Home သတင်း မေတ္တာမြို့မှ မယ့်သမီးထအထိ ရေလမ်းကြောင်းကို KTLA သွားလာခွင့်ပိတ်

မေတ္တာမြို့မှ မယ့်သမီးထအထိ ရေလမ်းကြောင်းကို KTLA သွားလာခွင့်ပိတ်

15
Photo: Social Media

ဩဂုတ် ၁၁ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ၊ ဘိတ်-ထားဝယ်ခရိုင်အတွင်း မိုးရာသီ ကာလ ဒေသခံလူထု အဓိကအားထားရသည့် မေတ္တာမြို့မှ မယ့်သမီးထ (ထီးထာ) အထိ ရေလမ်း ကြောင်းအား စက်လှေများ ဖြတ်သန်းသွားလာခွင့် မပြုကြောင်း ကော်သူးလေအာမီ (KTLA) က ဩဂုတ်လ ၈ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

အဆိုပါ ရေလမ်းကြောင်းကို ဩဂုတ်လ ၁၀ ရက်နေ့မှစ၍ ဒီဇင်ဘာလအထိ မည်သည့် စက်လှေမျှ ဖြတ်သန်းသွားလာခွင့် မပြုကြောင်း KTLA က ထုတ်ပြန်အသိပေးထားခြင်းဖြစ်သည်။

ထို့အပြင် မေတ္တာမြို့မှ ကမော်သွေးနှင့် မေတ္တာမြို့အထက်ရှိ ပိုးခလိုးခီးအထိ ရေလမ်းကြောင်းကိုလည်း ဒေသခံပြည်သူများအနေဖြင့် နေ့လယ်ပိုင်းအထိသာ သွားလာခွင့်ပြုပြီး ညနေပိုင်းတွင် လုံးဝ သွားလာခွင့်မပြုကြောင်းလည်း ထုတ်ပြန်ထားသည်။

ရေလမ်းကြောင်းများအပြင် ကုန်လမ်းကြောင်းဖြစ်သည့် ကွီးဝဝါမှ မယ့်သမယ်ခီးအထိ လမ်းပိုင်းကိုလည်း မော်တော်ယာဉ်များ သွားလာခွင့် ပိတ်ပင်ထားပြီး ထုတ်ပြန်ထားသည့် စည်းကမ်းချက်များကို လိုက်နာမှု မရှိပါက တာဝန်ယူမည် မဟုတ်ကြောင်းလည်း သတိပေးထားသည်။

အဆိုပါ ထုတ်ပြန်ချက်သည် ကော်သူးလေအာမီ၊ ဆာကဆောတပ်မမှ တပ်မမှူး ဗိုလ်စာအယ်ခွီး၏ လက်မှတ်ဖြင့် ထုတ်ပြန်ထားခြင်းဖြစ်သော်လည်း မည်သည့်အကြောင်းရင်းကြောင့် လမ်းကြောင်းများ ပိတ်ပင်ရသည်ကိုမူ ဖော်ပြထားခြင်း မရှိပေ။

ဒေသတွင်း ကျန်းမာရေးဆိုင်ရာ တာဝန်ယူဆောင်ရွက်နေသည့် ဒေသခံတစ်ဦးက “ကျနော်တို့က ကျန်းမာ ရေးအပိုင်းလုပ်ပေမယ့်လည်း KTLA ရှိတဲ့နေရာဆိုရင်လုံးဝသွားရဲဘူး။ မြို့နယ်ဖြစ်ဖြစ် သွားရမယ်ဆိုရင် KNUကို အရင်အကြောင်းကြားတယ်။ သူတို့ အာမခံချက်ရှိမှသွားရဲတယ်။ သွားလာရေးအပိုင်းတော့ တော်တော်အခက်အခဲရှိပါတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

လက်ရှိ KTLA က သွားလာခွင့် ကန့်သတ်ထားသည့် နယ်မြေများတွင် စစ်အုပ်စုတပ်စခန်းများ မရှိဘဲ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ဖွဲ့များသာ လှုပ်ရှားလျက်ရှိကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

KTLA ၏ ယခုလို လမ်းကြောင်းများ ပိတ်ပင်ထားသည့် အခြေအနေနှင့် ပတ်သက်၍ အသေးစိတ် သိရှိနိုင် ရေးအတွက် သက်ဆိုင်ရာအဖွဲ့၏ တာဝန်ရှိသူများထံ ကေအိုင်စီက ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။