Home သတင်း KNPF သည် တစ်မျိုးသားလုံး၏ နိုင်ငံရေးဆန္ဒနှင့် ရည်မှန်းချက်များ ဖြည့်ဆည်းပေးရန် တာဝန်ရှိကြောင်း KNU ပြော

KNPF သည် တစ်မျိုးသားလုံး၏ နိုင်ငံရေးဆန္ဒနှင့် ရည်မှန်းချက်များ ဖြည့်ဆည်းပေးရန် တာဝန်ရှိကြောင်း KNU ပြော

17

စက်တင်ဘာ ၉ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားရဲတပ်ဖွဲ့ (KNPF) သည် ကရင်တစ်မျိုးသားလုံး၏ နိုင်ငံရေးဆန္ဒနှင့် နိုင်ငံရေး ရည်မှန်း ချက်များကို ဖြည့်ဆည်းပေးရန် ကြီးမားသည့် တာဝန်ရှိကြောင်း ကေအဲန်ယူ – ကရင်အမျိုး သားအစည်းအရုံးက ပြောဆိုလိုက်သည်။

ယနေ့ စက်တင်ဘာလ (၉) ရက်နေ့တွင် ကျရောက်သည့် (၃၅) ကြိမ်မြောက် ကရင်အမျိုး သားရဲတပ်ဖွဲ့နေ့အတွက် ပေးပို့သော ကေအဲန်ယူ၏ သဝဏ်လွှာ၌ ထိုသို့ ဖော်ပြထားခြင်းဖြစ်သည်။

ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်များ ကာကွယ်ရန်နှင့် တရားဥပဒေစိုးမိုးရေး အကောင် အထည်ဖော်ရာတွင် ပြည်သူများအနေဖြင့် လုံခြုံရေးဆိုင်ရာ တာဝန်များကို KNPF နှင့် ပူးပေါင်းပါဝင် ပံ့ပိုးပေးရန် အလွန်အရေးကြီးကြောင်း ကေအဲန်ယူက ဆိုသည်။

ထို့ကြောင့် KNPF အနေဖြင့် ပြည်သူလူထများ၏ ယုံကြည်မှုနှင့် အားထားမှုရှိရန်မှာ အဓိက ကျပြီး ပြည်သူလူထုယုံကြည်မှုမရှိပါက ပူးပေါင်းဆောင်ရွက်မှုရှိမည်မဟုတ်ဘဲ တရားဥပဒေစိုးမိုးမှုမရှိခြင်းနှင့် ပြည်သူလူထုများ၏ လုံခြုံရေးအားမခံချက်များလည်း ရှိနိုင်မည်မဟုတ်ကြောင်း ကေအဲန်ယူက အသိပေးထားသည်။

ထို့အပြင် KNU အနေဖြင့် အွန်လိုင်း ငွေကြေးလိမ်လည်မှု၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှု၊ နယ်စပ်ဖြတ် ကျော် ရာဇဝတ်မှုများနှင့် လူကုန်ကူးမှုများကို လုံးဝလက်မခံသည့်အတွက် KNPF အနေဖြင့် မိခင်အစည်းအရုံး၏ ရာဇဝတ်မှု/တရားမမှုဆိုင်ရာ ဥပဒေများနှင့် အမှုစစ်ဆေးခြင်း လုပ်ထုံး လုပ်နည်းများကို ကောင်းစွာ နားလည်သဘောပေါက်ရန် လိုအပ်သည်ဟု သဝဏ်လွှာတွင် ဖော်ပြပါရှိသည်။

ဆက်လက်၍ မိခင်အဖွဲ့အစည်း၏ အခြေခံဥပဒေ၊ ဖက်ဒရယ်ဒီမိုကရေစီဆိုင်ရာ နိုင်ငံရေး ရည်မှန်း ချက်များနှင့် သက်ဆိုင်သည့် လုံခြုံရေးမူဝါဒများကို KNPF ခေါင်းဆောင်များက လေ့လာသင်ယူပြီး လုပ်ဖော်ကိုင်ဖက်များထံ အသိပညာ ပြန်လည်မျှဝေရန် ကေအဲန်ယူက တိုက်တွန်းထားသည်။

စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲ ကြိုးပမ်းမှုသည် နိုင်ငံအတွင်း ပဋိပက္ခများကို မဖြေရှင်းနိုင်ဘဲ ပိုမိုကြီးထွားစေကာ ပြည်သူများအတွက် ဘေးအန္တရာယ် ပိုမိုဖြစ်ပေါ်စေနိုင်သဖြင့် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် မိခင်အဖွဲ့အစည်း၏ မူဝါဒများနှင့်အညီ ပူးပေါင်းဆောင်ရွက်ကြရန်လည်း မေတ္တာရပ်ခံထားသည်။

တစ်ဆက်တည်းတွင် KNU သည် Geneva Call ပါ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားမြစ်ရေးနှင့် ကျား၊ မ ခွဲခြားဆက်ဆံမှု ပျောက်ကွယ်ရေး ကတိကဝတ်များကို တာဝန်သိစွာ လိုက်နာဆောင်ရွက်နေသဖြင့် KNPF အနေဖြင့် ပြည်သူများနှင့် လက်တွဲ၍ မိခင်အဖွဲ့အစည်း၏ မူဝါဒများကို ပံ့ပိုးပေးရမည်ဟု သဝဏ်လွှာတွင် ဖော်ပြထားသည်။

အလားတူ ကရင်အမျိုးသမီးအစည်းအရုံး (KWO) က ပေးပို့သော သဝဏ်လွှာတွင်လည်း ယနေ့ခေတ် အွန်လိုင်းငွေကြေးလိမ်လည်မှုနှင့် စီးပွားရေးဆိုင်ရာ လိမ်လည်အမြတ်ထုတ်မှုများကို ထိရောက်စွာ အရေးယူနိုင်ရန်အတွက် KNPF အနေဖြင့် အမျိုးသား၊ အမျိုးသမီး ပါဝင်သော တပ်ဖွဲ့ဝင်အင်အား တောင့်တင်းပြီး အရည်အချင်း ပြည့်ဝစေရေး ရည်ရွယ်၍ အားပေးတိုက်တွန်းထားသည်။

ယနေ့ ကျရောက်သော (၃၅) ကြိမ်မြောက် ကရင်အမျိုးသားရဲတပ်ဖွဲ့နေ့သို့ ကရင်လူငယ်အစည်းအရုံး (KYO) ကလည်း ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ခဲ့သည်။

ကော်သူးလေပြည်နယ်အတွင်း တရားဥပဒေစိုးမိုးရေး၊ မူးယစ်ဆေးဝါးပပျောက်ရေးနှင့် နယ်မြေ အေးချမ်းသာယာရေးဟူသော တာဝန် (၃) ချက်ကို အကောင်အထည်ဖော်ရန် KNU သည် ၁၉၉၁ ခုနှစ်တွင် ကျင်းပခဲ့သည့် အစည်းအရုံး၏ (၁၀) ကြိမ်မြောက် ကွန်ဂရက်တွင် ကရင်အမျိုးသားရဲတပ်ဖွဲ့ (KNPF) ကို စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။