Home သတင်း ဖားအံပြည်နယ်အတွင်း လူငယ်များကို စစ်မှုထမ်းရန် ပေါ်တာဖမ်းဆီးမှု ခပ်စိပ်စိပ်ဖြစ်နေ

ဖားအံပြည်နယ်အတွင်း လူငယ်များကို စစ်မှုထမ်းရန် ပေါ်တာဖမ်းဆီးမှု ခပ်စိပ်စိပ်ဖြစ်နေ

22
Photo: CJ

စက်တင်ဘာ( ၁ ) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်း စစ်မှုထမ်းစေခိုင်းရန် စစ်အုပ်စုက တပ်သားအင်အားစုဆောင်းနေပြီး အထူးသဖြင့် လူငယ်များကို ပေါ်တာဆွဲ စစ်ဆေးဖမ်းဆီးမှု ခပ်စိတ်စိတ်ဖြစ်လာကြောင်း မြို့ခံများ နှင့် ရပ်ရွာသတင်းအရင်းအမြစ်မှ သိရသည်။

ဖားအံမြို့ပေါ်တွင် နေ့စားအလုပ်သမားများ၊ ပန်းရံလုပ်သားများ၊ ဆိုင်ဝန်ထမ်းများနှင့် အလုပ်သွားအလုပ်ပြန် လူငယ်များကို ပစ်မှတ်ထား ဖမ်းဆီးနေခြင်းဖြစ်ပြီး ထိုအထဲတွင် မိသားစုက ငွေပေးပြီးမှ ပြန်လည်လွတ်မြောက်လာသူအချို့လည်း ရှိသည်ဟု မြို့ခံများက ပြောသည်။

“ဒီမှာက သတင်းတွေဘာတွေ ထွက်မှာစိုးလို့ ပလန်ဆွဲပြီး ဖမ်းတာ။ တစ်ရက်က အသိတစ်ယောက်ကို ပေါ်တာဆွဲသလို စစ်ပြီး ဖားအံကပါ၊ ၃ မျဉ်းစောင်းမှတ်ပုံတင်ကိုင်ပါတယ်လို့ ပြောတာတောင် အိမ်ဖုန်းဆက်ခိုင်းပြီး ငွေဆယ်သိန်းလောက် တောင်းပြီးမှ ပြန်လွှတ်တယ်” ဟု ဖားအံမြို့ခံတစ်ဦးက ပြောသည်။

ထို့အပြင် မြို့တွင်းနှင့် မြို့ပြင်ခရီးသွားလမ်းကြောင်းများ၌ စစ်ဆေးမှုများ ပိုမိုတင်းကျပ်လာပြီး ကျေးရွာချင်းဆက်လမ်းများ၊ မြို့အဝင်/အထွက် စစ်ဆေးရေးဂိတ်များတွင်လည်း လူငယ်များကို အဓိကထား စစ်ဆေးနေကြောင်း သိရသည်။

ကျေးရွာဘက်များတွင်မူ လက်ရှိအချိန်အထိ ပေါ်ပေါ်ထင်ထင် ဝင်ရောက်ဖမ်းဆီးမှု မတွေ့ရသေးပေ။ သို့ရာတွင် စစ်မှုထမ်းရန် လူအလှည့်ကျ ပေးနေရခြင်း၊ တခြားဒေသမှ လာရောက် အလုပ်လုပ်ကိုင်နေသူများအနက် စစ်မှုထမ်းလိုသူများကို ငွေပေး ခေါ်ယူရသည့် အခြေအနေရှိကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် နီးစပ်ရာ သတင်းအရင်းအမြစ်က ဆိုသည်။

အုပ်ချုပ်ရေးပိုင်းနှင့်နီးစပ်သည့် ရွာခံတစ်ဦးက “လူလိုရင် လုပ်ချင်တဲ့သူတွေကို ငွေနဲ့ လူဝယ်ပေးရတာတွေရှိတယ်။ ရွာဘက်မှာတော့ သူတို့လိုအပ်တာရှိရင် ကြည့်ပြီး စီစဉ်ပေးတယ်။ တစ်လတစ်ခါဆို ကျနော်တို့လည်း မပေးနိုင်ဘူးလေ။ သုံး၊ လေးလလောက်မှ တစ်ခါ၊ အလှည့်ကျ သွားပေးတယ်” ဟု ကေအိုင်စီကို ပြောသည်။

ယင်းကြောင့် ကျေးရွာများတွင် စစ်အုပ်စုက စစ်မှုထမ်းအတွက် တိုက်ရိုက်ဝင်ရောက်ဖမ်းဆီးမှုမရှိသေးသည့်တိုင် အသွားအလာသတိထားကြရန် အုပ်ချုပ်မှုတာဝန်ရှိသူများက သတိပေးနှိုးဆော်မှုရှိနေကြောင်းလည်း ရွာခံများက ပြောသည်။

ထို့အပြင် မြဝတီမြို့ပေါ်နှင့် မြဝတီ-ကော့ကရိတ်-ကျုံဒိုး-ဖားအံ လမ်းပိုင်း၊ ကျုံဒိုး-ကျားကလေး-ဇာသပြင် လမ်းပိုင်းများနှင့် ဖားအံမြို့အဝင် သံလွင်တံတား စစ်ဆေးရေးဂိတ်တို့တွင် မှတ်ပုံတင်နှင့် အထောက်အထားများကို ဆက်လက်တင်းကျပ် စစ်ဆေးလျက်ရှိသည်ဟု ခရီးသွားလာသူများပြောပြချက်အရ သိရသည်။

ထို့အတူ ပြီးခဲ့သည့် ဩဂုတ်လကုန်ပိုင်းက ပြုလုပ်ခဲ့သည့် ပြည်နယ်စစ်အုပ်စုအဖွဲ့ အစည်းအဝေးအတွင်း စစ်မှုထမ်းအင်အား မပြည့်မီပါက ဆင့်ခေါ်စာများ ပေးပို့ရန်နှင့် လူငယ်များကို ပေါ်တာဖမ်းဆီးရန် စစ်အုပ်စုခန့် ကရင်ပြည်နယ်ဝန်ကြီးချုပ် စောမြင့်ဦးက ညွှန်ကြားခဲ့ကြောင်း လှုမှုကွန်ရက်မီဒီယာမှတဆင့် ကျယ်ကျယ်ပြန့်ပြန့် သတင်းထွက်ပေါ်နေသည်။

ကရင်ပြည်နယ်စစ်အုပ်စုအသိုင်းအဝိုင်းကမူ သတင်းအမှားဖြစ်ကြောင်းနှင့် ဒေသတွင်း လုံခြုံစွာခရီးသွားလာရေးအတွက် ပံ့ပိုးကူညီလျက်ရှိသည်ဟု ယနေ့၊ စက်တင်ဘာ(၁)ရက်နေ့တွင် တုံ့ပြန်ပြောဆိုသည်။