Home သတင်း ထားဝယ်အထူးစီးပွားရေးဇုန်အနီး စစ်အုပ်စုက အရပ်သားများကိုသတ်ဖြတ်မှု အထောက်အထားသစ် Fortify Rights ထုတ်ပြန်

ထားဝယ်အထူးစီးပွားရေးဇုန်အနီး စစ်အုပ်စုက အရပ်သားများကိုသတ်ဖြတ်မှု အထောက်အထားသစ် Fortify Rights ထုတ်ပြန်

15
Photo: Fortify Rights

စက်တင်ဘာ (၃) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ထားဝယ်အထူးစီးပွားရေးဇုန်(SEZ)အနီးတွင် စစ်အုပ်စုက လူသားချင်းစာနာမှုအကူအညီပေးသူ (၃)ဦးအပါအဝင် အရပ်သား(၅)ဦးထက်မနည်းကို သတ်ဖြတ်ခဲ့သော ခိုင်လုံသည့်သက်သေအထောက်အထားသစ်များကို နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့- Fortify Rights က ဩဂုတ်လ(၃၁)ရက်နေ့တွင် ထုတ်ပြန်သည်။

ဇူလိုင်လအတွင်း ရေဖြူမြို့နယ်သို့ဝင်ရောက်လာသောစစ်အုပ်စုစစ်ကြောင်းသည် ခရီးသည်တင်ယာဥ်တစ်စီးကိုတားဆီး၍ ယာဥ်ပေါ်ပါ The Ants လူသားချင်းစာနာရေးအဖွဲ့မှ အဖွဲ့ဝင် (၃)ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ၎င်းတို့စစ်ကြောင်းဝင်ရာ လမ်းတစ်လျှောက်ရှိ ကျေးရွာများတွင်လည်း သေဆုံးနေသည့် ကျန်းမာရေးလုပ်သား(၁)ဦးအပါအဝင် ဒေသခံရုပ်အလောင်းများကိုပါ တွေ့ရှိခဲ့ရကြောင်း Fortify Rights ကဖော်ပြသည်။

စစ်အုပ်စု၏အဆိုပါလုပ်ရပ်အပေါ် Fortify Rights အနေဖြင့် ဖမ်းဆီးခံရမှုမှလွတ်မြောက်လာသူ The Ants အဖွဲ့ဝင် အပါအဝင် ဒေသခံများကိုမေးမြန်းချက်နှင့်တကွ သေဆုံးသူတို့၏ရုပ်အလောင်း ဓာတ်ပုံမှတ်တမ်းများကိုပါ သက်သေအတည်ပြုနိုင်ခဲ့သည်ဟု သိရသည်။

“ကျနော်ကိုယ်တိုင် အလောင်းတွေကို မြင်ခဲ့တာ။ သူတို့ လည်ပင်းတွေ အလှီးခံထားရတယ်။ မျက်နှာတွေကလည်း ရိုက်ခံထားရလို့ ကြေမွနေတာပဲ။ သူတို့အဝတ်အစားတွေကို ကြည့်ပြီးတော့ပဲ ဘယ်သူဘယ်ဝါဆိုတာ ခွဲခြားနိုင်ခဲ့တာ” ဟု ဒေသခံတစ်ဦး ပြောပြချက်ကို Fortify Rights က ဖော်ပြသည်။

ထို့အပြင် စစ်အုပ်စုက ရေဖြူမြို့နယ်အတွင်း အရပ်သားပြည်သူပိုင်နေအိမ်(၁၀)လုံးထက်မနည်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများ ရရှိထားသလို လက်ရှိအချိန်ထိ စစ်အုပ်စုစစ်ကြောင်းရှိနေခြင်းကြောင့် သေဆုံးသူဒီထက်ပိုနိုင်သော်လည်း အတည်ပြု၍မရသေးဟု ဆိုသည်။
Photo: Fortify Rights
အရပ်သားများတိုက်ခိုက်ခံရချိန်တွင် ထိုဒေသတစ်ဝိုက် တော်လှန်ရေးတပ်ဖွဲ့များရှိမနေသလို စစ်ရေးဆိုင်ရာပစ်မှတ်ဖြစ်နိုင်သည့် သက်သေအထောက်အထားလည်း မရှိကြောင်း Fortify Rights က အတည်ပြုထားသည်။

Fortify Rights ၏ ပြန်ကြားရေးအထူးတာဝန်ခံ မဝင်းထားက “စစ်အုပ်စုက ရုရှားကုမ္ပဏီတွေစိတ်ကျေနပ်ဖို့နဲ့ နိုင်ငံခြားငွေရဖို့ အရပ်သားတွေကိုရက်ရက်စက်စက်သတ်ဖြတ်ပြီးတော့ နယ်မြေရှင်းလင်းနေတာပါ။ နိုင်ငံတကာရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ကတော့ ဒီစီမံကိန်းမှာပူးပေါင်းပါဝင်ရင် စစ်အုပ်စုရဲ့စစ်ရာဇဝတ်မှုမှာ ပူးပေါင်းပါဝင်နေတာနဲ့အတူတူပါပဲ” ဟု ကေအိုင်စီကို ပြောသည်။

စစ်အုပ်စု၏ ထားဝယ်အထူးစီးပွားရေးဇုန်အနီး နယ်မြေရှင်းလင်းစစ်ဆင်ရေးသည် သြဂုတ်လအတွင်း ရုရှားနှင့် အာဏာသိမ်းသမ္မတ မင်းအောင်လှိုင် တွေ့ဆုံပြီး နှစ်နိုင်ငံ ကဏ္ဍစုံပူးပေါင်းရေး သဘောတူညီချက်များ လက်မှတ်ရေးထိုး၊ တွေ့ဆုံချိန်နှင့်အပြိုင် ဖြစ်ပေါ်ခဲ့ခြင်းရှိသည်။

ထို့အပြင် ရုရှားသမ္မတ အပါအဝင် တွေ့ဆုံပွဲတွင် ပါဝင်သူအများစုမှာ ယူကရိန်းစစ်ပွဲ စစ်ရာဇဝတ်မှုဖြင့် ICC ဖမ်းဝရမ်းထုတ်ခံရသူများဖြစ်သလို မင်းအောင်လှိုင်ကိုယ်တိုင်လည်း ICC ဖမ်းဝရမ်း တောင်းဆိုခံနေရသူဖြစ်၍ စီမံကိန်းဇုန်အနီး စစ်ရာဇဝတ်မှုကျုးလွန်ခြင်းအပေါ် စစ်အုပ်စုနှင့်အကျိုးတူပူးပေါင်းထားသည့် ရင်းနှီးမြှုပ်နှံသူများအတွက် သတိပေးချက်ဖြစ်သည်ဟု Fortify Rights က ထောက်ပြသည်။

ထားဝယ်အထူးစီးပွားရေးဇုန်-SEZ သည် ရေဖြူနှင့် ထားဝယ်မြို့နယ်များတွင် တည်ရှိပြီး ၂၀၀၈ ခုနှစ်က ထိုင်း-မြန်မာအစိုးရများ ပူးပေါင်း၍ စတင်ခဲ့သော်လည်း ၂၀၁၃ ခုနှစ်တွင် ရပ်ဆိုင်းသွားခဲ့သည်။ ၂၀၂၅ ဖေဖော်ဝါရီတွင် မြန်မာစစ်အုပ်စုနှင့် ရုရှားတို့က SEZ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ MOU လက်မှတ်ရေးထိုးခဲ့ပြီး စီမံကိန်းတွင် ရေနံချက်စက်ရုံနှင့် အခြားအခြေခံအဆောက်အအုံများ ပါဝင်ကြောင်းလည်း သိရသည်။