Home သတင်း ရှမ်းပြည်၊ မယ်စုံတောင်ရွာရှိ စစ်ရှောင်နှင့်ဒေသခံ(၁၆၀)ခန့် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်

ရှမ်းပြည်၊ မယ်စုံတောင်ရွာရှိ စစ်ရှောင်နှင့်ဒေသခံ(၁၆၀)ခန့် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်

19
Photo: Tun Myanmar Donation

ဩဂုတ် (၁၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မယ်စုံတောင်ကျေးရွာရှိ စစ်ရှောင်နှင့်ဒေသခံ စုစုပေါင်း(၁၆၀)ဝန်းကျင်တွင် ရာသီတုပ်ကွေးလက္ခဏာ ဖျားနာ၊ နှာစေး၊ ချောင်းဆိုးများ ဖြစ်ပွားနေ၍ ကျန်းမာရေးစောင့်ရှောက်မှုအကူအညီ လိုအပ်နေကြောင်း စစ်ဘေးရှောင်အကူအညီပေးနေသည့်အဖွဲ့ထံမှ သိရသည်။

တိုက်ပွဲများကြောင့် မိုးဗြဲ၊ ဖယ်ခုံမှ လာရောက်ရှောင်တိမ်းနေသော မယ်စုံတောင် စစ်ရှောင်များနှင့်ဒေသခံ စုစုပေါင်း(၁၆၀)ခန့်တွင် ဖျားနာမှုဖြစ်ပွားနေသည်မှာ တစ်ပတ်ကြာမြင့်လာပြီး ဆေးကုသမှုပေးမည့် ကျန်းမာရေးအဖွဲ့မရှိသဖြင့် ရောဂါမသက်သာဘဲ ရှိနေသည်ဟု စစ်ရှောင်ကူညီနေသည့် ထွန်းမြန်မာဒိုနေးရှင်းက ဆိုသည်။

“နယ်လည့်ကျန်းမာရေးအဖွဲ့တစ်ဖွဲ့ ဝင်သွားတုန်းက ဘယ်လိုနေ၊ ဘယ်လိုထိုင်ဆိုပြီး ညွှန်ကြားပါသေးတယ်။ ဒါပေမဲ့ မသက်သာတော့ ဒေသခံတွေနဲ့ကော်မတီဘက်က အကူအညီတောင်းလို့ ကျနော်လည်း ဖေ့ဘွတ်ခ်မှာ ပို့စ်တင်ပြီး အကူအညီတောင်းရတာပဲ” ဟု အဖွဲ့တာဝန်ရှိသူက ပြောသည်။

မယ်စုံတောင်အပါအဝင် ဆေးပေးခန်းမရှိသည့် အခြားစစ်ဘေးရှောင်စခန်းများသို့ ကျန်းမာရေးအဖွဲ့များ တစ်လတစ်ကြိမ် ဝင်ရောက် စောင့်ရှောက်မှုပေးလေ့ရှိသော်လည်း နယ်မြေမတည်ငြိမ်၍ စစ်ဘေးရှောင်များ ဆေးရုံ၊ ဆေးခန်းအချိန်မီမသွားနိုင်သလို ယခုလို မိုးရာသီဖြစ်ခြင်းကြောင့် သွားလာရေးအခက်အခဲရှိသည်ဟုလည်း စစ်ဘေးရှောင်ကော်မတီဘက်မှ သိရသည်။

စစ်အုပ်စုနှင့် ပအိုဝ်းပြည်သူ့စစ်များ ဖယ်ခုံဒေသဘက်သို့ ပူးပေါင်းထိုးစစ်ဆင်လာသော ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်တွင် စစ်ကြောင်းနှင့်အပြိုင် စစ်တပ်ဘက်က ပစ်ခတ်မှုများလုပ်ဆောင်ခြင်းကြောင့် ဒေသခံသောင်းနှင့်ချီပြီး စစ်ဘေးရှောင်နေကြရခြင်းဖြစ်သည်။

ယခု ၂၀၂၆ ခုနှစ်တွင်လည်း မိုးဗြဲနှင့်အနီးဝန်းကျင်၌ စစ်အုပ်စုနှင့်တော်လှန်ရေးတပ်ဖွဲ့များ တိုက်ပွဲ ဆက်လက်ဖြစ်ပွားလျက်ရှိသလို မိုးဗြဲ-ဖယ်ခုံလမ်းကို ထိန်းချုပ်နိုင်ရေး စစ်တပ်၏စစ်ကြောင်းများ ဆက်လက်လှုပ်ရှားနေခြင်းရှိကြောင်းလည်း ဒေသတွင်းသတင်းအမြစ်များမှ သိရသည်။