုပ်စုသည် နိုင်ငံတစ်ဝန်းရှိ အရပ်သားပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်းနှင့် တိုက်ခိုက်မှုများပြုလုပ်နေခြင်း စစ်ရာဇဝတ်မှု ကျူးလွန်ကာ အာဆီယံ၏ဘုံသဘောတူညီချက်(၅)ရပ်ပါ အကြမ်းဖက်မှုချက်ချင်းရပ်ရေး အချက်ကို လိုက်နာဆောင်ရွက်ခြင်းမရှိဟု ဆိုသည်။
အလားတူ ကေအဲန်ယူနယ်မြေ၊ တပ်မဟာ(၃)အတွင်း လစဥ်လိုလို စစ်အုပ်စု၏ လေကြောင်းနှင့်လက်နက်ကြီးတိုက်ခိုက်မှု ရှိနေပြီး ပြီးခဲ့သည့် ဇူလိုင်တစ်လလုံးတွင်လည်း မုန်းအပါအဝင် ကျောက်ကြီးနှင့်ရွှေကျင်မြို့နယ်တို့တွင် ဒေသခံ(၅)ဦးသေဆုံးကာ (၆)ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
စစ်အုပ်စုဘက်ကမူ စက်တင်ဘာ(၅)ရက်နေ့က ဘုတ်ဆုတ်ခင်ရွာအတွင်း ဗုံးကြဲတိုက်ခိုက်မှုနှင့်ပတ်သက်၍ ယနေ့အထိ တုံ့ပြန်ပြောဆိုမှုမတွေ့ရပေ။



















