Home သတင်း ကေအဲန်ယူ နယ်မြေထဲတွင် (၂) နှစ်အတွင်း စာသင်ကျောင်း (၃၄) ကျောင်း ပစ်မှတ်ထား ဖျက်ဆီးခံရ

ကေအဲန်ယူ နယ်မြေထဲတွင် (၂) နှစ်အတွင်း စာသင်ကျောင်း (၃၄) ကျောင်း ပစ်မှတ်ထား ဖျက်ဆီးခံရ

20
Photo: CJ (ပုံဟောင်း)

စက်တင်ဘာ (၁၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်သည့် ကော်သူးလေ(ကရင်ပြည်)နယ်မြေများအတွင်း ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ မှစ၍ ယခု ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလအထိ စာသင်ကျောင်း (၃၄) ကျောင်း စစ်အုပ်စု၏ပစ်မှတ်ထား တိုက်ခိုက်ဖျက်ဆီးခံခဲ့ရကြောင်း ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန-KECD က စက်တင်ဘာ(၉)ရက်နေ့တွင် ထုတ်ပြန်သည်။

ကေအဲန်ယူ၏ တပ်မဟာ၊ ခရိုင်(၇)ခုလုံးတွင် စစ်အုပ်စုက ပညာရေးအသိုင်းအဝိုင်းကိုပစ်မှတ်ထား လေကြောင်းနှင့်လက်နက်ကြီးပစ်ခတ်မှု အကြိမ်ကြိမ်လုပ်ဆောင်ခဲ့ရာ ကျောင်းသူ၊ ကျောင်းသားများအပါအဝင် ကျောင်းဆရာ၊ ဆရာမများနှင့် ဒေသခံကျောင်းကော်မတီဝင်များ ထိခိုက်သေဆုံးမှုရှိခဲ့သည်။

ထို(၂)နှစ်အတွင်း စစ်အုပ်စု၏တိုက်ခိုက်မှုဖြစ်စဥ်များတွင် (၃၃) ဦးသေဆုံးပြီး (၇၄) ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း KECD က ဖော်ပြသည်။

“ကျနော်တို့ ဖော်ပြထားတာက (၃၄) လုံးဆိုပေမယ့်လည်း တချို့စာသင်ကျောင်းတွေက အခါခါ သူတို့လာပစ်ခံရတယ်။ ပြီးရင်ကလေးတွေရှိတဲ့နေရာကို အရမ်းပစ်ခတ်နေတာကို တွေ့ရတယ်။” ဟု KECD ၏ ဆက်သွယ်ရေးနှင့် စည်းရုံးရေးတာဝန်ခံ စောသောသီ က ပြောသည်။

ထိုသို့ စစ်အုပ်စုဘက်မှ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်နေသဖြင့် အကာအကွယ်မဲ့သည့် ကလေးများနှင့် ကျောင်းဆရာ၊ ဆရာမများသည် ကောင်းကင်ယံမှ ကျရောက်မည့်အန္တရာယ်များကို ကြောက်ရွံ့စိတ်ဖြင့် နေ့စဉ် ဖြတ်သန်းနေကြရကြောင်းလည်း KECD ၏ ထုတ်ပြန်ချက်က ဖော်ပြသည်။

Photo: CJ (ပုံဟောင်း)

ကေအဲန်ယူအနေဖြင့် ပဋိပက္ခဖြစ်ပွားရာဒေသများတွင် စာသင်ကျောင်းများ၊ ကျောင်းသူ၊ ကျောင်းသားများနှင့် ပညာရေးဝန်ထမ်းများ တိုက်ခိုက်ခံရမှုမှ ကာကွယ်စောင့်ရှောက်ရန် ၂၀၂၄ ခုနှစ် စက်တင်ဘာလက Safe Schools Declaration (ဘေးကင်းလုံခြုံသောစာသင်ကျောင်းများဆိုင်ရာ ကြေညာချက်) ကို အတည်ပြုလက်မှတ်ထိုးထားခြင်းရှိသည်။

သို့သော်လည်း KECD က မှတ်တမ်းတင်ထားသည့် ထို(၂)နှစ်အတွင်း စစ်အုပ်စု၏ ပညာရေးကို ပစ်မှတ်ထားတိုက်ခိုက်မှုမှာ များလာသည့်အခြေအနေရှိသည်ဟု စောသောသီက ဖြည့်စွက်ပြောဆိုသည်။

ထို့အပြင် စစ်အုပ်စု ခေါင်းဆောင်များက နိုင်ငံတကာ အဖွဲ့အစည်းများရှေ့တွင် ငြိမ်းချမ်းရေးအာမခံချက်ရှိကြောင်း ပြောဆိုနေသော်လည်း ၎င်းတို့၏လုပ်ရပ်များမှာ လက်တွေ့နှင့်လုံးဝဆန့်ကျင်ဘက်ဖြစ်နေကြောင်း KECD က ထောက်ပြသည်။

ယင်းကြောင့် နိုင်ငံတကာ အသိုင်းဝိုင်းအနေဖြင့် စစ်အုပ်စုကို ပြတ်ပြတ်သားသား အရေးယူရန်နှင့် တာဝန်ယူမှု တာဝန်ခံမှုရှိစေရန် အရေးယူဆောင်ရွက်မှုများပြုလုပ်ရန် တိုက်တွန်းထားသည်။

ပညာရေးကို တိုက်ခိုက်မှုမှ ကာကွယ်ရေး ကမ္ဘာ့ညွန့်ပေါင်းအဖွဲ့-GCPEA ၏ ၂၀၂၆ ခုနှစ် အစီရင်ခံစာအရ ကမ္ဘာတစ်ဝန်းရှိ ပဋိပက္ခနယ်မြေများတွင် ပြီးခဲ့သည့် (၂) နှစ်အတွင်း ပညာရေးတိုက်ခိုက်မှု (၅၀) ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ပြီး ထိခိုက်သေဆုံးသူ အများဆုံးနိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံ ပါဝင်နေကြောင်း သိရသည်။