Home သတင်း မူတြော်တွင် ဘုန်းကြီးကျောင်း ပေါင် ၅၀၀ ဗုံးကြဲခံရပြီး ကျောင်းထိုင် ဆရာတော် ပျံလွန်တော်မူ

မူတြော်တွင် ဘုန်းကြီးကျောင်း ပေါင် ၅၀၀ ဗုံးကြဲခံရပြီး ကျောင်းထိုင် ဆရာတော် ပျံလွန်တော်မူ

17
Photo: CJ

ဩဂုတ် ၁၉ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်/တပ်မဟာ ၅ နယ်မြေ၊ ဘူးသိုမြို့နယ်၊ ခေါပူကျေးရွာအုပ်စုရှိ ဖောထာ့ကျေးရွာ ဘုန်းကြီးကျောင်းကို စစ်အုပ်စုက ပေါင် ၅၀၀ ဗုံးဖြင့် လာရောက်ကြဲချခဲ့သဖြင့် ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ကျောင်းအဆောက်အအုံအချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဩဂုတ် ၁၈ ရက်၊ မွန်းလွဲ ၁၂ နာရီခွဲအချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်အုပ်စုက လေကြောင်းမှတစ်ဆင့် ဘုန်းကြီးကျောင်းဝင်းနှင့် အနီးအနားဝန်းကျင်သို့ ဗုံးကြဲ တိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု နယ်မြေခံရွာသားများက ပြောသည်။

စစ်အုပ်စုက လာရောက်ကြဲချခဲ့သည့် ပေါင် ၅၀၀ ဗုံးသီး စုစုပေါင်း ၄ လုံးအနက် ၁ လုံးမှာ ဘုန်းကြီး ကျောင်းဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ကျန် ၃ လုံးမှာ ကျောင်းအပြင်ဘက်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

Photo: CJ

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောင်းထိုင်ဆရာတော်မှာ ပွဲချင်းပြီး ပျံလွန်တော်မူခဲ့ရသလို ဘုန်းကြီးကျောင်းအဆောက်အအုံ ၃ လုံးလည်း ထိမှန်ပျက်စီးခဲ့သည်ဟု ရွာသားများက ပြောသည်။

စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်မှစ၍ ယခု ၂၀၂၆ ခုနှစ်အထိ ဖောထာ့ကျေးရွာသည် ယခု အကြိမ်အပါအဝင် စစ်အုပ်စု၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကို ၅ ကြိမ်တိုင်တိုင် ကြုံတွေ့ခဲ့ရပြီးဖြစ်သည်။ ထိုသို့ တိုက်ခိုက်ခံရမှုများကြောင့် ကျောင်းထိုင်ဆရာတော်အပါအဝင် အရပ်သားအမျိုးသားတစ်ဦးသေဆုံးကာ ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ဆိုသည်။

စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်လေ့ရှိသည့် ကေအဲန်ယူ မူတြော် ခရိုင်/တပ်မဟာ ၅ နယ်မြေတွင် ပြီးခဲ့သည့် ၂၀၂၆ ခုနှစ်၊ မေလမှစတင်ကာ စစ်အုပ်စု စစ်ကြောင်းများ ပိုမိုလှုပ်ရှားလာခဲ့သည်။ ထို့အပြင် အရပ်သားပြည်သူများ နေထိုင်ရာနေရာများသို့ လက်နက်ကြီး ပစ်ခတ်ခြင်း၊ ဒရုန်းနှင့် လေကြောင်းတို့မှတစ်ဆင့် အဆက်မပြတ်တိုက်ခိုက်နေခြင်းတို့ကြောင့် အရပ်သား ထိခိုက်သေဆုံးမှုများ ပိုမိုမြင့်တက်လျက်ရှိကြောင်း သိရသည်။