Home တွေ့ဆုံမေးမြန်းခန်း “ထီးလူသာ” Game App တည်ထောင်သူ စောမားဘလက်(စ်)စိုး နှင့် တွေ့ဆုံမေးမြန်းခြင်း

“ထီးလူသာ” Game App တည်ထောင်သူ စောမားဘလက်(စ်)စိုး နှင့် တွေ့ဆုံမေးမြန်းခြင်း

10
Photo: Hteeluthar Kids' Fb

“နည်းပညာကို ဖျက်ဆီးဖို့ မဟုတ်ဘဲ၊ မြစ်တစ်မြစ်လို လှုပ်ရှားနှိုးထလာမယ့် ကရင်မျိုးဆက်သစ်တွေရဲ့ စာပေနဲ့ ယဉ်ကျေးမှု ကောင်းကျိုးအတွက် အသုံးချရမှာ ဖြစ်ပါတယ်”

“ထီးလူသာ” Game App တည်ထောင်သူ စောမားဘလက်(စ်)စိုး နှင့် တွေ့ဆုံမေးမြန်းခြင်း

ဩဂုတ် (၂၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ဒစ်ဂျစ်တယ်ခေတ်တွင် မျိုးဆက်သစ် ကရင်လူငယ်များနှင့် ကလေးများအကြား မိခင်ဘာသာစကား ပြောဆိုရေးသားနိုင်မှု အားနည်းလာသည့် စိန်ခေါ်မှုကို ဖြေရှင်းနိုင်ရန် နည်းပညာအသုံးပြုမှုကို ဘာသာစကားလေ့လာသင်ယူမှုနှင့် ချိတ်ဆက်ပေးမည့် “ထီးလူသာ”(Game App) နှင့် ပတ်သက်၍ ဖန်တီးဖြစ်ပုံ၊ ကြုံတွေ့ခဲ့ရသည့် အခက်အခဲ များနှင့်ကရင်စာပေတိုးတက်ရေး ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဥ်များကို App တည်ထောင်သူ စောမားဘလက်(စ်)စိုး အား ကေအိုင်စီက တွေ့ဆုံမေးမြန်းထားပါသည်။

မေး။ ဒီလို Interactive ဂိမ်းတွေနဲ့ သင်ယူမှုပုံစံကို ဖန်တီးဖို့ ဘယ်လိုမျိုး စိတ်ကူးစိတ်သန်းတွေကနေ စတင်ဖြစ်ခဲ့တာလဲ သိပါရစေ။
ကျနော် ကရင်သီချင်းတွေစဆိုတဲ့အချိန်မှာဆို မြို့ပြမှာနေတဲ့ကရင်လူငယ်တွေက ကရင်စကားပြောတာ အားနည်းကြတယ်။ တချို့ကျတော့ နားလည်ပေမဲ့ ပြောမတတ်ကြဘူး။ တချို့ကျတော့ လုံးဝနားမလည်ဘူး။ ကျနော် ကလိုဒေါ်ကွယ် တေးဂီတအဖွဲ့ထဲ စတင်ဝင်ရောက်ပါဝင်တဲ့အချိန်မှာဆို တေးသီချင်းတွေဟာဆိုရင် ကရင်လူမျိုးတွေ ကိုယ့်ဘာသာစကား စာပေနဲ့ ယဉ်ကျေးမှုတို့ကို သင်ယူလို့ရတဲ့ တန်ဆာပလာတွေဖြစ်တယ်ဆိုတာကို ကျနော်တွေ့ရတယ်။ ကျနော် ကလေးအရွယ်တုန်းကဆို ကရင်သီချင်းတွေဆိုဖို့ သီချင်းရှာရတာအရမ်းခက်တယ်။ အဲဒီတုန်းကဆို တိတ်ခွေတွေပဲရှိတယ်။ အင်တာနက်လည်း မရှိသေးဘူး။ အခုလောက် ဖွံ့ဖြိုးတိုးတက်မှု မရှိသေးဘူးပေါ့။ တေးဂီတအဖွဲ့ ပေါ်ပေါက်လာပြီးနောက်ပိုင်းမှာ ကရင်သီချင်းတွေ ပိုပြီးထွက်လာတာတွေ့ရတယ်။ အရင်တုန်းကဆို ကရင်သီချင်းတွေကိုရှာရတာမလွယ်ဘူး။ ဒါပေမဲ့ ကျနော်တို့တေးဂီတအဖွဲ့က သီချင်းတွေပိုမိုဖန်တီးလာပြီး YouTube, Internet, Facebook စသည်တို့ပေါ်ပေါက်လာပြီးနောက်မှာတော့ နိုးကြားမှုတွေပိုဖြစ်လာတယ်။ အခုဆို YouTube မှာ ကရင်သီချင်းတွေအများကြီးရှိတယ်။ အဲဒါဟာ အကျိုးကျေးဇူးဖြစ်တယ်ဆိုတာကို ကျနော်တွေ့ရတယ်။ ဒါပေမဲ့ သီချင်းတွေကတော့ လူငယ်တွေအတွက်ဖြစ်တယ်။ သို့သော် ကလေးတွေအတွက် လုပ်ပေးဖို့ဆိုတာလည်း အရေးကြီးတဲ့အတွက် သူတို့အတွက် ကျနော်တို့ဘာလုပ်ပေးမလဲပေါ့။

၂၀၁၅-၂၀၁၆ လောက်မှာ ကျနော့်အတွက်ဆရာတစ်ယောက်နဲ့ဆုံတယ်။ အဲဒီမှာ သူနဲ့ကျနော်က ကရင်ဂိမ်းတွေဖန်တီးကြဖို့ ဆွေးနွေး စိတ်ကူး ကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုခေတ်ကလေးတွေက ဖုန်းဂိမ်း ကွန်ပြူတာဂိမ်းတွေနဲ့ မကင်းကွာကြဘူး။ မိဘတွေတောင်မှ သူတို့ကလေးတွေကို အနည်းဆုံး တစ်ရက်လောက်၊ တစ်နာရီ နှစ်နာရီလောက် ပေးဆော့ရတဲ့အခြေအနေပါ။ ဆိုတော့ ကျနော်တို့က Story-based games တွေကို ဖန်တီးကြဖို့ စိတ်ကူးရှိကြတယ်။ ဒီဂိမ်းကို ကျနော်တို့မလုပ်ခင် စစချင်း ၂၀၁၅-၂၀၁၆ လောက်မှာ Spotify လို online ကရင်သီချင်းတွေဖန်တီးဖို့ ကျနော်တို့မှာစိတ်ကူးရှိတယ်။ သို့သော်ပြည်တွင်းမှာဆိုရင်တော့ ငွေလွှဲတာ တွေလုပ်ဖို့မလွယ်ဘူး။ ပြည်ပကလူတွေကို အကူအညီတောင်းဖို့ဆိုတာကလည်း သူတို့က သူတို့ရဲ့ဘဏ်အကောင့်ကို ကျနော်တို့ကို လွယ်လွယ်ပေးမသုံးရဲဘူး။ ဘာကြောင့်လဲဆိုတော့ ဘယ်လိုအခြေအနေတွေဖြစ်လာမလဲဆိုတာ ကြိုတင်ပြောလို့မရဘူးလေ။ အဲဒါကြောင့် ကျနော်တို့အစီအစဉ်ကလည်း ဖြစ်မလာဘူး။ ပြီးတော့ ကျနော်တို့ Story-based games တွေဖန်တီးဖို့ စိတ်ကူးလာတယ်။ ဥပမာ နော်ဘူဘောဂိမ်းတို့လို ဖန်တီးကြမလားပေါ့။ ကျနော်တို့ ကြိုးစားလုပ်နေရင်း တစ်နှစ် နှစ်နှစ်လောက်အကြာမှာ ပြည်တွင်းမှာ မတည်ငြိမ်မှုတွေဖြစ်လာတယ်။ အဲဒါကြောင့် ကျနော်တို့တွေက တစ်နေရာစီကွဲကွာသွားကြပြီး တစ်ယောက်နဲ့တစ်ယောက် မဆုံဖြစ်ကြတော့ဘူး။ ဒါကြောင့် ကျနော်တို့ရဲ့အစီအစဉ်က ရပ်စဲသွားတယ်။ ကျနော်ဒီနိုင်ငံကိုရောက်လာပြီးနောက်မှာ ကျနော့်ရဲ့သူငယ်ချင်းနဲ့ ဆက်သွယ်ပြီး ကလေးတွေအတွက်အရင်လုပ်ပေးကြဖို့ ကျနော်တို့တိုင်ပင်ကြတယ်။ ကလေးတွေအတွက် ဖုန်းကဖြစ်ဖြစ် ကွန်ပြူတာကဖြစ်ဖြစ် interactive games တွေဖန်တီးပေးဖို့ ကျနော်တို့သူငယ်ချင်းတွေ ငွေကြေးအနည်းငယ်နဲ့ စတင်ဖန်တီးကြတယ်။

မေး။ လက်ရှိခေတ်မှာ ကလေးတွေက နည်းပညာနဲ့ မကင်းနိုင်ကြဘူးဆိုတော့ အခုလို ကရင်ဘာသာစကားကို အခြေခံထားတဲ့ ဂိမ်းတွေက ကလေးတွေရဲ့ ဘာသာစကား ကျွမ်းကျင်မှုနဲ့ မျိုးဆက်သစ်တွေအတွက် ဘယ်လောက်အထိ အရေးပါမယ်လို့ ယူဆပါသလဲ။
ဖြေ။ ဘယ်လောက်အထိ အရေးပါမယ်ဆိုတာကတော့ မိဘဆရာသမားတွေက ကလေးတွေနဲ့မိတ်ဆက်ပေးပြီး ဘယ်လိုအသုံးပြုမလဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ ကျနော် အခုနေတဲ့မြို့မှာဆို ကရင်စာသင်တန်းကျောင်းတစ်ပတ်တစ်ခါရှိပါတယ်။ အဲဒီမှာ ဆရာ၊ ဆရာမတွေက ဒီ application ကိုအသုံးပြုပြီး ကလေးတွေကိုသင်ပေးတာတွေလည်း တွေ့ရတယ်။ ကျနော်တို့အနေနဲ့က ဒီဟာကို တစ်ထောင့်တစ်နေရာကနေ ဖန်တီးပြီးပြီဖြစ်တဲ့အတွက် တစ်ထောင့်တစ်နေရာမှာ အရေးပါမယ်ဆိုတာ သေချာပါတယ်။ ဒါပေမဲ့ ကရင်စာသင်တဲ့ဆရာသမားတွေနဲ့မိဘတွေက ဒီဟာကို ကလေးတွေနဲ့မမိတ်ဆက်ပေးဘူးဆိုရင်တော့ အကျိုးဖြစ်မှာမဟုတ်ပါဘူး။ ဒီဟာကိုသူတို့အသုံးပြုပြီး တစ်ဆင့်ပြီးတစ်ဆင့် နှိုးကြားမှုဖြစ်လာမယ်ဆိုရင် အကျိုးဖြစ်မှာသေချာတယ်။ အကျိုးအမှန်တကယ်ဖြစ်မယ်လို့ ကျနော်ယုံကြည်ပါတယ်။

မေး။ ကရင်လူမျိုးထဲမှာလည်း ဘာသာစကား ကွဲပြားမှုရှိပါတယ်။ ဒီဂိမ်းတွေမှာရော ဘယ်လိုမျိုး ဘာသာစကားအမျိုးအစားတွေ ထည့်သွင်းထားပါသလဲ။ အင်တာနက် အခက်အခဲရှိတဲ့ ဒေသက ကလေးတွေအတွက်ရော ဒီဂိမ်းတွေကို အော့ဖ်လိုင်း (Offline) ဆော့လို့ရအောင် စီစဉ်ထားပါသလား။
ဖြေ။ အခုထိတော့ စကောကရင်လိုပဲရှိပါတယ်။ အဲဒါဖြစ်လာပြီဆိုရင်တော့ နောက်မှာလိုက်လာမယ့်ဟာတွေ ရှိလာလိမ့်မယ်။ ကရင်မှာ စကောတစ်မျိုးတည်းရှိတာမဟုတ်ဘဲ အရှေ့ပိုးနဲ့အနောက်ပိုး လည်းရှိပါသေးတယ်။ ကျနော်တို့ ဒီဟာကိုစလုပ်ပြီဆိုတော့ အခြားဘာသာစကားမျိုးကွဲတွေပြောဆိုကြတဲ့ ကျနော်တို့ရဲ့ကရင်ညီအစ်ကိုသားချင်းတွေကလည်း သူတို့ရဲ့ဘာသာစကားနဲ့ app တွေကို အသီးသီး ဖန်တီးလာကြမှာဖြစ်တယ်။ နောက်တစ်ခုကတော့ ကျနော်တို့ကရင်မှာ အဓိကဘာသာစကား သုံးမျိုးရှိပါတယ်။ ဒါပေမဲ့ ဒီဘာသာစကားတွေကိုသေချာလေ့လာကြည့်ရင် တစ်ခုနဲ့တစ်ခုက ဆင်တူကြတာအများကြီးရှိတယ်။ ဒီဘာသာစကားတွေရဲ့ အရင်းအမြစ်တွေကိုသိရင် ဒီဘာသာစကားတွေက အဲဒီလောက်မကွာခြားကြဘူးဆိုတာ သိရမှာပါ။ ဥပမာ ပုဇွန်ကို ကျနော်တို့က “သဒေါ်” လို့ခေါ်တယ်။ အနောက်ပိုးက “သဒန်” လို့ခေါ်ပြီး အရှေ့ပိုးက “သဒေါင်း” လို့ခေါ်ပါတယ်။ ဆိုတော့ ကျနော်တို့ကရင်တွေက ကိုယ့်လူမျိုး ကိုယ့်ဘာသာစကားကို ချစ်စိတ်ရှိပြီး ရှာဖွေလေ့လာကြမယ်ဆိုရင် တစ်ယောက်နဲ့တစ်ယောက် ပြောဆိုဆက်ဆံလို့ရပါတယ်။ ဘာသာစကားတွေကွာခြားကြပေမဲ့ ၅၀ ရာခိုင်နှုန်းလောက်က ဆင်တူကြတယ်လို့ ကျနော်ထင်ပါတယ်။

မေး။ မိဘတွေအနေနဲ့ သူတို့ကလေးတွေကို ဒီဂိမ်းတွေပေးဆော့တဲ့အခါ ကြော်ငြာတွေ ဒါမှမဟုတ် ကလေးနဲ့မဆီလျော်တဲ့ Content တွေ ပါမှာကို စိုးရိမ်တတ်ကြပါတယ်။ ဒီအပေါ်မှာ ဘယ်လို အာမခံချက်မျိုး ပေးနိုင်မလဲ။
ဖြေ။ ကျနော်နားလည်သလောက်ဆို application ထဲကြော်ငြာတွေဝင်လာဖို့ဆိုတာ application ပိုင်ရှင်က အခွင့်ပေးမှသာဖြစ်ပါတယ်။ ကျနော်တို့က ကျနော်တို့ရဲ့ application ကို advertisement နဲ့ဆက်မှသာ ကြော်ငြာဝင်မှာဖြစ်တယ်။ အခုအချိန်အထိတော့ အဲဒါမျိုးတွေမရှိသေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ရဲ့ app ကို free သုံးလို့ရတယ်။ ငွေပေးပြီးသုံးစရာမလိုဘူး။ နောက်တစ်ခုကတော့ application ကို control လုပ်တဲ့သူက ကြော်ငြာကုမ္ပဏီတွေနဲ့ချိတ်ဆက်မှ ကြော်ငြာတွေပေါ်လာမှာ။ အခုလက်ရှိထိတော့ အဲဒါနဲ့ပတ်သက်ပြီး ပြဿနာမရှိပါဘူး။

မေး။ ဂိမ်းတွေအပြင် နောက်ထပ် သင်ခန်းစာသစ်တွေကိုလည်း အမြဲမပြတ် ဖန်တီးနေတယ်လို့ သိရပါတယ်။ ရှေ့ဆက်ပြီး ဘယ်လို စိတ်လှုပ်ရှားစရာ ကဏ္ဍသစ်တွေ ထပ်တိုးလာဖို့ ရှိပါသလဲ။
ဖြေ။ ကျနော်တို့စဉ်းစားထားတာတွေက အများကြီးရှိတယ်။ ဒါပေမဲ့ ကျနော်တို့ ပြောမရသေးဘူး။ ဒီ application တစ်ခုတည်းနဲ့ပတ်သက်ရင် ကျနော်သိသလောက်တော့ KBCUSA လိုအဖွဲ့အစည်းက ကျနော်တို့ ထီးလူသာ application နဲ့အတူလာလက်တွဲဆောင်ရွက်မယ်။ သူတို့ရဲ့ curriculum ကို application ထဲမှာထည့်ဖို့ရှိတယ် လို့သိရပါတယ်။ ကျနော်တို့လျှောက်လှမ်းနေတုန်းမှာပဲ ကျနော်တို့ app ကိုစိတ်ဝင်စားပြီး အတူလက်တွဲလုပ်ဆောင်ချင်တဲ့ အဖွဲ့အစည်းတွေလည်း ရှိလာတယ်။

ပြီးတော့ application ထဲမှာ သင်ခန်းစာတွေလည်း ဆက်လက်ထပ်တိုးသွားဖို့ရှိတယ်။ ကျနော်တို့ရဲ့ ထီးလူသာ ကရင်စာသင်တဲ့ application ဟာ တဆင့်ချင်းစီဆက်သွားနေမှာဖြစ်တယ်။ လွန်ခဲ့တဲ့လတွေတုန်းက ကျနော်တို့ရဲ့ app သင်ခန်းစာတိုးချဲ့မှုတွေက ခဏလေးရပ်တန့်သွားတယ်။ IOS Apple, Android, Googleplay တို့မှာတင်နိုင်ဖို့ အဲဒီမှာ ကျနော်တို့ permission သွားတင်ထားတယ်။ ဒါပေမဲ့ permission မကျလာသေးတော့ ကျနော်တို့ရဲ့ app ကို upgrade တွေအများကြီးမလုပ်နိုင်သေးဘူး။ အခုတော့ permission ရပြီဖြစ်တဲ့အတွက် ကျနော်တို့အနေနဲ့ သင်ခန်းစာတွေကို ထပ်ပြီး တိုးချဲ့ဖို့လိုအပ်တယ်။ ဘယ်လိုသင်ခန်းစာတွေကိုဖန်တီးဖို့လိုလဲ။ ကလေးတွေအတွက် ဘယ်လိုဂိမ်းတွေထည့်ပေးသင့်လဲဆိုတာကို ကျနော်တို့စဉ်းစားပြီး တဖြည်းဖြည်းနဲ့ တိုးချဲ့သွားမှာဖြစ်ပါတယ်။

မေး။ ကရင်ဘာသာစကားလိုမျိုး တိုင်းရင်းသားဘာသာစကားတစ်ခုကို Interactive ဂိမ်းအဖြစ် ပြောင်းလဲတဲ့နေရာမှာ နည်းပညာရှင်တစ်ယောက်အနေနဲ့ အခက်ခဲဆုံး စိန်ခေါ်မှုက ဘာဖြစ်မလဲ။
ဖြေ။ စိန်ခေါ်မှုတွေက ရှိပါတယ်။ ပထမအနေနဲ့ ကျနော်တို့မလုပ်ခင် ကုန်ကျစရိတ်လေးတွေ ရှိတယ်။ ဥပမာ ဖန်တီးသူအခကြေးငွေ စသည်ဖြင့်ပေါ့။ ဆိုတော့ ကျနော်တို့က တတ်နိုင်သလောက် နည်းလမ်းရှာရပါတယ်။ ဒီအရာတွေအတွက် ကျနော်တို့ကိုကူညီပေးတဲ့သူတွေကို ကျေးဇူးတင်ရှိပါတယ်။ အလုပ်တစ်ခုလုပ်မယ်ဆို အဖိုးအခပေးရတာ ရှိပါတယ်။ broadband ဖိုးတို့ internet ဖိုးတို့ စသည်ဖြင့် အမျိုးမျိုးရှိပါတယ်။ ဒါပေမဲ့ ကျနော်တို့စီစဉ်လိုက်တော့ အဆင်ပြေသွားပါတယ်။ နောက်တစ်ခုကတော့ technical error တွေဖြစ်တယ်။ အဲဒီအပိုင်းနဲ့ပတ်သက်လို့ ကျနော်နားမလည်ဘူး။ ဒါပေမဲ့ ကျနော့်ဆရာက အဲဒါမျိုးတွေကိုကြုံရတယ်။ ဥပမာ သူတို့တင်လိုက်ပေမဲ့ ဟိုဘက်ကလက်မခံတာတို့ ကုဒ်မှားယွင်းတာတို့ စသည်ဖြင့်ရှိတယ်။ ဖုန်းမှာကြည့်လို့ရပေမဲ့ ကွန်ပြူတာနဲ့ tablet မှာကြည့်လို့မရတဲ့ error စသည်ဖြင့် စိန်ခေါ်မှုတွေရှိပါတယ်။ ကျနော်တို့ app က အခုမှစတာဖြစ်လို့ ပြဿနာကြီးကြီးမားမားတော့မရှိဘူး။ ကျနော်တို့လုပ်တဲ့လုပ်ငန်းတွေကိုပြောပြတဲ့အခါ မိဘဆရာသမားတွေက ကျနော်တို့ကို အားပေးကြပါတယ်။ အခုထိတော့ ပြဿနာကြီးကြီးမားမားမရှိသေးဘူး။

မေး။ ဒီ Interactive ကဏ္ဍကို စတင်လိုက်ကတည်းက အသုံးပြုသူ မိဘတွေဆီက ဘယ်လို တုံ့ပြန်မှု (Feedback) တွေ အများဆုံး ရရှိထားပါသလဲ။
မေး။ များသောအားဖြင့်တော့ positive feedback တွေပဲပေးကြတယ်။ ဒီနေ့ခေတ်အခြေအနေမှာ အပြောင်းအလဲကြီးကြီးမားမားဖြစ်နေပါတယ်။ ကျနော်တို့ကြီးလာတဲ့ခေတ်မှာ widow system စသဖြင့် ကွန်ပြူတာတွေစတင်ရှိလာတယ်။ ဆိုတော့ နည်းပညာနဲ့ဆိုင်တဲ့ အသိပညာတွေကို ကျနော်တို့ကြီးလာတဲ့အချိန်မှာမှ သိရှိရတယ်။ ဒါပေမဲ့ ဒီခေတ်ကလေးတွေက နည်းပညာနဲ့ဆိုင်တဲ့ အသိပညာတွေကို မွေးလာတာနဲ့သိရတယ်။ အရာအားလုံးဟာ အကောင်းနဲ့အဆိုး ဒွန်တွဲနေပေမဲ့ ဒီနေ့ခေတ်အပြောင်းအလဲတွေကို ကျနော်တို့နည်းနည်းလေး လိုက်မလျှောက်လိုက်ရင် ကျနော်တို့ နောက်ကောက်ကျကျန်ခဲ့မှာဖြစ်ပါတယ်။ အဲဒီအရာကို မိဘတွေလည်းနားလည်ပါတယ်။

အရင်တုန်းကဆို ကလေးတွေကဂိမ်းဆော့ရင် အဲဒါကို အချိန်ဖြုန်းတီးနေတဲ့လုပ်ရပ်လို့ မိဘတွေမြင်ကြတယ်။ ဒါပေမဲ့ အခုဆိုရင်တော့ မိဘတွေအချင်းချင်း တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုအကြံပေးကြလဲဆိုတော့ သူတို့အနေနဲ့ ကလေးတွေကို “ကလေးတို့ရေ၊ တစ်ရက်မှာ တစ်နာရီ ဂိမ်းဆော့ခွင့်ပေးမယ် အခြားဂိမ်းတွေမကစားခင် ထီးလူသာဂိမ်းကိုကစားပေး” စသည်ဖြင့်ပေါ့။ အကျိုးဖြစ်စေဖို့အတွက် သူတို့အချင်းချင်း အဲလိုအကြံပေးကြတာတွေရှိတယ်။ ဒီနေ့ခေတ်က AI ခေတ်ဆိုတော့ တခါတလေ နှိုးကြားမှုတွေက အရှိန်လွန်ပြီး သူများတွေက အဝေးကြီးရှေ့ကိုရောက်နေပြီ။ ကျနော်တို့က အခုမှစတင်တာဖြစ်လို့ မိဘတွေအနေနဲ့ ကောင်းတဲ့အရာလို့မြင်မယ်လို့ ကျနော်ထင်ပါတယ်။

မေး။ ဒီ App အားဖြင့်ကလေးတွေ ကရင်စာတတ်မြောက်လာဖို့ အပြင် ကလေးတွေ ဘာတွေထပ်သင်ယူရရှိနိုင်ဖို့ ဆရာတို့မျှော်လင့်ပါသလဲ။
ဖြေ။ အဓိကရည်ရွယ်ချက်က ကလေးတွေက သူတို့ရဲ့ဘာသာစကားကို သင်ယူနိုင်ပြီး သူတို့ရဲ့ဘာသာစကားနဲ့ မဝေးကွာသွားဖို့ပါ။ ကျနော်တို့ပြည်တွင်းမှာဆိုရင် ကလေးတွေကကျောင်းတက်ရင် ကျောင်းမှာ ဗမာစာကို သင်ယူရပါတယ်။ ထိုင်းက ကလေးတွေကကျောင်းတက်ရင် ကျောင်းမှာထိုင်းစာကိုသင်ရပါတယ်။ ဒါပေမဲ့ ကရင်စာသင်ဖို့ကျတော့ resource တွေကနည်းတယ်။ အဲဒါကြောင့် ကျနော်တို့ education learning application ကိုဖန်တီးခြင်းရဲ့အဓိကရည်ရွယ်ချက်က ဘာသာစကားဖြစ်ပါတယ်။

အခြား ရည်ရွယ်ချက်တော့မရှိဘူး။ ဒါပေမဲ့ တဆင့်ပြီးတဆင့်တိုးတက်လာရင် လူငယ်တွေအတွက်လည်းလုပ်ပေးဖို့ ကျနော်တို့ရည်ရွယ်ချက်ရှိပါတယ်။ စကောကရင်စကားကိုသင်ယူချင်တဲ့ ဗမာ၊ ကုလား၊ တရုတ် စသဖြင့်အခြားလူမျိုး‌တွေရှိရင်လည်း သူတို့သင်ယူလို့ရအောင် ကျနော်တို့ရည်ရွယ်ထားချက်ရှိပါတယ်။

မေး။ နောက်ဆုံးအနေနဲ့ ဘာများဖြည့်စွက်ပြောချင်ပါသလဲ။
ဖြေ။ ဒီနေ့ခေတ်က IT ခေတ်ဖြစ်တဲ့အတွက် လူ့ဘဝက ဖုန်း၊ ကွန်ပြူတာ၊ လျှပ်စစ်ပစ္စည်းတို့နဲ့မကင်းဘူး။ အရာရာကို ကောင်းတဲ့နေရာမှာ ကျနော်တို့အသုံးပြုရင် အကျိုးဖြစ်ပါတယ်။ လူတွေက AI ဟာ ဖျက်စီးမှုတွေပြုလုပ်မှာကိုစိုးရိမ်ကြတယ်။ အရာရာဟာ အကောင်းနဲ့အဆိုး ၅၀ ရာခိုင်နှုန်းစီရှိပါတယ်။ ဒီနေ့ခေတ်မှာ ကျနော်တို့နေထိုင်နေတဲ့အလျောက် ကျနော်တို့ဟာ ခေတ်အခြေအနေကိုလိုက်ရမှာဖြစ်တယ်။ ကျနော်တို့တတ်မြောက်ထားတဲ့အတတ်ပညာတစ်ခုနဲ့ ဖျက်စီးဖို့အတွက်မဟုတ်ဘဲ ကောင်းကျိုးအတွက် အသုံးပြုဖို့ ဖြစ်တယ်။

ကရာတေးကစားခြင်းဟာ တပါးသူကို ထိုးနှက်တိုက်ခိုက်ဖို့အတွက်မဟုတ်ဘဲ ကိုယ့်ကိုသူများတိုက်ခိုက်လာပါက ကိုယ့်ကိုယ်ကိုကာကွယ်ပြီး ရှောင်ရှားနိုင်ဖို့ဖြစ်တယ်။ အဲဒါကြောင့် ဒီနည်းပညာခေတ်မှာ ကျနော်တို့ကရင်တွေက ဒီအရာတွေကို သတိမူရမှာဖြစ်တယ်။ ထီးလူသာ app ကိုဖန်တီးလိုက်ခြင်းသည် IT နည်းပညာကိုတတ်မြောက်တဲ့ကရင်လူငယ်တွေအနေနဲ့ မြစ်တစ်မြစ်ဟာလှုပ်ရှားလာပြီး နှိုးထမှုတွေဖြစ်လာသလို စိတ်အားထက်သန်မှုဖြစ်လာစေဖို့ဖြစ်တယ်။ ဒီ ထီးလူသာ app တခုဖြစ်လာတာနဲ့တင် ပြီးသွားတာမဟုတ်ဘဲ IT နည်းပညာတတ်မြောက်တဲ့ကရင်တွေဟာ တစ်ယောက်နဲ့တစ်ယောက် ဒီထက်ကောင်းမွန်အောင် ဖန်တီးလုပ်ဆောင်လာကြဖို့ဖြစ်တယ်။ ကျနော်တို့လူမျိုးတွေ ကိုယ့်စာပေနဲ့ယဉ်ကျေးမှုကိုသင်ယူရာမှာ အကျိုးဖြစ်ထွန်းစေဖို့အတွက် ဖြစ်တယ်လို့ ပြောချင်ပါတယ်။