Home သတင်း စစ်ဘေးရှောင်(၁၈,၀၀၀)ကျော်အတွက် အခြေခံစားနပ်ရိက္ခာများ KNPC လှူဒါန်းခဲ့

စစ်ဘေးရှောင်(၁၈,၀၀၀)ကျော်အတွက် အခြေခံစားနပ်ရိက္ခာများ KNPC လှူဒါန်းခဲ့

25
Photo: KIC, Guru Gyi

စက်တင်ဘာ (၁၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး သတ်မှတ်နယ်မြေ၊ ကော့ကရိတ်နှင့်နဘူးမြို့နယ်တို့မှ စစ်ဘေးရှောင်(၁၈,၇၉၅)ဦးအတွက် ဆန်၊ ဆီ အစရှိသည့် အခြေခံစားနပ်ရိက္ခာများကို ကရင်အမျိုးသားငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ-KNPC က ပြီးခဲ့သည့် စက်တင်ဘာ(၁၇)ရက်နေ့တွင် လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုင်းဘတ်ငွေ (၅၆) သိန်းကျော် တန်ဖိုးရှိသည့် စားနပ်ရိက္ခာများကို နဘူး၊ ထို့ကော်ကိုး၊ နောင်တပွဲ၊ နန်းကော်တေး၊ ရန်ကုတ်၊ မြပတိုင် အစရှိသဖြင့် ကျေးရွာအုပ်စု(၁၄)ခုမှ စစ်ဘေးရှောင်အိမ်ထောင်စု(၄,၀၀၀)ကျော်အတွက် အပစ်ရပ်ကရင်လက်နက်ကိုင်အဖွဲ့များ ပါဝင်သော KNPC က သွားရောက်ပေးဝေခဲ့ခြင်းဖြစ်သည်။

“မိုးတွင်းဆိုတော့ သွားလာရေးအခြေအနေအပေါ်မှာမူတည်ပြီး အပြီးသတ်လှူသွားဖို့ရှိတယ်။ စစ်ဘေးကြားမှာ နေအိမ်စွန့်ခွာပြီး ဒုက္ခဆင်းရဲနဲ့ ရင်ဆိုင်နေရတဲ့လူထုတွေ လျော့နည်းသွားအောင်၊ ပပျောက်သွားအောင် ဘယ်လိုလုပ်ကြမလဲဆိုတာကလည်း KNPC ရဲ့ မျှော်မှန်းချက်အနေနဲ့ ဦးတည်ပါတယ်” ဟု လှူဒါန်းမှုနှင့်ပတ်သက်၍ အပစ်ရပ်အဖွဲ့ KNU/KNLA-PC ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွှန့်က ပြောသည်။

ထို့အပြင် ၎င်းတို့အနေဖြင့်လည်း KNPC တွင်ပါဝင်မှုဖြင့် စစ်ဘေးရှောင်ဒေသခံများ နေရပ်ပြန်နေ၍ရရေးကို ရည်မှန်းချက်ကြီးတစ်ခုထား၍ လုပ်ဆောင်လျက်ရှိသည်ဟု စောကျော်ညွှန့်က ဖြည့်စွက်ပြောသည်။

Photo: KIC, Guru Gyi

စက်တင်ဘာ(၁၇)ရက်နေ့က လှူဒါန်းမှုအစီအစဥ်သို့ KNPC နာယကအဖွဲ့တွင်ပါဝင်သည့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ခေါင်းဆောင်ဟောင်း စောမူတူးစေးဖိုးက သဘာပတိအဖြစ်ဦးဆောင် ကျင်းပခြင်းလည်းဖြစ်သည်။

ထို့အတူ ကော်မတီဝင်များဖြစ်ကြသည့် ကရင်ပြည်နယ်ခြားစောင့်တပ်/ကရင်အမျိုးသားတပ်မတော်-BGF/KNA ခေါင်းဆောင် ဗိုလ်မှူးချုပ် စောမောင်ဝင်း၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်-DKBA ဗိုလ်မှူးချုပ် စောကျော်သက်နှင့် PC မှ ဒု-ဥက္ကဌ နော်ကပေါ်ထူးတို့အပါအဝင် ကရင်ပြည်နယ်အထင်ကရ ဘာသာရေးခေါင်းဆောင်အချို့ပါ ပွဲတက်ရောက် ပါဝင်လာကြကြောင်း သိရသည်။

အဆိုပါလှူဒါန်းမှုအစီအစဥ်သည် ပြီးခဲ့သည့် စက်တင်ဘာ(၇)ရက်နေ့က ရွှေကုက္ကိုလ်တွင်ပြုလုပ်သွားသော KNPC ဦးဆောင်ကော်မတီနှင့် အလုပ်အမှုဆောင်ကော်မတီတို့ပူးတွဲကျင်းပသည့် ပထမအကြိမ်အစည်းအဝေးအပြီး ဆုံးဖြတ်ချက်အရ ဖြစ်ပေါ်လာခြင်းလည်းဖြစ်သည်။

KNPC ကို ယခုနှစ်၊ ဧပြီလ(၈)ရက်နေ့က အကြမ်းမဖက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တည်ဆောက်ရန်နှင့် ဒေသတွင်း စစ်ဘေးရှောင်များကို ကူညီရန် စတင်ဖွဲ့စည်းလိုက်ခြင်းဖြစ်ပြီး စစ်ဘေးရှောင်များကိုထောက်ပံ့ကူညီမှုမှာ ယခုတစ်ကြိမ်အပါအဝင် တတိယအကြိမ်မြောက် ရှိပြီဖြစ်ကြောင်း သိရသည်။