Home သတင်း စုံ/မ စနစ် ပယ်ဖျက်သော်လည်း QR စနစ်ဖြင့် ဆီဝယ်ယူရမှု ပြည်သူများ အခက်တွေ့နေဆဲ

စုံ/မ စနစ် ပယ်ဖျက်သော်လည်း QR စနစ်ဖြင့် ဆီဝယ်ယူရမှု ပြည်သူများ အခက်တွေ့နေဆဲ

16
Photo: Social Media

စက်တင်ဘာ (၁၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

မော်တော်ယာဉ်များ စုံရက်၊ မရက် ခွဲခြားမောင်းနှင်ရသည့် စနစ်ကို စက်တင်ဘာလ (၉) ရက်နေ့မှစ၍ စစ်အုပ်စုက ပယ်ဖျက်လိုက်သော်လည်း စက်သုံးဆီဝယ်ယူရာတွင် QR Code ဖြင့် ခွဲတမ်းစနစ်အတိုင်း ဝယ်ယူနေရသဖြင့် ပြည်သူများ အခက်အခဲကြုံတွေ့နေရဆဲ ဖြစ်ကြောင်း သိရသည်။

အရှေ့အလယ်ပိုင်း စစ်ရေးပဋိပက္ခကြောင့် စက်သုံးဆီချွေတာရန် ဟုဆိုကာ ပြီးခဲ့သည့် မတ်လ (၇) ရက်နေ့မှစ၍ စုံ/မ စနစ်ဖြင့် ယာဉ်များ မောင်းနှင်ရန် စစ်အုပ်စုက ကန့်သတ်ခဲ့ခြင်းဖြစ်သည်။ လက်ရှိ တွင် စက်သုံးဆီသုံးစွဲမှု ပုံမှန်အတိုင်း ပြန်လည်တည်ငြိမ်လာပြီဖြစ်သဖြင့် ကန့်သတ်ချက်ကို ပယ်ဖျက်လိုက်ကြောင်း စစ်အုပ်စု က ယမန်နေ့တွင် ထုတ်ပြန်သည်။

သို့ရာတွင် စက်သုံးဆီဖြည့်တင်းရာ၌ QR Code ဖြင့် စုံ/မ ခွဲခြားဝယ်ယူရသည့် စနစ်ကို ဆက်လက်ကျင့်သုံးနေသောကြောင့် အထူးသဖြင့် လိုင်စင်မဲ့မော်တော်ယာဥ်များ ဆီဝယ်ယူရာတွင် အခက်အခဲရှိနေဆဲဖြစ်သည်ဟု ဖားအံမြို့ခံများက ပြောသည်။

“QR Code စနစ်ဆိုတာလည်း လိုင်စင်ရှိတဲ့ယာဉ်တွေကိုပဲ ပေးတာပါ။ တစ်ပတ်ကို ၈ လီတာ ပေးတယ်ဆိုပေမယ့် နှစ်ခါပဲ ထည့်လို့ရတယ်။ လိုင်စင်မရှိတဲ့သူတွေနဲ့ မလောက်တဲ့သူတွေက အပြင်မှာပဲ ဈေးကြီးပေးဝယ်နေရတယ်။ ဆီဆိုင်တွေကလည်း မနက်ပိုင်း အချိန်ခဏပဲ ဖွင့်တာဆိုတော့ သွားတန်းစီရတုန်းပဲ” ဟု ဖားအံမြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါ QR Code စနစ်မှာ သတ်မှတ်ထားသည့် ဆီခွဲတမ်းအပြည့်အဝ မရရှိသည့်အပြင် ဆီဆိုင်များတွင်လည်း သတ်မှတ်ချိန်အတွင်းသာ ရောင်းချသည်။ ထို့ကြောင့် လိုအပ်သည့် စက်သုံးဆီပမာဏ ရရှိရန် အပြင်ဈေးကွက်ကို အားထားဝယ်ယူသုံးစွဲနေရသည်ဟု အဆိုပါ မြို့ခံအမျိုးသမီးက ဖြည့်စွက်ပြောသည်။

လက်ရှိ ဆီဆိုင်ကြီးများတွင် စက်သုံးဆီဈေးနှုန်းမှာ တစ်လီတာလျှင် ကျပ်ငွေ ၃,၀၀၀ ကျော်သာ ရှိသော်လည်း ပြင်ပဆိုင်များတွင် ကျပ် ၁၀,၀၀၀ နီးပါး အထိ ပေးဝယ်နေရခြင်းရှိသည်။ ထို့အပြင် ဈေးကြီးကြီး စက်သုံးဆီအား အကန့်အသတ်ဖြင့်သာရရှိနိုင်၍ တန်းစီစောင့်ဆိုင်း ဝယ်ယူနေရဆဲဖြစ်ကြောင်းလည်း ကရင်ပြည်နယ်သတင်းအရင်းအမြစ်များမှ သိရသည်။