Home တွေ့ဆုံမေးမြန်းခန်း ပြည်ပရောက်ကရင်ဒုက္ခသည်များဆိုင်ရာ လူမှုစောင့်ရှောက်ရေးအဖွဲ့(OKRSO) ဥက္ကဌ စောသောင့်ထောင်းနှင့်ဆက်သွယ်မေးမြန်းခြင်း။

ပြည်ပရောက်ကရင်ဒုက္ခသည်များဆိုင်ရာ လူမှုစောင့်ရှောက်ရေးအဖွဲ့(OKRSO) ဥက္ကဌ စောသောင့်ထောင်းနှင့်ဆက်သွယ်မေးမြန်းခြင်း။

15

“ကိုယ့်ကရင်ကိုယ့်လူမျိုးကို ချစ်ရင် ဘိုးဘွားချန်ထားတဲ့ ရိုးရာအမွေအနှစ်တွေကို ပြန်ထိန်းသိမ်းပြီး စည်းစည်းလုံးလုံးနဲ့ လက်တွဲကြပါ”

ပြည်ပရောက်ကရင်ဒုက္ခသည်များဆိုင်ရာ လူမှုစောင့်ရှောက်ရေးအဖွဲ့(OKRSO) ဥက္ကဌ စောသောင့်ထောင်းနှင့်ဆက်သွယ်မေးမြန်းခြင်း။

ဩဂုတ် (၂၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အခြေစိုက် ပြည်ပရောက်ကရင်ဒုက္ခသည်များဆိုင်ရာ လူမှုစောင့်ရှောက်ရေးအဖွဲ့(OKRSO)က ဦးဆောင်ကျင်းပမယ့် (၃၄)ကြိမ်မြောက် ကရင့်ရိုးရာ ချည်ဖြူဖွဲ့ပွဲအခမ်းအနားကို လာမယ့် ဩဂုတ်လ(၂၃)ရက်နေ့၊ ဘန်ကောက်မြို့မှာ ကျင်းပပြုလုပ်သွားဖို့ရှိနေပါတယ်။

ဒီအစီအစဥ်နဲ့ဆက်စပ်လို့ ကရင်ရိုးရာလက်ချည်ပွဲကို ထိုင်းနိုင်ငံမှာရောက်ရှိနေတဲ့ ကရင်လူထုတွေ စုပေါင်းပါဝင်ဆင်နွှဲနိုင်အောင် ပွဲကျင်းပနိုင်ရေးခွင့်ပြုချက် အဆင့်ဆင့် လုပ်ဆောင်ရတဲ့အခြေအနေတွေနဲ့ ပွဲတက်ရောက်သူတွေလိုက်နာရမယ့် စည်းကမ်းချက်တွေကို OKRSO ရဲ့ ဥက္ကဌ စောသောင့်ထောင်းနဲ့ ကေအိုင်စီ-ကရင်သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ကရင်ရိုးရာ လက်ချည်ပွဲဖြစ်ဖြစ် ကရင်နှစ်သစ်ကူးပွဲဖြစ်ဖြစ် သူများနိုင်ငံမှာ လာရောက်ကျင်းပရတဲ့အခါမှာ ဘယ်လို ခွင့်ပြုချက်အဆင့်ဆင့် တောင်းရတာရှိလဲ။
ဖြေ။ ပွဲကြီးတစ်ပွဲကျင်းပမယ်ဆိုရင် ကိုယ့်နိုင်ငံမဟုတ်တော့ ချက်ချင်း တန်းပြီးကျင်းပလိုက်လို့မရဘူးပေါ့။ ခွင့်ပြုချက်အဆင့်ဆင့်သွားနေရတယ်။ ပထမအဆင့်က ကျင်းပမယ့်နေရာကို ခွင့်ပြုချက် သွားပြီးတောင်းယူရတယ်။ ဘုန်းကြီးကျောင်းဝင်းမှာ လုပ်မယ်ဆိုရင် ကျောင်းထိုင်ဘုန်းကြီးနဲ့ သွားတွေ့ဆုံ ခွင့်ပြုချက်ယူရတယ်။ တကယ်လို့ ဘုန်းကြီးက ခွင့်ပြုပြီဆိုရင်လည်း မပြီးသေးဘူး။ သက်ဆိုင်ရာရပ်ကွက်ရုံး ပြီးတော့ မြို့နယ်ရုံးတွေမှာ ဆက်သွားပြီး ခွင့်ပြုချက်ထပ်ယူရသေးတယ်။ သဘောတူညီချက် လက်မှတ်တွေ ထိုးရတယ်။ အဲဒီဘက် ရပြီဆိုရင် ပွဲဖြစ်မြောက်ရေးကော်မတီတွေက ပွဲဘယ်လိုကျင်းပမလဲ တာဝန်ခွဲဝေမှုအပိုင်းတွေ ပြန်ထပ်ပြီးလုပ်ရတယ်။ တစ်ခါမက တွေ့ဆုံမှုတွေ လုပ်ရတယ်။ အဓိကကတော့ ပွဲတစ်ပွဲမှာ ဟာကွက်နည်းအောင်ဖြစ်တယ်။ ဘယ်ပွဲမဆို ၁၀၀ ရာခိုင်နှုန်းတော့ ချောချောမွေ့မွေ့ဖြစ်မှာမဟုတ်ဘူး။ ပွဲလုပ်ပြီဆိုရင် ဝေဖန်မှုတွေကတော့ ရှိနေမှာပဲ။ ဝေဖန်မှုနည်းအောင်တော့ စနစ်တကျ စီစဉ်ပေးရတယ် အချိန်တွေပေးရတယ်။ တိုင်ပင်မှု၊ အကြံပေးမှုတွေကလည်း အများကြီးအရေးပါတယ်။

မေး။ အဓိက ခွင့်ပြုချက် သွားတောင်းတဲ့အခါမှာ ဘာတွေ လိုအပ်သလဲ ဘာအချက်တွေ ကတိပေးထားရတာတွေရှိလဲ။
ဖြေ။ ခုနက ပြောသလိုပဲ နေရာခွင့်ပြုချက်၊ မြို့နယ်ရုံးခွင့်ပြုချက် ပြီးတော့ ပုလိပ်ရုံးခွင့်ပြုချက်တွေ သွားယူရတယ်။ မြို့နယ်ရုံးသွားတဲ့အခါမှာ နေရာကျင်းပခွင့်ပေးတဲ့ ဘုန်းကြီးကျောင်းခွင့်ပြုချက်စာ ပြရပါတယ်။ အဲဒါပြီးရင် ရဲစခန်းမှာ သွားတင်ရသေးတယ်။ အဲဒီမှာသွားတင်ရင် ခုနက ခွင့်ပြုချက်ရထားတဲ့ ဘုန်းကြီးကျောင်းခွင့်ပြုချက်၊ မြို့နယ်ရုံးခွင့်ပြုချက်စာပြရတယ်။ ပြီးရင် နေ့ရက်၊ အချိန်၊ လူဦးရေ၊ ပြီးတော့ သုံးမယ့် အသံချဲ့စက်ကဘယ်လိုတွေလဲ တင်ပြရတယ်။ အဲဒါတွေပြည့်စုံမှ သူတို့က ပွဲကျင်းပခွင့်ပြုချက်တွေ ပေးမယ်။ အဲဒီခွင့်ပြုချက်ရမှ ပွဲဆက်လုပ်မယ့်အစီစဉ်တွေက ဆက်ပြီး စီစဉ်လို့ရတယ်။

မေး။ လာရောက်မယ့် လူတွေကိုရော ပွဲကော်မတီတွေဘက်က စည်းကမ်းသတ်မှတ်ချက်တွေ ဆောင်ရန်၊ ရှောင်ရန်အချက်တွေ သတ်မှတ်ထားတာရှိလား။
ဖြေ။ ကျနော်တို့ OKRSO ကျင်းပတဲ့ပွဲမှာ ဒီနှစ်က အဓိကတော့ ပွဲလာမယ့်လူတွေလိုက်နာရမယ့် အချက်တွေက ဝတ်စားဆင်ယင်မှု၊ ပြီးတော့ အသောက်အစား၊ နောက်တစ်ခုကတော့ ဆူညံမှုနဲ့ပတ်သက်ပြီး အသိပေးတာရှိတယ်။ ဘာလို့လဲဆိုတော့ ပွဲထဲကို လာမယ်ဆိုရင် ကောင်းကောင်းမွန်မွန်လာပေးဖို့ပေါ့။ ဘာဖြစ်လို့လဲဆိုရင် ဒီနှစ်ပွဲမှာ တက်ရောက်မယ့် ဖိတ်ကြားထားတဲ့ လူကြီးတွေများတယ်။ အဓိကကတော့ ကိုယ့်ရိုးရာဓလေ့ ယဉ်ကျေးမှုကို ပြသတဲ့ ပွဲလည်းဖြစ်တော့ ကောင်းကောင်းမွန်မွန်လာပေးဖို့တော့ လိုတာပေါ့နော်။ ကျနော်တို့လည်း ကြေငြာထားတာရှိပါတယ်။ ကိုယ့်ရိုးရာပွဲလာတယ်ဆိုတော့ ကရင်ရိုးရာအင်္ကျီကိုတော့ ဝတ်လာပေးဖို့ပေ့ါ။
တစ်ခြားတိုင်းရင်းသားမျိုးနွယ်စုတွေကိုတော့ ပြောတာမဟုတ်ဘူး။ သူတို့လည်း ကိုယ့် ရိုးရာယဉ်ကျေးမှုပွဲကို လာချင်မှာပဲ၊ လာရင် သူတို့ရဲ့ ရိုးရာဝတ်စုံတွေနဲ့ ဝတ်လာရင်တော့ ဒါလည်း သူတို့အတွက် ကောင်းတာပေါ့။ ကိုယ့်ကရင်ရိုးရာဝတ်စုံတွေ ဝတ်လာရင်တော့ ကျနော်တို့က ပိုပြီးတော့ ဝမ်းသာတာပေါ့။ ဒါပေမယ့် အဲဒါက အဓိကပြောချင်တာမဟုတ်ဘူး။ ကျနော်တို့ ပြောချင်တာက အထူးသဖြင့် တချို့ ကိုယ့်ရဲ့ ရိုးရာပွဲကိုလာတာ ကရင်ရိုးရာဝတ်စုံကိုမဝတ်ဘဲ သူတို့ဖွဲ့ထားတဲ့ သူတို့ အဖွဲ့နာမည်နဲ့ ရိုက်ထားတဲ့ စတေကာတွေနဲ့ဝတ်လာပြီး တစ်ခါတစ်လေ မလိုအပ်တဲ့ ပြသနာတွေဖြစ်တတ်တယ်။ အဲဒါကြောင့် အဲဒီလို အဖွဲ့တံဆိပ်တွေ ရိုက်ထားတဲ့ အင်္ကျီတွေမဝတ်လာဖို့တော့ ဒီနှစ်မှမဟုတ်ဘူး နှစ်စဉ်နှစ်တိုင်းပဲ သတိပေးတာရှိပါတယ်။

မေး။ ဒီလို ကန့်သတ်ချက်တွေ ချလိုက်တာက ကိုယ့်ရဲ့ ရိုးရာဓလေ့ပွဲလာပြီး ပွဲထဲမှာ ပုဂ္ဂိုလ်ရေးပြဿနာတွေကြောင့် ရန်ဖြစ်တာမျိုးတွေရှိခဲ့ဖူးလို့လား။
ဖြေ။ ရန်ဖြစ်ပြဿနာကြီးဖြစ်တဲ့အထိတော့ မရှိဘူးပေါ့။ ဒါပေမယ့် နည်းနည်းပါးပါးစကားများတာတွေတော့ ရှိဖူးတယ်။ လားမီထ ပွဲတုန်းကဆိုရင် ကိုယ့်ရိုးရာဝတ်စုံနဲ့မလာရင် ပွဲထဲမပေးဝင်ဘူး၊ အဲလိုသတ်မှတ်ချက်တွေ လုပ်ထားတယ်။ ပွဲကိုလာရင် ရိုးရာဝတ်စုံတွေ ဝတ်လာဖို့ကတော့ ကျနော်တို့ ကြိုတင် ကြေငြာထားတာတွေတော့ရှိပါတယ်။ ဝတ်စုံမပါရင် ပွဲမှာရောင်းတာရှိတယ်၊ အဲဒီမှာ ဝယ်ယူပြီးဝတ်လာလို့ရတယ်။
ဒီနှစ် ကျနော်တို့ OKRSO ပွဲကတော့ အရင်နှစ်တွေထက် စည်းကမ်းချက်ပြန်ကြပ်လိုက်တယ်။ တကယ်လို့ ပွဲထဲမှာ ပြဿနာဖြစ်ရင် လက်လွှတ်စပယ် မထားဘူး ဖမ်းဆီးခံရမှုတွေ ဖြစ်လာမယ်။ ပွဲလုံခြုံရေးကလည်း ဒီနှစ်ကလာရောက်ယူမယ့် အဖွဲ့တွေများတယ်။ KKO တို့ ဒေါကလူတို့က လုံခြုံရေးယူပေးမှာရှိတယ်။ ဒါက ကိုယ့်ကရင်ဘက်က လုံခြုံရေးယူပေးတာပေါ့ ။ ထိုင်းပုလိပ်ဘက်မှာဆိုရင်တော့ လုံခြုံရေးယူတာရှိတယ်။ တကယ်လို့ ပြဿနာတွေဖြစ်ရင် သူတို့က ဖမ်းမယ် ပြီးရင် နိုင်ငံ ပြန်ပို့မယ့်အထိရှိတယ်ပေါ့။ အဲဒါက သူတို့ဘက်က ဥပဒေ စည်းကမ်းချက်တွေထုတ်ထားတာပေါ့။

မေး။ မိမိနိုင်ငံထဲမှာလုပ်တဲ့ပွဲမဟုတ်ပေမယ့်လည်း ရောက်တဲ့နိုင်ငံမှာ ကရင်လူထုတွေ လက်ချည်ပွဲဆိုရင် စည်စည်ကားကားနှစ်စဉ်ကျင်းပတာတွေ့နေရတယ်။ ဒါက ဘာအတွက် ဒီလို စည်စည်ကားကားကျင်းပဖြစ်တာလဲ ရှင်းပြပေးပါအုံး။
ဖြေ။ ထိုင်းနိုင်ငံထဲမှာဆိုရင် ကရင်လူထုတွေရှိတာများတယ်။ နေရာမတူဘဲ တချို့အဖွဲ့တွေ ဦးစီးပြီး စည်စည်ကားကားကျင်းပတာတွေလည်း ရှိပါတယ်။ ကျနော်တို့ OKRSO အနေနဲ့ကတော့ ဒီနှစ်ဆိုရင် ကရင်လက်ချည်ပွဲကျင်းပတာက (၃၄) ကြိမ်မြောက်ရှိသွားပါပြီ။ ဒါက မိဘဘိုးဘွားအစဉ်အဆက်က ချန်ထားတဲ့ ရိုးရာအမွေအနှစ်ဖြစ်တယ်။ မျိုးဆက်အဆက်ဆက်က ထိန်းသိမ်းသင့်တယ်။ အဓိကတော့ ရိုးရာဓလေ့တွေကို နောင်လာနောင်သားအဆင့်ဆင့်သိဖို့ ထိန်းသိမ်းဖို့အတွက် ရောက်တဲ့နေရာမှာ ကိုယ့်ရဲ့ ရိုးရာဓလေ့ယဉ်ကျေးမှုတွေကို ဖော်ထုတ် ထိန်းသိမ်းတာဖြစ်တယ်။ ပွဲထဲမှာဆိုရင်လည်း ကရင်လက်ချည်ရာမှာ ပါဝင်တဲ့တစ်ခုချင်းအလိုက် အဓိပ္ပါယ်တွေဘယ်လိုရှိလဲ၊ အကျိုးကျေးဇူးတွေဘယ်လိုရှိလဲ ရှင်းပြပါတယ်။

မေး။ လက်ချည်ပွဲမှာ နှစ်စဉ်နှစ်တိုင်း ထိုင်းနိုင်ငံမှာရှိတဲ့ လူသိများတဲ့ အဏာပိုင်ထဲကဖြစ်စေ၊ လွတ်တော်ကိုယ်စားလှယ်ဖြစ်စေ ဖိတ်တာမျိုး တွေ့ရတယ်၊ အဓိက ဘာကြောင့် သူတို့တွေကို ပွဲတက်ဖို့ ဖိတ်ကြားဖြစ်တာလဲ ရှင်းပြပေးပါအုံး။
ဖြေ။ ကျနော်တို့က သူတို့နိုင်ငံမှာ လာရောက်နေထိုင်တယ်။ ကျနော်တို့မှာလည်း ဒီလို ရိုးရာဓလေ့တွေ ရှိတာကို သူတို့ကို ပြချင်တယ်။ နောက်တစ်ခုက ကျနော်တို့ ကရင်လူမျိုးစုတွေက သူများနိုင်ငံမှာ အခက်အခဲတွေကြားအလုပ်လာလုပ်ရင်း ရိုးရာဓလေ့ပွဲကို ခက်ခက်ခဲခဲနဲ့ ဘယ်လိုတွေ ကျင်းပရလဲ ဘယ်လိုတွေ ထိန်းသိမ်းဖော်ထုတ်လဲ အဓိကပြချင်တာလည်းဖြစ်တယ်။ပြီးရင် ကျနော်တို့ ကရင်လူမျိုးတွေအတွက် သူတို့ ဘာတွေ လုပ်ဆောင်ပေးနိုင်မလဲ၊ တစ်ခုခုလုပ်ပေးရင်လည်း ကျနော်တို့အတွက်က သက်သာချောင်ချိသွားတာပေါ့။

မေး။ ထိုင်းနိုင်ငံမှာ ဒီနှစ်ဆိုရင် အဖမ်းအဆီးတွေများလာတယ်၊ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် အရင်နှစ်ကထက် အသွားအလာအနေအထိုင်ကအစ ပိုကြပ်လာတာကိုတွေ့နေရတော့ ပွဲကျင်းပဖို့အတွက်ကရော အခက်အခဲဘာတွေရှိလဲ။
ဖြေ။ အခက်အခဲတွေကတော့ သူများနိုင်ငံမှာလာနေတာက သိတဲ့အတိုင်းပဲပေါ့ ။ အဓိကကတော့ သွားသတိ လာသတိ လိုတယ်။ ကျနော်တို့ကတော့ သူတို့နေရာကနေစပြီး ပွဲအထိတော့ တာဝန်တော့မယူနိုင်ဘူးပေါ့။ သွားလာတစ်ချက်တော့ သတိထားပေါ့။ ပွဲထဲမှာကတော့ လုံခြုံရေးတွေရှိတော့ စိုးရိမ်စရာမရှိဘူး။ ရွှေ့ပြောင်းအလုပ်သမားတွေ တွေ့တဲ့အတိုင်းပဲ တချို့ ပုလိပ်တွေက တာဝန်အရ လိုက်ဖမ်းဆီးစစ်ဆေးတာရှိတယ်။ တချို့ကတော့ တာဝန်မကဘဲ ကျော်လွန်ပြီး လုပ်ဆောင်တာတွေလည်းရှိတော့ အဓိက က ကိုယ်တွေသွားလာတဲ့အခါမှာတော့ သွားသတိ၊ လာသတိတော့ထားရတာပေါ့။

မေး။ နောက်ဆုံးဘာထပ်ဖြည့်စွက်ပြောချင်တာရှိပါသလဲ။
ဖြေ။ ကျနော်တို့က ကရင်လူမျိုးဖြစ်တယ်။ ကိုယ့်ကရင်ကိုယ့်လူမျိုးကို ချစ်ရင် ဘိုးဘွားချန်ထားတဲ့ ရိုးရာအမွေအနှစ်တွေကို ပြန်ပြီးထိန်းသိမ်းပြီး စည်းစည်းလုံးလုံးနဲ့ လက်တွဲကြဖို့ပဲ ပြောချင်ပါတယ်။