Home သတင်း မြန်မာ အာဏာသိမ်းသမ္မတ ထိုင်းရောက်နေစဥ် အရပ်ဖက်အဖွဲ့(၁၆)ဖွဲ့ ကန့်ကွက်စာထုတ်

မြန်မာ အာဏာသိမ်းသမ္မတ ထိုင်းရောက်နေစဥ် အရပ်ဖက်အဖွဲ့(၁၆)ဖွဲ့ ကန့်ကွက်စာထုတ်

13
Photo: Amarin News

ဩဂုတ် (၆) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုတင်နှင့်တွေ့ဆုံရန် ယနေ့ ဩဂုတ်လ(၆)ရက်နေ့တွင် မြန်မာ အာဏာသိမ်းသမ္မတ မင်းအောင်လှိုင်၊ ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ ရောက်ရှိနေစဥ် အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ ဒီမိုကရေစီနှင့်လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသည့် အရပ်ဖက်(၁၆)ဖွဲ့က ကန့်ကွက်စာထုတ်ပြန်သည်။

ကရင်ပြည်နယ်နှင့်တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်တို့လည်း လိုက်ပါသွားသည့် မင်းအောင်လှိုင်၏ နှစ်ရက်တာ ခရီးစဥ်အတွင်း လုံခြုံရေး၊ နယ်စပ်စီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာကိစ္စများ ဆွေးနွေးရန်ရှိသည်ဟု ထိုင်းသတင်းများကဖော်ပြသည်။ ရင်းနှီးမြှုပ်နှံမှုနှင့်ကုန်သွယ်ရေးအတွက်ကိုလည်း ထိုင်း-မြန်မာ စီးပွားရေးဖိုရမ် သို့တက်ရောက်၍ စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံရန်ရှိနေသည်။

စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်သည် မြန်မာပြည်သူများအပေါ် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်၍ ၎င်းအာဏာတည်မြဲရေး လုပ်ဆောင်နေသောကြောင့် ထိုင်းနိုင်ငံခရီးစဥ်အား ကန့်ကွက်ရှုတ်ချခြင်းဖြစ်သည်ဟု အရပ်ဖက်အဖွဲ့များက ဆိုသည်။

ထိုင်းအစိုးရအနေဖြင့် စစ်အုပ်စုနှင့်ပူးပေါင်းဆောင်ရွက်မှုကိုရပ်တန့်ပြီး ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ၏ အသံကိုနားထောင်ရန်၊ နိုင်ငံတကာအကူအညီများ လိုအပ်သူထံတိုက်ရိုက်ရောက်ရှိရန်၊ စစ်တပ်ကို တရားဝင်မှုနှင့် အာဆီယံအတွင်း ပါဝင်ရမည့်အခန်းကဏ္ဍကို မပေးအပ်ရန် အဖွဲ့(၁၆)ဖွဲ့က တောင်းဆိုထားသည်။

ထို့အပြင် စစ်အုပ်စုကို အားပေးအားမြှောက်လုပ်ခြင်းက ပြည်တွင်းစစ်ပွဲကိုသာ ကြာရှည်စေပြီး နှစ်နိုင်ငံနယ်စပ်နေပြည်သူများနှင့် ဒေသအတွင်း လုံခြုံရေးကိုပါ သက်ရောက်မှုရှိစေသည်ဟုလည်း တဆက်တည်း ဖော်ပြသည်။

လက်ရှိခရီးစဥ်သည် မင်းအောင်လှိုင် သမ္မတရာထူးယူပြီးနောက် တရုတ်၊ အိန္ဒိယနှင့် လာအိုနိုင်ငံပြီးလျှင် စတုတ္ထမြောက် ပြည်ပခရီး ဖြစ်သည်။

Photo: Amarin News

စစ်ယူနီဖောင်းမလဲခင်ကတည်းက စစ်ခေါင်းဆောင်မှာ ငြိမ်းချမ်းရေးဦးစားပေးအသွင် ဆောင်ရွက်နေသော်လည်း လက်တွေ့တွင် လေကြောင်းတိုက်ခိုက်မှုအပါအဝင် ပြည်သူအပေါ်အကြမ်းဖက်မှုများ တိုးမြှင့်လုပ်ဆောင်နေသည့်အပေါ် စောင့်ကြည့်လေ့လာသူများက အစဥ်တစိုက်ထောက်ပြလာကြသည်။

ထိုအထဲတွင် DPNS ဥက္ကဌ ဦးအောင်မိုးဇော်က “သူ(မင်းအောင်လှိုင်)လာရုံနဲ့ ကျနော်တို့တိုင်းပြည်ပြဿနာ၊ ထိုင်းနဲ့ဆက်စပ်တဲ့ပြဿနာက ပြေလည်မယ်လို့ မမြင်ဘူး။ သူ့ကို လူလိုသူလိုဆက်ဆံတာကိုက ဒီနိုင်ငံ(ထိုင်း)အတွက် ဂုဏ်သိက္ခာထိခိုက်တယ်။ ထိုင်းက တာဝန်ရှိတဲ့သူတွေအနေနဲ့လည်း ကိုယ့်ရဲ့အကျိုးစီးပွားပဲဖြစ်ဖြစ် တိုင်းပြည်အကျိုးကိုပဲဖြစ်ဖြစ် ထိခိုက်စရာရှိတယ်” ဟု ခရီးစဥ်နှင့်ပတ်သက်ပြီး မှတ်ချက်ပေးသည်။

ထိုင်းနိုင်ငံသည် ပြီးခဲ့သည့်ဇူလိုင်လက ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင်ကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံပွဲ၌ အာဆီယံအတွင်း မြန်မာ ပြန်လည်ထိတွေ့ဆက်ဆံနိုင်ရေး ထောက်ခံခဲ့ခြင်းရှိသည်။ ယင်းနောက် လက်ရှိ မင်းအောင်လှိုင်၏ဘန်ကောက်ခရီးစဥ် ဖြစ်လာသည်။

အရပ်ဖက်အဖွဲ့များကမူ ထိုအချက်ကြောင့် ထိုင်းနိုင်ငံအနေဖြင့် ရာဇဝတ်ကောင် စစ်အုပ်စုဘက်မှရပ်တည်နေသူအဖြစ် အများအမြင်မခံသင့်သလို စစ်အုပ်စုအကျိုးရှိစေမည့် မူဝါဒ၊ အကျိုးအမြတ်များကို မပေးအပ်သင့်ကြောင်းလည်း ကန့်ကွက်စာတွင် ဖော်ပြကြသည်။

ထို့အတူ အကြမ်းဖက်မှုများရပ်တန့်ရေး ထိရောက်သည့်အခန်းကဏ္ဍမှပါဝင်ရန်၊ လက်နက်အားကိုးဖြင့်အာဏာသိမ်း၊ အကြမ်းဖက်နေသည့်စစ်အုပ်စုကို နိုင်ငံတကာတွင်လက်ခံ၊ တရားဝင်မှုပေးခြင်း မပြုလုပ်သင့်ကြောင်းလည်း အာဆီယံကို တဆက်တည်း တောင်းဆိုသွားသည်။