Home သတင်း တစ်လ အချိန်ယူပြုပြင်ခဲ့ရသည့် ငဝန်မြစ်တာ ပေ(၃၀)ခန့်ပြန်ပွင့်ပြီး လေးမျက်နှာမြို့နယ်အတွင်း ရေထပ်ကြီး

တစ်လ အချိန်ယူပြုပြင်ခဲ့ရသည့် ငဝန်မြစ်တာ ပေ(၃၀)ခန့်ပြန်ပွင့်ပြီး လေးမျက်နှာမြို့နယ်အတွင်း ရေထပ်ကြီး

22
Photo crd- Sa Aing Htee Khant's Facebook

စက်တင်ဘာ (၁၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်မြစ်ရေကာတာကျိုးနေရာသည် မိုးများပြီးမြစ်ရေတက်နေခြင်းကြောင့် ယနေ့ စက်တင်ဘာလ (၁၀) ရက် နံနက်ပိုင်းတွင် ပေ (၃၀) ခန့် ပြန်လည်ပွင့်ထွက်သွားခဲ့ရာ ရေဆက်လက်စီးဝင်ရာမှ မြို့နယ်အတွင်း ထပ်မံရေကြီးနေကြောင်း ဒေသအခြေစိုက် ကယ်ဆယ်ရေးအဖွဲ့က ပြောသည်။

လေးမျက်နှာမြို့နယ်အတွင်း ရေကြီးခဲ့သော ပြီးခဲ့သည့်ဩဂုတ်လတွင် ကျိုးပေါက်သွားသည့် အဆိုပါ ငဝန်မြစ်တာနေရာအား ပိတ်နိုင်ရေး တာဝန်ရှိသူများစုပေါင်းပြီး တစ်လဝန်းကျင်ကြာ လုပ်ဆောင်ခဲ့ရခြင်းဖြစ်သည်။

ထိုနောက်တွင် မိုးဆက်လက်ရွာသွန်းနေခြင်းနှင့် ရေဖိအားများလာခြင်းကြောင့် ယခင် ပိတ်ထားသည့် သံတိုင်နေရာမှ ပေ (၃၀) နီးပါး ပြန်လည်ပွင့်ထွက်သွားပြီး ရေများစီးဝင်လာရာ အိုင်သဗြုကျေးရွာဘက်တွင် ရေကြီးနေသည်ဟု ကယ်ဆယ်ရေးအဖွဲ့က ပြောသည်။

“ရေဝိတ်ကြောင့်ရယ်၊ မြစ်ရေကြီးပြီး ရေပြန်တက်လာတာရယ် ပိတ်ထားတဲ့ သံတိုင်တွေက ခန့်မှန်း ပေ (၃၀) လောက် ပြန်ပွင့်ထွက်သွားတယ်။ ရေက အိုင်သဗြုဘက်ကို စီးလာတာ ပထမ တာကျိုးတုန်းကလိုပဲ တဖြည်းဖြည်း ရေပြန်ကြီးလာတယ်” ဟု ဒေသအခြေစိုက်ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

အဆိုပါ ငဝန်မြစ်ရေသည် ငသိုင်းချောင်းနှင့် ကျုံပျော်မြို့နယ်ဘက်သို့ပါ ဆက်လက်စီးဆင်းနိုင်ချေရှိပြီး ရေဘေးသင့်နိုင်သည့်နေရာမှပြည်သူများ ဘေးလွတ်ရာသို့ ပြောင်းရွှေ့ရန် ပြင်ဆင်မှု ပြုလုပ်နေရပြီဖြစ်ကြောင်းလည်း လူမှုကူညီရေးအဖွဲ့များက ဆိုသည်။

Photo crd- Sa Aing Htee Khant’s Facebook

ထို့အပြင် ကယ်ဆယ်ရေးအဖွဲ့များအနေဖြင့် လေးမျက်နှာတွင်ရေပြန်ကျသွား၍ သိမ်းဆည်းလိုက်သည့် စက်လှေများကိုလည်း ညတွင်းချင်း ပြန်လည်ချထားပေးရသည့် အခြေအနေရှိနေသည်။

လက်ရှိတွင် ရေကျသွား၍ပိတ်သိမ်းပြီးပြန်သွားကြသည့် ရေဘေးကယ်ဆယ်ရေးစခန်း အဖွဲ့ဝင်အချို့မှာလည်း ကူညီပေးရန် ပြန်လည်ရောက်ရှိလာကြသည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။

တိုင်းဒေသကြီးစစ်အုပ်စုဘက်တွင်မူ ဩဂုတ်လ(၄)ရက်နေ့မှ စတင်၍ မြေပြိုကျမှုကို ကာကွယ်ရန်နှင့် ရေကာရန် သံမဏိပြား အမျိုးအစား(Steel Sheet Pile) နှင့် သဲအိတ်ကြီးများ အသုံးပြုပြီး ငဝန်တာကျိုးနေရာအား ပြုပြင်ခဲ့ရာ စက်တင်ဘာ(၈)ရက်နေ့တွင် ရေဝင်လမ်းကြောင်းကို ထိန်းချုပ်နိုင်ခဲ့ကြောင်း ယမန်နေ့က သတင်းထုတ်ပြန်ထားသည်။

ထို့အတူ လက်ရှိတွင်လည်း ကျုံပျော်မြို့နယ်အတွင်း ရေကြီးရေလျှံမှုများ ဆက်လက်ဖြစ်ပေါ်လျက်ရှိပြီး ကယ်ဆယ်ရေးအဖွဲ့များ လက်လှမ်းမီနိုင်သလောက် ကောက်ယူထားသည့်စာရင်းအရ ပြည်သူ(၇,၀၀၀) ကျော်ထက်မနည်း ရေဘေးသင့်နေကြောင်း သိရသည်။