Home သတင်း မလေးရှားနိုင်ငံက မြန်မာဒုက္ခသည်များ ပြည်တော်ပြန်ရန် လုံခြုံမှုမရှိဟု ကုလသမဂ္ဂ သတိပေး

မလေးရှားနိုင်ငံက မြန်မာဒုက္ခသည်များ ပြည်တော်ပြန်ရန် လုံခြုံမှုမရှိဟု ကုလသမဂ္ဂ သတိပေး

9
Photo & Reference: Reuters

စက်တင်ဘာ (၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

မလေးရှားနိုင်ငံက မြန်မာဒုက္ခသည်များကို ပြည်တော်ပြန်ပို့ရန် စီစဥ်နေသည့်အပေါ် စစ်ဖြစ်နေသည့်နိုင်ငံဖြစ်ခြင်းကြောင့် လုံခြုံမှုမရှိသလို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) အနေဖြင့် ပါဝင်ပတ်သက်မှုမရှိကြောင်း ယနေ့၊ စက်တင်ဘာ(၁)ရက်နေ့တွင် သတိပေးထုတ်ပြန်သည်။

မလေးရှားပြည်ထဲရေးဝန်ကြီးဌာနသည် ဒုက္ခသည်များ မိမိဆန္ဒအလျောက် နေရပ်ပြန်ခြင်းအစီအစဥ်၏ ပထမပိုင်းအနေဖြင့် လာမည့် စက်တင်ဘာလ (၂၉) ရက်နေ့တွင် မလေးရောက် မြန်မာဒုက္ခသည် (၁,၄၇၆) ဦးကို မိခင်နိုင်ငံသို့ ပြန်ပို့ရန် စီစဥ်နေခြင်းဖြစ်သည်။

လတ်တလောတွင် မြန်မာနိုင်ငံ တဝှမ်းဖြစ်ပေါ်နေသော လက်နက်ကိုင်ပဋိပက္ခနှင့် အကြမ်းဖက်မှုများကြောင့် ဒုက္ခသည်များ နေရပ်ပြန်ပို့ရေးမှာ လုံခြုံမှုမရှိဘဲ ရေရှည်တည်တံ့သည့် ဆန္ဒအလျောက် နေရပ်ပြန်ခြင်းလည်းမဖြစ်ဟု UNHCR ၏ထုတ်ပြန်ချက်ကို ကိုးကားပြီး နိုင်ငံတကာသတင်း ရိုက်တာက ဖော်ပြသည်။

“ဒုက္ခသည်များ ပြန်လည်ပို့ဆောင်မှုသည် ၎င်းတို့ စိတ်ဆန္ဒအလျောက်ဖြစ်ရမည်၊ လုံလောက်သောအချက်အလက်များကို သိရှိနားလည်ဆုံးဖြတ်မှုအပေါ် အခြေခံရမည်ဖြစ်သလို၊ လုံခြုံမှုနှင့် ဂုဏ်သိက္ခာကို အာမခံနိုင်သည့် အခြေအနေအောက်တွင်သာ ပြန်လည်ပို့ဆောင်သင့်သည်” ဟု အီးမေးလ်ဖြင့် အသိပေးထုတ်ပြန်ချက်တွင် UNHCR က ဆိုသည်။

ထို့အပြင် မလေးရှားနိုင်ငံရှိ ဒေသခံလူမှုအသိုင်းအဝိုင်းတွင် ဒုက္ခသည်ဆိုင်ရာ တင်းမာမှုများ မြင့်တက်လာနေချိန် မြန်မာအစိုးရက ရိုဟင်ဂျာ ဒုက္ခသည် ၅,၀၀၀ ဦးကို ပြန်လည်လက်ခံရန် သဘောတူခဲ့သည်ဟု မလေးရှားဝန်ကြီးချုပ် မစ္စတာ အန်ဝါအီဘရာဟန်မှ ပြောဆိုထားကြောင်းလည်း ရိုက်တာ က ဖော်ပြသည်။

ကုလသမဂ္ဂ၏ထောက်ပြပြောဆိုမှုကို ရိုက်တာမှ မလေးရှားနိုင်ငံပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူထံ မေးမြန်းရာတွင်မူ မှတ်ချက်ပေးရန်ငြင်းဆိုခဲ့သလို ဒုက္ခသည်များက စိတ်ဆန္ဒအလျောက် ပြည်တော်ပြန်ခြင်းအဖြစ်သာ တုံ့ပြန်ခဲ့ကြောင်း သိရသည်။

ယင်းအပြင် အစိုးရများအနေဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်မည့်သူအားလုံး၏ အကာအကွယ်လိုအပ်ချက်များကို ကြိုတင် ထည့်သွင်းစဉ်းစားရန် UNHCR က တိုက်တွန်းထားပြီး အကာအကွယ်ပေးနိုင်ရေးအတွက်လည်း အာမခံပေးရမည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် ကာလရှည်ကြာဖြစ်ပွားနေသော စစ်ပွဲကြောင့် အိမ်နီးချင်းနိုင်ငံများသို့ ဒုက္ခသည် သိန်းနှင့်ချီထွက်ပြေးခိုလှုံနေကြပြီး ၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် နယ်စပ်နှင့်ပြည်ပသို့ထွက်ခွာနေထိုင်သူ အရေအတွက် ပိုမိုများပြားလာသည်။

မြန်မာဒုက္ခသည် အများအပြား ခိုလှုံရာဖြစ်လာသော မလေးရှားနိုင်ငံတွင်လည်း ရိုဟင်ဂျာနှင့် ချင်းလူမျိုးအပါအဝင် လူမျိုးစုအသီးသီးမှ ဒုက္ခသည် ၁၉၃,၈၀၀ အထိ ရှိသည်ဟု UNHCR ၏ အချက်အလက်များအရသိရသည်။

ထိုအချက်အလက်များမှာ UNHCR တွင် မှတ်ပုံတင်ထားသည့်ဒုက္ခသည်အရေအတွက်သာဖြစ်ပြီး မှတ်ပုံမတင်ရသေးသူ အများအပြား ကျန်ရှိနေကြောင်းလည်း ရိုက်တာကဖော်ပြသည်။