Home ဆောင်းပါး သောကမီးတောက်ကြားက သားပျောက်မိခင်ရဲ့ မျှော်လင့်ချက်

သောကမီးတောက်ကြားက သားပျောက်မိခင်ရဲ့ မျှော်လင့်ချက်

17

သောကမီးတောက်ကြားက သားပျောက်မိခင်ရဲ့ မျှော်လင့်ချက်

(စက်တင်ဘာ ၁၊ ၂၀၂၆)

နန်းဝေဖြိုးဇာ

“သားလေးပြန်လာမလား” ဆိုတဲ့ မျှော်လင့်ချက်ကလေးတစ်ခုတည်းနဲ့ နာမည်ကြီး ဘုန်းကြီးတွေ၊ နတ်ဆရာနဲ့ ဗေဒင်ဆရာတွေဆီ လိုက်လံမေးမြန်းရင်း စိတ်ဆင်းရဲမှုတွေနဲ့အတူ ငွေကြေးတွေလည်း မနည်းမနော ကုန်ကျခဲ့ရပါပြီ။ ပျောက်ဆုံးသွားတဲ့သားဖြစ်သူကို ပြန်တွေ့မယ်ဆိုတဲ့ လက်ဆုပ်လက်ကိုင်ပြစရာ မရှိတဲ့ မျှော်လင့်ချက်ကိုပဲ ဆုပ်ကိုင်ထားရတဲ့ မိခင်တစ်ဦးရဲ့ ရင်ဖွင့်သံက ဝမ်းနည်းဖွယ် ကောင်းလှပါတယ်။

သူမဟာ မြဝတီမြို့တောင်ဘက် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ၊ ဒူးပလာယာခရိုင်/တပ်မဟာ (၆)၊ ရာမတီး (မြဝတီ) မြို့နယ်၊ သေ့ဘောဘိုးကျေးရွာအုပ်စု ဝါးမီထကျေးရွာမှာ နေထိုင်တဲ့ မိခင်တစ်ဦးဖြစ်ပါတယ်။ သူမကတော့ ပျောက်ဆုံးနေတဲ့ သားဖြစ်သူကို ပြန်လည်တွေ့ရှိဖို့ သောကမီးတောက်ကြားကနေ မျှော်လင့်ချက်ကြီးစွာ စောင့်မျှော်နေသူ နော်အေး(အမည်လွဲ)ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၀ ရက်နေ့က ဖလူး-မင်းလက်ပံ တိုက်ပွဲရှောင် တောလမ်းတစ်နေရာမှာ တိမ်းမှောက်ပြီးသောင်တင်နေတဲ့ ကားကို သူ့သားအပါအဝင် လူကြီးလူငယ်တစ်ရွာတည်းနေ အရပ်သား (၇)ဦးဟာ ကားပြန် ဆွဲထုတ်ဖို့ သွားရောက်စဉ်မှာ အဆက်အသွယ်ပြတ်တောက်ပြီး ပျောက်ဆုံးနေတာဖြစ်ပါတယ်။

သားဖြစ်သူတို့ ထွက်သွားတဲ့နေ့က အဲဒီလမ်းမှာ အာဏာသိမ်းစစ်တပ် စစ်ကြောင်းထိုးလာတာကြောင့် လမ်းပိတ် ထားတာကို မသိဘဲ သွားခဲ့ကြတာပါ။

အဲဒီကာလမှာ လေးကေ့ကော်-မင်းလက်ပံလမ်းပိုင်းဟာ စစ်ကြောင်းထိုးပြီး တိုက်ပွဲပြင်း ထန်နေချိန် ဖြစ်တာ ကြောင့် မဲကနယ်-ဖလူး တောလမ်းတစ်နေရာ (ဒေသအခေါ် ရဲကုန်းနဲ့ လယ်အော်ခါ့ လမ်းပိုင်း)မှာ မြဝတီကနေ ပြန်တက်လာတဲ့ကား တိမ်းမှောက်နေတာကြောင့် ထွန်စက်နဲ့ သွားရောက်ဆွဲကူဖို့ သူတို့ သွားခဲ့ကြတာ ဖြစ်ပါတယ်။

မနက်စာ ကိုယ်စီစားထားကြပြီး ကားဆွဲထုတ်ဖို့ လိုအပ်တဲ့ တူ၊ ပေါက်တူး၊ ကြိုးနဲ့ ဓားမတွေကို ထွန်စက် ပေါ်တင်ကာ လူစုပြီးနောက် ဇူလိုင်လ (၁၀) ရက်နေံ မနက် (၁၀) နာရီမှာ ရွာကနေ စထွက်သွားခဲ့တာပါ။

ညနေပိုင်းလောက် ပြန်ရောက်လာမယ်အထင်နဲ့ အခြားရိက္ခာ ထွေထွေထူးထူး မသယ်ဘဲသွားခဲ့ကြတာဖြစ်ပြီး အဲဒီနေ့ကစလို့ နော်အေးရဲ့သား အပါအဝင် (၇) ယောက်စလုံးမှာ ဒီနေ့အချိန်ထိ အဆက်အသွယ် မရတော့ဘဲ ပျောက်ဆုံးနေခဲ့တာ ဖြစ်ပါတယ်။

တိမ်းမှောက်သွားတဲ့ ကားကို သွားဆွဲထုတ်ယူဖို့ ထွက်သွားတဲ့နေ့ကစပြီး (၇) ယောက်စလုံး အဆက် အသွယ် မရတော့တဲ့အတွက် ဒေသအတွင်းက နီးစပ်ရာ လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေကို လိုက်လံ မေးမြန်း ကြည့်တဲ့အခါမှာ စစ်တပ်က ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်လိုက်ပြီလို့သာ ပြောဆိုကြပါတယ်။

သို့ပေမဲ့လည်း မိခင်တစ်ယောက်ဖြစ်တဲ့ သူမကတော့ သားဖြစ်သူရဲ့ ရုပ်အလောင်းကို အထောက်အထားနဲ့ မျက်မြင်ကိုယ်တွေ့ မတွေ့ရမချင်း မယုံကြည်နိုင်ဘူးလို့ပဲ ပြောပါတယ်။

ဒါကြောင့် သူ့သားနဲ့အတူ ပျောက်ဆုံးနေတဲ့ရွာသားတွေ အသက်ရှင်သန်မှု ရှိ၊ မရှိ နီးစပ်ရာ နတ်ဆရာ၊ ဗေဒင် ဆရာတွေဆီ လိုက်လံတွက်ချက်တာ၊ မေးမြန်းတာနဲ့ ဆီမီးပူဇော်ပသတာတွေ ပြုလုပ်နေပေမဲ့ အခုတစ်လကျော်ကြာ လာတဲ့အထိ သတင်းအစအနပင် မကြားရတော့ပါ။

“စစချင်းကြားတုန်းကတော့ စစ်တပ်က သတ်လိုက်ပြီး၊ သူတို့ယူသွားတဲ့ကားတွေပါ အကုန်မီးရှို့ခံရပြီးလို့ ပြောတယ်။ အဲလိုကြားတော့ ကျမတို့လည်း စိတ်မကောင်းဘူးလေ၊ အဲဒါနဲ့ လိုက်တွက်ချက်ကြည့်တာ။ အခုထိ ဘာမှမထူးပါဘူး။” သားပျောက်မိခင်ဖြစ်သူ နော်အေးက ပြောပါတယ်။

ဗေဒင်ဆရာ၊ နတ်ဆရာတွေရဲ့ တွက်ချက်မှုအရ သူမရဲ့သားမှာ တစ်နေရာရာမှာ ဖမ်းဆီးချုပ်နှောင်ခံထားရတယ်လို့ ပြောဆိုကြတဲ့အတွက် ဖမ်းဆီးခံထားရတာပဲဖြစ်မယ်လို့ သူမ စိတ်ထဲမှာ တစ်ထစ်ချ စွဲမှတ်ထားတာပါ။

အခုကာလမှာလည်း အဲဒီဒေသမှာ တိုက်ပွဲတွေဖြစ်ပွားနေဆဲဖြစ်တာကြောင့် နယ်ခံဖြစ်နေတဲ့ သူမသားနဲ့ ပျောက်ဆုံးသွားတဲ့ရွာသားတွေဟာ စစ်အုပ်စုရဲ့ လူသားဒိုင်းအဖြစ် ဖမ်းဆီးခံရတာလည်းဖြစ်နိုင်တယ်လို့ သူမက ဆက်ပြောပါတယ်။

“ကျမကတော့ သေတယ်လို့မထင်ဘူး။ တိုက်ပွဲကာလဖြစ်လို့ သူတို့ကို သူများဖမ်းဆီးထားတာပဲဖြစ်မယ်” သူမရဲ့ အထင်ကို ပြောပြပါတယ်။

လက်ရှိကာလမှာ စစ်အုပ်စုက လူငယ်တွေကို ဖမ်းဆီးပြီး စစ်မှုထမ်းခိုင်းဖို့ ပေါ်တာဆွဲတာတွေ ရှိနေတာကြောင့် သူမရဲ့သားဟာ စစ်မှုထမ်းအရွယ် လူငယ်ဖြစ်လို့ စစ်မှုထမ်းထဲ ဖမ်းခေါ်သွားတာ ဖြစ်နိုင်တယ်လို့ နော်အေးက ဆိုပါတယ်။ ဒါကြောင့် တစ်နေ့ပြန်တွေ့အုံးမယ်ဆိုတဲ့ မိခင်ဖြစ်သူက မျှော်လင့်ချက်ကြီးစွာ သားဖြစ်သူရဲ့ သတင်းကို ရှာဖွေမေးမြန်းနေရပါတယ်။

တစ်ဖက်မှာလည်း ဒေသတွင်း စစ်အုပ်စုနဲ့ နီးစပ်မှုရှိသူတွေကို တစ်ဆင့်ခံလိုက်မေးကြည့်တဲ့အခါမှာ အသတ်ခံရပြီဆိုတဲ့ သုံးသပ်ပြောဆိုသူများရှိသလို အချို့မှာ လူပျောက်တာကို အကြောင်းပြပြီး ငွေကြေး လိမ်လည်ဖို့ အခွင့်ကောင်းယူ ကြံစည်နေသူလည်း ရှိနေပါတယ်။

တစ်ရက်မှာ နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးရဲ့ ပြောဆိုချက်အရ ပျောက်ဆုံးသွားတဲ့ အရပ် သား (၇) ဦးစလုံးကို စစ်တပ်က မသတ်သေးဘဲ ဖမ်းဆီးထိန်းသိမ်းထားပြီး ပြန်လွှတ်စေလိုပါက ငွေသားနဲ့ ပြန်ရွေးရမယ်လို့ တစ်ဆင့်ခံပြောဆိုလာတာရှိပါတယ်။

အသက်ရှင်ကျန်ရှိနေသေးတယ်ဆိုတဲ့ သက်သေဓာတ်ပုံပြနိုင်ရင် တတ်နိုင်သလောက် ညှိနှိုင်းပေးဆောင်ဖို့ မိသားစုဝင်တွေဘက်က ဆန္ဒရှိနေပါတယ်။ ဒါပေမဲ့လည်း လာရောက်ပြောဆိုသူမှာ တစ်ဆင့်ခံသာ ဖြစ်နေတဲ့အတွက် လိမ်လည်တာဖြစ်ဖို့ များတယ်လို့ ဝါးမီထ ကျေးရွာတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“သတင်းက ဘယ်က ထွက်လာလဲမသိဘူး။ BGF တပ်ဖွဲ့ဝင်တစ်ဦးက ပြောတယ်လို့ လာပြောတယ် ၊ ကလေး တွေရှိသေးတယ်။ ပိုက်ဆံသိန်းဂဏန်းပေးရင် ပြန်လွတ်ပေးမယ်ဆိုပြီး ပြောတယ်။ ဒါက အမှန်ဟုတ်မဟုတ် ကျနော်တို့လည်း လိုက်မေးတယ်ဘယ်သူမှမသိဘူး” ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်က ပြောပြပါတယ်။

ပျောက်ဆုံးသွားသူတွေအားလုံးဟာ ဝါးမီထ ဒေသခံရွာသားတွေ ဖြစ်ကြပါတယ်။ အသက် မပြည့်သေးတဲ့ (၁၄) နှစ်အရွယ် စောခါးခါး၊ အသက် (၂၀) အရွယ် စောစိန်ကုလားနဲ့ စောသန်းဇော်လင်း၊ အသက် (၂၁) အရွယ် စောငြိမ်းချမ်း၊ အသက် (၃၄) အရွယ် စောမော်တော်ကား (ခေါ်) စောကျော်ဝင်းနိုင်၊ အသက် (၄၆) အရွယ် စောမောင်အေးသောင်းနဲ့ ကားသမားဖြစ်သူ အသက် (၂၇) အရွယ် ထာဝယ်တို့ ဖြစ်ကြပါတယ်။

သူတို့တွေထဲက လူပျိုလူလွတ်တွေပါဝင်သလို အချို့ဆိုလည်း လူမမယ်ကလေးတွေရဲ့ ဖခင်နဲ့ မိသားစုတာဝန်ကို ထမ်းပိုးနေရတဲ့ အိမ်ထောင်ဦးစီးတွေ ဖြစ်ကြပါတယ်။

လက်လုပ်လက်စား နေ့စားအလုပ်နဲ့ အသက်မွေး ဝမ်းကြောင်းပြုနေသူတွေဖြစ်တာကြောင့် အခုလို ပျောက်ဆုံး သွားချိန်မှာ ကျန်ရစ်သူ မိသားစုဝင်တွေမှာ အားကိုးရာမဲ့ဖြစ်ကာ သောကတွေ ကြားက အခက်အခဲတွေကို ရင်ဆိုင်ရင်း အသက်ရှင်ကျန်ရစ်နေသေးတဲ့ သတင်းကို မျှော်လင့်နေကြရတာပါ။

နယ်မြေဒေသ စီးပွားရေး ကြပ်တည်းလာတဲ့ကြားက အချို့မိသားစုတွေဆိုရင် ရှိတဲ့ငွေကြေးလေးနဲ့ သူတို့ရဲ့အမျိုးသားနဲ့သားတွေ ပြန်လာဖို့၊ ရှိနေတဲ့နေရာသိရှိနိုင်ဖို့ သူတို့ယုံကြည်တဲ့ ဗေဒင်ဆရာ၊ နတ်ဆရာတွေဆီ လိုက်လံတွက်ချက်တာ၊ ဆီမီးထွန်းပေးတာနဲ့ ကန်တော့ပွဲတင်ပူဇော်တာတွေ ပြုလုပ်နေကြရပါတယ်။

ပျောက်ဆုံးသွားတဲ့ အရပ်သား (၇) ဦးစလုံးဟာ သူတို့အိမ်တွေမှာ ဝိညာဉ်ဆိုင်ရာ အချက်ပေးတာတွေ၊ ထူးဆန်းတဲ့ အိပ်မက်တွေ ပေးတာမျိုးတွေ မရှိတဲ့အတွက် အသက်ရှင်နေသေးတယ်လို့ နော်အေးအပါအဝင် မိသားစုဝင် အားလုံးလိုလိုက ယုံကြည်နေကြတာပါ။

“ငွေနဲ့ ပြန်ရွေးမှ လွှတ်ပေးမယ်ဆိုရင်လည်း သူတို့လိုချင်တဲ့ ငွေကို တတ်နိုင်သလောက် ရှာပေးပြီး ရှိခိုး တောင်းပန်သွားမယ်” သားပျောက်မိခင် နော်အေးက ရင်ဖွင့်ပြောဆိုပါတယ်။

သို့ပေမဲ့လည်း နေ့တွေ၊ ရက်တွေ ကုန်လွန်ပြီး တစ်လကျော်ကြာမြင့်လာတဲ့အထိ သူမမျှော်လင့်နေတဲ့ သားဖြစ်သူရဲ့ သတင်းမှာ ပျောက်ခြင်းမလှပျောက်ကွယ်နေတုန်းပဲ ဖြစ်ပါတယ်။