Home သတင်း ထိုင်းရောက်မင်းအောင်လှိုင်ကို ဘန်ကောက်မြို့၊ UN ရုံးရှေ့တွင် မြန်မာလူငယ်တစ်စု ဆန္ဒပြ

ထိုင်းရောက်မင်းအောင်လှိုင်ကို ဘန်ကောက်မြို့၊ UN ရုံးရှေ့တွင် မြန်မာလူငယ်တစ်စု ဆန္ဒပြ

19
Photo: The Reporters & AP

ဩဂုတ် (၆) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂ(UN)ရုံးရှေ့၌ ယနေ့ ဩဂုတ်လ (၆) ရက်တွင် ထိုင်းဝန်ကြီးချုပ်နှင့် တွေ့ရန်ရောက်လာသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်အား မြန်မာလူငယ်တစ်စု သွားရောက်စုဝေး ဆန္ဒထုတ်ဖော်မှုပြုလုပ်ခဲ့ကြကြောင်း ထိုင်းသတင်းများအရ သိရသည်။

မြန်မာ အာဏာသိမ်းစစ်ခေါင်းဆောင် ဦးဆောင်သော အစိုးရအဖွဲ့သည် ထိုင်းဝန်ကြီးချုပ် မစ္စတာအနုတင်နှင့်တွေ့ဆုံပြီး ဩဂုတ်လ(၆)ရက်မှ(၇)ရက်နေ့အထိ နှစ်နိုင်ငံကိစ္စဆွေးနွေးရန် ဘန်ကောက်မြို့သို့ ရောက်ရှိနေခြင်းဖြစ်သည်။

၎င်းကိုဆန္ဒဖော်ထုတ်သည့်အနေဖြင့် မြန်မာလူငယ်အချို့သည် “ရာဇဝတ်ကောင်ကိုမကြိုဆိုပါ” ဘန်နာများကိုင်ဆောင်ကာ သွေးသစ္စာ၊ ကမ္ဘာမကြေဘူး စသည့် နွေဦးတော်လှန်ရေးသီချင်းများဖြင့် ယနေ့တွင် ဘန်ကောက်ရှိ UN ရုံးရှေ့၌ ကြွေးကြော်ဆန္ဒဖော်ထုတ်ကြခြင်းဖြစ်သည်။

“မင်းအောင်လှိုင်ဟာ မြန်မာပြည်သူတွေရဲ့ခေါင်းဆောင်ဆိုတာ ဘယ်သူမှလက်မခံပါဘူး။ သူ့ကိုဘယ်သူမှ ခေါင်းဆောင်လို့မသတ်မှတ်ဘူး။ ထိုင်းဝန်ကြီးချုပ်အနေနဲ့ စစ်အာဏာရှင်နဲ့ဆွေးနွေးမယ့်အစား ပြည်သူ့အစိုးရနဲ့ပဲစကားပြောသင့်ပါတယ်” ဟု ဆန္ဒပြသူလူစုအဖွဲ့ ခေါင်းဆောင်အမျိုးသားက ထိုင်းမီဒီယာကို ဖြေကြားထားသည်။

ထို့အပြင် ထိုင်းနိုင်ငံအတွင်း အခကြေးငွေပေးပြုလုပ်နေရသည့် CI စနစ်အပြင် စစ်အုပ်စုက ကောက်ခံသည့် အခွန်အခများကြောင့် ထိုင်းရောက်မြန်မာရွှေ့ပြောင်းလုပ်သားများတွင် သက်ရောက်မှုရှိသည်အပေါ် ဆန္ဒပြလူငယ်များက မီဒီယာများထံ ထည့်သွင်းပြောဆိုခဲ့ကြခြင်းရှိသည်။

Photo: The Reporters & AP

ယနေ့မနက်ပိုင်းက ထိုင်းနိုင်ငံသို့ရောက်ရှိလာသည့် မြန်မာစစ်ခေါင်းဆောင်အား ထိုင်းအစိုးရက အခမ်းအနားဖြင့်လက်ခံကြိုဆိုခဲ့သည်။ ထို့နောက်တွင် ထိုင်းဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ရုံးတွင် တွေ့ဆုံခဲ့ကြပြီး စုံညီအစည်းအဝေး ဆက်လက်ကျင်းပခဲ့ကြကြောင်းလည်း သိရသည်။

ထိုအစည်းအဝေးတွင် နယ်စပ်ဒေသတည်ငြိမ်လုံခြုံရေးအတွက် ရာဇဝတ်မှုများကို ပူးပေါင်းနှိမ်နင်းရန်၊ အလုပ်သမားများ၏အခွင့်အရေးနှင့် သက်သာချောင်ချိရေးကို ထိုင်းအစိုးရက ကာကွယ်စောင့်ရှောက်ပေးရေး၊ နယ်စပ်ဖြတ်ကျော် လေထုနှင့်ရေထု ညစ်ညမ်းမှုအပေါ် နည်းပညာအားဖြင့် ပူးတွဲဆောင်ရွက်ရန်အပြင် စီးပွားရေးနှင့်ကုန်သွယ်ရေးကိစ္စများ ဆွေးနွေးသဘောတူခဲ့ကြသည်ဟု ဆိုသည်။

ထိုအထဲတွင် ရေထုညစ်ညမ်းမှုအတွက် ရေအရည်အသွေးစောင်ကြည့်စစ်ဆေးရန်၊ သတင်းအချက်အလက်ဖလှယ်ရန်နှင့် ကာကွယ်ဖြေရှင်းရေးအတွက် (၃)နှစ်သက်တမ်းရှိ ပူးတွဲလုပ်ငန်းအဖွဲ့ ဖွဲ့စည်းရေး TOR သဘောတူညီချက် စာချုပ်ကို လက်မှတ်ရေးထိုးခြင်းလည်း ပါဝင်ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။

တဖက်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေး မြန်မာ့တော်လှန်ရေးအင်အားစု၊ နိုင်ငံရေးအဖွဲ့အစည်းများကမူ ပြည်သူအပေါ် စစ်ရာဇဝတ်မှုများ ဆက်လက်ကျုးလွန်ပြီး နိုင်ငံတကာတွင်တရားဝင်မှုရရန် ကြိုးပမ်းနေသော အာဏာသိမ်းသမ္မတ ကို ထိုင်းဘက်ကလက်ခံတွေ့ဆုံမှုနှင့်ပတ်သက်၍ ဝေဖန်ပြောဆိုမှုများ တောက်လျှောက် ထွက်ပေါ်နေသည်။