စက်တင်ဘာ (၁၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
လူမျိုးပေါင်းစုံမျိုးဆက်များ သွေးစည်းညီညွတ်သော မဟာမိတ်အင်အားစု (GSCN) သည် တော်လှန်ရေးအင်အားစုများအကြား ပေါင်းကူးညှိနှိုင်းပေးရေး (Coordination Body) အဖွဲ့တစ်ခုအဖြစ် ရပ်တည်ရန် ဆုံးဖြတ်ချက်ချခဲ့ကြောင်း စက်တင်ဘာလ (၁၀) ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လက အွန်လိုင်းနှင့်မြေပြင် ပေါင်းစပ်ပြုလုပ်သည့် GSCN ၏ (၃)ရက်တာ တတိယအကြိမ် ညီလာခံတွင် နိုင်ငံရေးရည်မှန်းချက်များကို အကောင်အထည်ဖော်ရန် မဟာဗျူဟာမျှော်မှန်းချက်အနေဖြင့် ပေါင်းကူးညှိနှိုင်းပေးရေးအဖွဲ့အဖြစ် ရပ်တည်မည်ဟု GSCN က ထည့်သွင်းဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ထိုမျှော်မှန်းချက်များကို ထိရောက်စွာလုပ်ဆောင်နိုင်မည့် လုပ်ငန်းစဥ်များကိုလည်း ညီလာခံတွင်ရေးဆွဲထားသည့် နိုင်ငံရေးသုံးသပ်ချက်စာတမ်းအပေါ် အခြေခံ၍ ချမှတ်နိုင်ခဲ့သည်ဟု GSCN က ဆိုသည်။
ထို့အပြင် ယခုတတိယအကြိမ်ညီလာခံတွင် GSCN ၏ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်(၂)ဦးပါသည့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်(၅) ဦးကို ရွေးချယ်ခဲ့သလို လူမျိုးစုအသီးသီး၏ ကိုယ်စားလှယ်များပါဝင်သော ဗဟိုကော်မတီအသစ်ကိုလည်း ပြန်လည်ရွေးချယ်ဖွဲ့စည်းခဲ့ကြကြောင်း သိရသည်။
တတိယအကြိမ် GSCN ညီလာခံကို လူမျိုးစု ၁၇ စုမှ ကိုယ်စားလှယ်များနှင့် လေ့လာသူ စုစုပေါင်း (၄၇) ဦး ပါဝင်တက်ရောက်ကြသဖြင့် ညီလာခံကျင်းပမှု အထမြောက်အောင်မြင်ခဲ့သည်ဟုလည်း ထုတ်ပြန်ချက်က ဖော်ပြသည်။
GSCN ကို လူမျိုးပေါင်းစုံပါဝင်မှုဖြင့် အာဏာရှင်စနစ် အမြစ်ဖြတ်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေး၊ မတရားဖမ်းဆီးခံရသူများ လွတ်မြောက်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁) ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


















