Home Facts Checking News ဘီးလင်း စာသင်ကျောင်းဗုံးကြဲမှုမှာ KNU ထိပ်ပိုင်းခေါင်းဆောင်တွေ ထိခိုက်သေဆုံးတယ်ဆိုတဲ့ သတင်းအမှား

ဘီးလင်း စာသင်ကျောင်းဗုံးကြဲမှုမှာ KNU ထိပ်ပိုင်းခေါင်းဆောင်တွေ ထိခိုက်သေဆုံးတယ်ဆိုတဲ့ သတင်းအမှား

18

ဘီးလင်း စာသင်ကျောင်းဗုံးကြဲမှုမှာ KNU ထိပ်ပိုင်းခေါင်းဆောင်တွေ ထိခိုက်သေဆုံးတယ်ဆိုတဲ့ သတင်းအမှား

Fact-check | Dawei Watch | KIC | The Red Flag | MFCN

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကျသောင်းဆိပ်ကျေးရွာအုပ်စုကို စစ်အာဏာရှင်တပ်က စက်တင်ဘာလ ၁၉ ရက် ညပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စာသင်ကျောင်းဆောင်နဲ့ လူနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ပါတယ်။

အဲဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ စစ်အုပ်စုဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေကတော့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဘောကျော်ဟဲ အပါအဝင် ကရင်အမျိုးသားအစည်းအရုံး (KNU) ထိပ်ပိုင်း ခေါင်းဆောင်တွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အများအပြားထိခိုက်သေဆုံးကြတယ်လို့ စက်တင်ဘာလ ၂၂ ရက် နောက်ပိုင်းမှာ ဖြန့်ချိနေပါတယ်။

စစ်အုပ်စု ဝါဒဖြန့်ချန်နယ်တွေရဲ့ ဖြန့်ချိချက်ကို Myanmar Fact-checking Network အဖွဲ့ဝင်တွေဖြစ်တဲ့ Dawei Watch နဲ့ KIC သတင်းဌာနတွေက ပူးပေါင်းပြီး အချက်အလက်စိစစ်ကြည့်ရာမှာတော့ သတင်းအမှားဖြစ်တာ တွေ့ရှိရပါတယ်။

ကျသောင်းဆိပ်ရွာစာသင်ကျောင်းမှာ KNU ထိပ်ပိုင်းခေါင်းဆောင်တွေ ရောက်ရှိနေလို့ ဗုံးကြဲရှင်းလင်းခဲ့တယ်လို့ Subscribe ၁၃၀၀၀ ကျော်ရှိတဲ့ Voice of Sue တယ်လီဂရမ်ချန်နယ်က စတင်ဖြန့်ချိပါတယ်။

ဖြန့်ချိချက်လင့်ခ် – https://archive.ph/PGgQd

Subscriber၇၀၀၀ ကျော်ရှိတဲ့ အဖိုးလေး နာမည်နဲ့တယ်လီဂရမ်ချန်နယ်ကလည်း အထက်ပါဖြစ်စဥ်မှာ ဗိုလ်ချုပ်ကြီး ဘောကျော်ဟဲ အပါအဝင် တပ်ဖွဲ့ဝင်လေးဆယ်ကျော် ထိခိုက်သေဆုံးတယ်လို့ ဖြန့်ချိထားပါတယ်။

ဖြန့်ချိချက်လင့်ခ် – https://archive.ph/5S3Xf

အလားတူ ဆက်စပ်သတင်းအမှားအနေနဲ့ Subscriber ၁၀၀၀ ကျော် ကနေ တစ်သိန်းကျော်အထိရှိတဲ့ Nwaymaung News နဲ့ Thazin Oo စတဲ့ တယ်လီဂရမ်ချန်နယ်တွေကလည်း ပုံစံတူဖြန့်ချိကြပါတယ်။

Nwaymaung News ချန်နယ် ဖြန့်ချိချက်လင့်ခ် – https://archive.ph/eNvnE

Thazin Oo ချန်နယ် ဖြန့်ချိချက်လင့်ခ် -https://archive.ph/e0CeG

◾စာသင်ကျောင်းကို စစ်အာဏာရှင်တပ် လေကြောင်းဗုံးကြဲ

ကျသောင်းဆိပ် (ယိုကလား) ကျေးရွာအုပ်စုကို စက်တင်ဘာ ၁၉ ရက် ညပိုင်းမှာ စစ်အာဏာရှင်တပ်က ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး သုံးလုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေကို ကိုးကားပြီး KIC သတင်းဌာနက သတင်း ဖော်ပြခဲ့ပါတယ်။

တိုက်ခိုက်ခံရမှုကြောင့် ရွာစာသင်ကျောင်း နှစ်ကျောင်း ထိခိုက်ပျက်စီးသွားတယ်လို့ ကနဦးဖော်ပြခဲ့ပါတယ်။ ကျသောင်းဆိပ်ရွာဟာ KNU တပ်မဟာ(၁) ၊ သထုံ/ဒူးသထူခရိုင်ထဲ ပါဝင်ပါတယ်။

KIC သတင်းလင့်ခ် – https://shorturl.at/rmih9

ကျသောင်းဆိပ်ရွာ လေကြောင်းတိုက်ခိုက်ခံရမှုမှာ စာသင်ကျောင်းနဲ့ နေအိမ် ၄၀ ကျော် ပျက်စီးတယ်လို့ KNU ရဲ့ သတင်းထုတ်ပြန်ချက်နဲ့ ဒေသခံတွေကို ကိုကားပြီး Dawei Watch ကလည်း သတင်းဖော်ပြထားပါတယ်။

Dawei Watch သတင်းလင့်ခ် – https://shorturl.at/WqSjr

မွန်အခြေစိုက် သတင်းဌာနတစ်ခုဖြစ်တဲ့ သံလွင်တိုင်မ်းကလည်း “ဘီးလင်း ကြသောင်းဆိပ်ရွာ ဗုံးကြဲခံရလို့ စာသင်ကျောင်းနဲ့ နေအိမ် ၄၀ နီးပါး ပျက်စီး” ဆိုတဲ့ခေါင်းစဥ်နဲ့ သတင်းဖော်ပြထားပါတယ် ။

သံလွင်တိုင်းမ် သတင်းလင့်ခ် – https://shorturl.at/yLItW

ကျသောင်းဆိပ်ရွာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် စာသင်ကျောင်းနဲ့ လူနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တဲ့အကြောင်းကို KNU ဗဟိုက မြန်မာ၊ကရင်၊ အင်္ဂလိပ် သုံးဘာသာနဲ့ သတင်းထုတ်ပြန်ထားပါတယ် ။

ထုတ်ပြန်ချက် လင့်ခ် – https://shorturl.at/z5irk

◾ တော်လှန်ရေးတပ်နေရာမဟုတ် ၊ စာသင်ကျောင်းသာဖြစ်

စစ်အာဏာရှင်တပ်က ဦးတည်လေကြောင်း တိုက်ခိုက်ခဲ့တဲ့နေရာဟာ တော်လှန်ရေးတပ်တွေ ခိုလှုံနေတဲ့နေရာမဟုတ်ဘဲ စာသင်ကျောင်းသာဖြစ်ပြီး ကျန်ထိခိုက်ခဲ့တဲ့နေအိမ်တွေဟာလည်း ရွာသားတွေရဲ့ နေအိမ်တွေ ဖြစ်တယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

လေကြောင်းတိုက်ခိုက်ခံရပြီးနောက် မြင်ရတဲ့ စာသင်ကျောင်းရဲ့ မြင်ကွင်း အသေးစိတ်ကို Karen Human Rights Group (KHRG) က ဓာတ်ပုံတွေနဲ့ မှတ်တမ်းတင်ဖော်ပြထားပါတယ်။ အဲဒီဓာတ်ပုံ အထောက်အထားတွေအရ တော်လှန်ရေး တပ်ဖွဲ့တွေ ခိုလှုံထားတဲ့ ဘန်ကာ၊ စစ်ဝတ်စုံ၊ စစ်လက်နက် စတဲ့ စစ်ရေးဆိုင်ရာ အထောက်အထားတွေ မတွေ့ရဘဲ စာသင်ခန်း ၊ စာသင်ခုံ၊ သင်ထောက်ကူစတဲ့ ပညာရေးဆိုင်ရာ ပစ္စည်းတွေကိုသာ တွေ့ရှိရပါတယ်။

KHRG ရဲ့ မှတ်တမ်းလင့်ခ် – https://shorturl.at/MoCIQ

ဒါ့အပြင် ဒေသခံတွေ ဆက်သွယ်မေးမြန်းကြည့်ရာမှာလည်း ဗုံးကြဲခံရတဲ့နေရာဟာ တော်လှန်ရေးတပ်စခန်း မဟုတ်ဘဲ Karen Education and Culture Department (KECD) ရဲ့ ကွပ်ကဲမှုအောက်က စာသင်ကျောင်းသာ ဖြစ်တယ်လို့ ပြောဆိုကြပါတယ်။

“ယိုကလား(ကျသောင်းဆိပ်) စာသင်ကျောင်းတွေက KECD ကျောင်းတွေပါပဲ။ ကျောင်းကို ဗုံးကြဲတိုက်ခိုက်ခံရပြီးတဲ့ နောက်မှာ အခုတော့ ကျောင်းလည်းပိတ်ထားရတယ်၊ စာသင်ကျောင်းတွေလည်း အကုန်ပျက်စီးကုန်ပြီပေါ့နော်။ အခုတော့ အနီးအနားက ရွာတွေတော်တော်များများမှာ ကျောင်းမဖွင့်ရဲတော့ဘူး။ ဒါပေမဲ့ ကလေးတွေ စာတွေနောက်မကျသွားအောင် လုံခြုံတဲ့နေရာတွေမှာပဲ စုပြီးစာသင်နေကြရပါတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဗုံးကြဲခံလိုက်ရတဲ့ ကျသောင်းဆိပ်ရွာမှာ စက်တင်ဘာလအတွင်း နှစ်ဖက် ထိတွေ့ပစ်ခတ်မှု တစ်စုံတစ်ရာ မရှိခဲ့ဘဲ လေကြောင်းတိုက်ခိုက်ခံရတာလို့ဒေသခံတွေက ပြောကြပါတယ်။

စစ်အာဏာရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာ ခံရတဲ့နေရာတွေကို အတည်ပြုမှတ်တမ်းတင်နေတဲ့ Myanmar Witness ကလည်း ကျသောင်းဆိပ်ရွာမှာ လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့နေရာဟာ ကျေးရွာစာသင်ကျောင်း ဖြစ်တယ်လို့ အတည်ပြုထားပါတယ်။

Myanmar Witness ရဲ့ အတည်ပြုချက်လင့်ခ် – https://shorturl.asia/ciktrj

◾ လေကြောင်းတိုက်ခိုက်ခံရမှုမှာ ထိခိုက်သူမရှိ

ကျသောင်းဆိပ်ရွာ လေကြောင်းတိုက်ခိုက်ခံရမှုမှာ အဆောက်အအုံ ထိခိုက်တာ များခဲ့ပေမဲ့ လူထိခိုက်တာ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

နေအိမ်ထိခိုက်မှုတွေဟာ ဗုံးသီး အစစင်ထိခိုက်ခဲ့တာဖြစ်ပြီး လူထိခိုက်သေဆုံးမှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။

KNLA စစ်ဦးစီးချုပ် အပါအဝင် တပ်မဟာ ၅ နယ်မြေက တော်လှန်ရေးတပ်ဖွဲ့အဝင်အများအပြား လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ထိခိုက် သေဆုံးတယ်လို့ တယ်လီဂရမ်ချန်တွေရဲ့ ဖြန့်ချိချက်နဲ့ပတ်သက်ပြီး KNU တပ်မဟာ (၅) ပြောခွင့်ရ ပဒိုစောထို့ရော်ဘင် ကို ဆက်သွယ်မေးမြန်းရာ သတင်းအမှား ဖြစ်တယ်လို့ပြောဆိုပါတယ်။

“ဟုတ်လည်း မဟုတ်ဘူး။ အလားအလာလည်း မရှိဘူး။ ဖြစ်စဥ်နေရာကလည်း တခြားစီပဲ။ ရန်သူကတော့ တအားဝါဒဖြန့်နေတာပဲ၊ ဘာမှမဟုတ်တဲ့ကိစ္စကြီးကို။ ဒီမှာတော့ အဲဒီလိုမကြားဘူး။ လက်တွေ့မှာလည်း ဖြစ်တာမရှိဘူး” လို့ အထက်ပါပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။

ဒါကြောင့် ကျသောင်းဆိပ်ရွာ လေကြောင်းတိုက်ခိုက်ခံရမှုမှာ KNLA စစ်ဦးစီးချုပ် အပါအဝင် တော်လှန်ရေးတပ်ဖွဲ့ဝင် အများအပြားထိခိုက် သေဆုံးတယ်ဆိုတာက သတင်းအမှားဖြစ်ကြောင်း စိစစ်တွေ့ရှိရပါတယ် ။

◾စိစစ်တွေ့ရှိ သုံးသပ်ချက်

စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျသောင်းဆိပ်ရွာ စာသင်ကျောင်းနဲ့ လူနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ပေမယ့် KNLA စစ်ဦးစီးချုပ် အပါအဝင် တော်လှန်ရေးတပ်ဖွဲ့ဝင် အများအပြားထိခိုက် သေဆုံးတယ် ဆိုတာကတော့ သတင်းအမှားဖြစ်တာကို စိစစ်တွေ့ရပါတယ်။

စစ်အာဏာရှင်တပ်ဟာ ကလေးသူငယ်တွေ ပညာသင်ကြားတဲ့ အရပ်ဖက်အဆောက်အအုံ စာသင်ကျောင်းကို ပစ်မှတ်တိုက်ခိုက်ခဲ့တဲ့ အပြစ်ကို ဖုံးကွယ်ဖို့အတွက် KNU နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို တိုက်ခိုက်ခဲ့သယောင် အချိန်ကို သတင်းအမှား ဖြန့်ချိခဲ့တာဖြစ်တယ်လို့ သုံးသပ်ရပါတယ်။

အလားတူ အခုနှစ် မေလကလည်း တနင်္သာရီမြို့နယ် တကူရွာစာသင်ကျောင်းကို ဗုံးကြဲမှုမှာလည်း PDF တွေ နေထိုင်လို့ဆိုပြီး ပုံမှားရိုက်သတင်းအမှားဖြန့်ခဲ့တာကို Dawei Watch က အချက်အလက်စိစစ် ထားပါတယ်။

အချက်အလက်စိစစ်ထားတဲ့ လင့်ခ် – https://www.daweiwatch.com/18/05/2026/130863/

ဒါ့အပြင် KNU တပ်မဟာ ၅ ပြောခွင့်ရသူ ဒုဗိုလ်မှူးကြီး စောကလယ်ဒို ကျန်းမာရေးမကောင်းဖြစ်ကာ ကွယ်လွန်တုန်းကလည်း ဗုံးထိမှန်သေဆုံးတယ်ဆိုပြီး စစ်အုပ်စုဝါဒဖြန့်သူတွေက သတင်းအမှားလွှင့်ခဲ့တာကို KIC နဲ့ Dawei Watch က ပူးပေါင်းပြီး အချက်အလက်စိစစ်ခဲ့ပါတယ်။

အချက်အလက်စိစစ်ထားတဲ့ လင့်ခ် – https://www.daweiwatch.com/11/05/2026/130447/

စာဖတ်သူတွေအနေနဲ့ သတင်းတု၊ သတင်းမှားတွေ၊ စစ်ဆေးပေးစေလိုတဲ့ သံသယဖြစ်ဖွယ် သတင်းအချက်အလက်တွေ ရှိလာရင်ဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ် မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ် Myanmar Fact Checking Network နဲ့ Myanmar Fact Checking Network အဖွဲ့ဝင်တွေ ဖြစ်တဲ့ KIC နဲ့ Dawei Watch တို့ရဲ့ မက်ဆင်ဂျာကနေတစ်ဆင့် ဆက်သွယ်ပြီး အချက်အလက်စစ်ဆေးပေးဖို့ အကူအညီတောင်းနိုင်ပါတယ်။

Myanmar Fact-Checking Network အဖွဲ့ဝင်တွေရဲ့ အချက်အလက် စစ်ဆေးထားတဲ့ သတင်းတွေကိုလည်း အောက်မှာဖော်ပြထားတဲ့ လင့်တွေမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Web- https://myanmarfactcheckingnetwork.org/

Fb- https://www.facebook.com/myanmarfactcheckingnetwork