Home သတင်း လက်နက်ကြီးအသံကြောင့် ဧရာဝတီရေဘေး ကယ်ဆယ်ရေးအဖွဲ့များ လုပ်ငန်းစဥ်နှောင့်နှေး

လက်နက်ကြီးအသံကြောင့် ဧရာဝတီရေဘေး ကယ်ဆယ်ရေးအဖွဲ့များ လုပ်ငန်းစဥ်နှောင့်နှေး

7
Photo: CJ

ဩဂုတ် (၂၅) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတနှင့် လေးမျက်နှာမြို့နယ်အစပ် တလုတ်ထော်မြို့ဘက်သို့ ရေဘေးကူညီကယ်ဆယ်ရေး သွားရောက်သည့် ရန်ကုန်အခြေစိုက် ကူညီကယ်ဆယ်ရေးအဖွဲ့များ လက်နက်ကြီးပစ်ခတ်သံကြားရခြင်းကြောင့် စိတ်လုံခြုံမှုမရှိဘဲ လုပ်ငန်းစဥ်နှောင့်နှေးမှု ကြုံတွေ့ခဲ့ရကြောင်း ခရီးလိုက်ပါသွားသူအချို့က ပြောသည်။

ငဝန်မြစ်ရေကာတာ ကျိုးပေါက်မှုနှင့် မိုးသည်းထန်စွာရွာသွန်းမှု၊ မြစ်ရေမြင့်တက်မှုများကြောင့် လေးမျက်နှာမှအစပြု၍ ဖြစ်ပေါ်လာသောရေဘေးတွင် ဧရာဝတီတိုင်း၊ မြို့(၅)ခုထက်မနည်း‌ ရေဘေးသင့်နေပြီး အရေးပေါ်အကူအညီလိုအပ်နေခြင်းဖြစ်သည်။

ယင်းကြောင့် ပြီးခဲ့သည့်ရက်ပိုင်းက ရန်ကုန်အခြေစိုက်ကယ်ဆယ်ရေးအဖွဲ့များမှာ လေးမျက်နှာမြို့နယ်အတွင်းရှိ ရေဘေးသင့်ကျေးရွာများတွင် ထောက်ပံ့ရေးပစ္စည်းများ သွားရောက်လှူဒါန်းကြခြင်းဖြစ်သည်။ သို့ရာတွင် တလုတ်ထော်ရွာနှင့် ၁၅ မိုင်ခန့်အကွာ၌ ရခိုင်ရိုးမဖက်သို့ပစ်ခတ်သကဲ့သို့ လက်နက်ကြီးသံများ ကြားခဲ့ရပြီး လုံခြုံရေးစိုးရိမ်ထိတ်လန့်ခဲ့သည်ဟု ၎င်းကယ်ဆယ်ရေးအဖွဲ့ဝင်အချို့က ပြောသည်။

“လေးမျက်နှာက ရွာတော်တော်များများ ကျနော်တို့လှူပြီးပြီ။ အဲဒီနေ့ကတော့ တလုတ်ထော်ဖက်သွားလှူဖို့ တလုတ်ထော်နဲ့ ၁၀ မိုင်အကွာပဲရှိမယ်၊ လက်နက်ကြီးသံကြားရတာ အချက်(၂၀)လောက်။ အသံကကျယ်တော့ အားလုံးသတိထားပြီးနေရတယ်” ရေဘေးကယ်ဆယ်ရေးအဖွဲ့ဝင် အမျိုးသားတစ်ဦးက ပြောသည်။

ထို့အပြင် ဧရာဝတီတိုင်းရှိ ရေဘေးသင့်ဒေသအချို့တွင် စစ်အုပ်စု၏ စစ်ရေးလှုပ်ရှားမှုသတင်းများ ထွက်ပေါ်နေ၍ ယင်းဒေသများ၌ ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်လုပ်ကိုင်နိုင်ရေး စိတ်မလုံမခြုံဖြစ်နေခြင်းရှိကြောင်းလည်း လူမှုကူညီရေးအဖွဲ့နေသည့်အဖွဲများထံမှ သိရသည်။

ဖော်ပြပါ အမျိုးသားကပင် ဆက်လက်၍ “အခုက ကျနော်တို့သွားတာ ဒုတိယကြိမ်ပါ။ ပထမတစ်ခေါက်က မရောက်တဲ့ရွာဖက်ကို ပြန်သွားတာပေါ့။ အဲ့ဒီလို လက်နက်ကြီးသံကြားတော့ ဆက်မသွားရဲကြတော့ဘူး” ဟု ကေအိုင်စီကို ပြောသည်။

ရေဘေးမဖြစ်ပေါ်ခင် ပြီးခဲ့သည့် ဇန်နဝါရီလက ရွှေသောင်ယံမြို့၊ သာပေါင်းမြို့နယ်တို့တွင် တော်လှန်ရေးတပ်ဖွဲ့နှင့်စစ်အုပ်စုတို့ တိုက်ပွဲများစတင်ခဲ့ခြင်းဖြစ်ပြီး မတ်လ၌ ရေကြည်၊ လေးမျက်နှာ နှင့် အင်္ဂပူမြို့နယ်ကြားသို့ တိုက်ပွဲ ရောက်ရှိလာသည်။

ထို့အတူ ဒေသတွင်းသတင်းများအရ လေး‌မျက်နှာမြို့နယ်၊ ပန်းတောကြီးရွာကို အာရက္ခတပ်တော်(AA)နှင့်ပူးပေါင်းတပ်များ သိမ်းယူလိုက်သည့် ဧပြီလနောက်ပိုင်း စစ်အုပ်စုက ဒေသထဲ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သလို ဇူလိုင်(၁၀)ရက်နေ့ကလည်း ငှက်ပျောတောရွာတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး ဒေသခံ(၂)ဦးသေဆုံးခဲ့ခြင်း ရှိခဲ့သည်။

စစ်ရေးအပြင် ဇူလိုင်လကုန်မှစတင်ခဲ့သော ရေဘေးမှာ တစ်လနီးပါးကြာမြင့်လာပြီး လေးမျက်နှာမှ အိုင်သပြု၊ ငါးသိုင်းချောင်း၊ ရေကြည်၊ ကျုံပျော်၊ ဟင်္သာတနှင့် ဇလွန်မြို့တို့အထိ ကျယ်ပြန့်လာရာ ပြည်သူသိန်းနှင့်ချီ ရေဘေးသင့်နေကြောင်း ကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။