Home သတင်း နိုင်ငံတကာ စစ်ဘက်ဆိုင်ရာ သဘောတူစာချုပ်များတွင် ပါဝင်လက်မှတ်ထိုးနိုင်ရေး KNDF ကြိုးပမ်းမည်

နိုင်ငံတကာ စစ်ဘက်ဆိုင်ရာ သဘောတူစာချုပ်များတွင် ပါဝင်လက်မှတ်ထိုးနိုင်ရေး KNDF ကြိုးပမ်းမည်

13
Photo: KNDF

စက်တင်ဘာ (၃) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

နိုင်ငံတကာ စစ်ဘက်ဆိုင်ရာ သဘောတူစာချုပ်များတွင် ပါဝင်လက်မှတ်ထိုးနိုင်ရေး လက်တွေ့ကျကျ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) က ယမန်နေ့ ( စက်တင်ဘာလ ၂ ရက်) တွင် ထုတ်ပြန်ခဲ့သည့် ပထမအကြိမ် ညီလာခံအပြီး အစီရင်ခံစာ၌ ဖော်ပြသည်။

ကရင်နီပြည် တစ်နေရာ၌ ဩဂုတ်လ (၂၈) ရက်မှ (၂၉) ရက်အထိ ကျင်းပပြုလုပ်ခဲ့သည့် အဆိုပါ ညီလာခံတွင် KNDF ၏ နိုင်ငံရေးရည်မှန်းချက်ဖြစ်သည့် Bottom-Up Federalism မူအတိုင်း အနာဂတ်နိုင်ငံရေးလုပ်ငန်းစဉ်များကို ဆက်လက်ဖော်ဆောင်သွားမည့်နေရာတွင် ထိုသို့ထည့်သွင်းထားခြင်းဖြစ်သည်။

KNDF အနေဖြင့် မူဝါဒနှင့်စစ်ဥပဒေများကို နိုင်ငံတကာက လက်ခံယုံကြည်နိုင်သည်အထိ လုပ်ဆောင်သွားမည်ဖြစ်သလို နိုင်ငံတကာ၏စစ်ဘက် ဆိုင်ရာစာချုပ်များတွင် ပါဝင်လက်မှတ်ရေးထိုးနိုင်ရန်လည်း ကြိုးပမ်းသွားမည်ဟု အစီရင်ခံစာတွင် ဆိုသည်။

ယင်းကြောင့် စစ်ဘက်ဆိုင်ရာကျင့်သုံးလုပ်ဆောင်နေမှုများကို နိုင်ငံတကာက စောင့်ကြည့်အကဲဖြတ်နိုင်ရန် ခွင့်ပြုသွားမည်ဖြစ်ပြီး ကရင်နီပြည်တွင်လည်း အစိုးရနှင့်ပြည်နယ်တပ် တစ်ခုတည်းဖြစ်ရေးကိုလည်း ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် နိုင်ငံရေးရည်မှန်းချက်မရှိသည့် လက်နက်ကိုင်တော်လှန်ရေးသည် အောင်မြင်မှုရရှိနိုင်မည်မဟုတ်ကြောင်း KNDF ၏ ညီလာခံအစီရင်ခံစာက ဖော်ပြသည်။ ယင်းကြောင့် ဖက်ဒရယ်ဒီမိုကရေစီစနစ် ဖော်ဆောင်ရေး၊ လူ့အခွင့်အရေးကာကွယ်ရေး၊ လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးနှင့် လက်နက်ဖျက်သိမ်းရေး (SSR/DDR) လုပ်ငန်းစဉ်များကို ဆက်လက်အကောင်အထည်ဖော်သွားမည်ဟု ဆိုသည်။

Photo: KNDF

ထို့အတူ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) နှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) တို့နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံတစ်ဝန်းရှိ တော်လှန်ရေးအဖွဲ့များနှင့် ညှိနှိုင်းကာ နိုင်ငံရေးလုပ်ငန်းစဉ်များတွင် ဒေသန္တရအုပ်ချုပ်ရေးအာဏာ (SRA) စနစ် ဖော်ဆောင်သွားရန် ရည်ရွယ်ထားကြောင်းလည်း အစီရင်ခံစာအရ သိရသည်။

၎င်းအပြင် အနာဂတ်တွင် ဒေသခံပြည်သူများအပေါ် တာဝန်ခံမှုရှိပြီး ပွင့်လင်းမြင်သာသည့် အုပ်ချုပ်ရေးစနစ်များ တည်ဆောက်သွားမည်ဖြစ်၍ KNDF ၏ လုပ်ဆောင်ချက်များကို နိုင်ငံတကာစံနှုန်းများနှင့်အညီ ဆောင်ရွက်ပြီး စောင့်ကြည့်အစီရင်ခံမှုများ ပြုလုပ်သွားမည်ဟု ဆိုသည်။

ဦးစားပေးအနေဖြင့် စစ်ဘက်ဆိုင်ရာ စည်းကမ်းများကို တင်းကျပ်စွာ လိုက်နာရေးနှင့် တပ်ဖွဲ့၏ လုပ်ဆောင်ချက်များကြောင့် ပြည်သူလူထု ထိခိုက်နစ်နာမှု မရှိစေရေး လုပ်ဆောင်မည်ဖြစ်ကြောင်းလည်း KNDF က အသိပေးထားသည်။

နှစ်ရက်တာ ကျင်းပခဲ့သည့် ညီလာခံသို့ ဗဟိုကော်မတီဝင်များ၊ စစ်ဒေသမှူးများ၊ ဌာနမှူးများ၊ တပ်ရင်းမှူးများနှင့် တပ်ဖွဲ့ဝင်များအပါအဝင် အမျိုးသား ၉၀ ဦး၊ အမျိုးသမီး ၁၅ ဦး စုစုပေါင်း ၁၀၅ ဦး တက်ရောက်ခဲ့ကြသည်။ ညီလာခံတွင် ဦးဆောင်ကော်မတီအသစ်ကို ရွေးချယ် တင်မြှောက်ခဲ့သည့်အပြင် အနာဂတ်နိုင်ငံရေးရပ်တည်ချက်များကိုလည်း အတည်ပြုချမှတ်ခဲ့ကြောင်း အစီရင်ခံစာအရ သိရသည်။

KNDF သည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ကရင်နီပြည်နယ်အတွင်း စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးနှင့် ဒေသတွင်းကာကွယ်ရေးလုပ်ငန်းများတွင် အဓိက ပါဝင်နေသည့် တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့တစ်ခု ဖြစ်သည်။

Photo: KNDF