Home သတင်း ညောင်လေးပင်ခရိုင်တွင် တစ်လအတွင်း စစ်အုပ်စု တိုက်ခိုက်မှုကြောင့် အရပ်သား ၅ ဦး သေဆုံးပြီး ၆ ဦး ဖမ်းဆီးခံရ

ညောင်လေးပင်ခရိုင်တွင် တစ်လအတွင်း စစ်အုပ်စု တိုက်ခိုက်မှုကြောင့် အရပ်သား ၅ ဦး သေဆုံးပြီး ၆ ဦး ဖမ်းဆီးခံရ

11
Photo: KNU

သြဂုတ်လ ၁၃ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ ညောင်လေးပင်ခရိုင်/တပ်မဟာ (၃) နယ်မြေတွင် ပြီးခဲ့သည့် ဇူလိုင် တစ်လအတွင်း စစ်အုပ်စုက လေကြောင်း၊ ဒရုန်းနှင့် လက်နက်ကြီးများအသုံးပြု၍ အကြိမ်ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ဒေသခံ အရပ်သား ၅ ဦး သေဆုံးကာ ၆ ဦး မတရား ဖမ်းဆီးခံခဲ့ရကြောင်း ကေအဲန်ယူက ထုတ်ပြန်ထားသည်။

ခလယ်လွီထူ(ညောင်လေးပင်)ခရိုင် မုန်း၊ ကျောက်ကြီးနှင့် ရွှေကျင်မြို့နယ်တို့တွင် စစ်အုပ်စုက ပြည်သူနေထိုင်ရာကျေးရွာများကို လက်နက်ကြီးပစ်ခတ်မှု(၁၁)ကြိမ်၊ ဒရုန်းတိုက်ခိုက်မှု(၁၈)ကြိမ်၊ လေကြောင်းတိုက်ခိုက်မှု(၁၁)ကြိမ် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ထိုသေဆုံးသူများတွင် အရပ်သား ပြည်သူ အမျိုးသမီး ၂ ဦး၊ အမျိုးသား ၃ ဦး ပါဝင်သည်။ ထို့အပြင် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ အကြောင်းမဲ့ ၆ ဦး ဖမ်းဆီးခံခဲ့ရပြီး ၎င်းတို့အနက် ၂ ဦးကို စစ်သင်တန်းသို့ အတင်းအဓမ္မ ပို့ဆောင်ခဲ့ကြောင်း ကေအဲန်ယူ ခရိုင်လချုပ်စာရင်း၏ ဖော်ပြချက်အရ သိရသည်။

၎င်းအပြင် ကေအဲန်ယူ၏ ထုတ်ပြန်ချက်အရ အာဏာသိမ်း စစ်အုပ်စုတပ်ဖွဲ့ဝင်များ၏ လက်နက်ကြီးပစ်ခတ်ခြင်း၊ လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက် ခြင်းများကြောင့် ပြည်သူများ၏ နေအိမ်နှင့် ဈေးဆိုင် ၂ လုံးလည်း ထိခိုက် ပျက်စီးခဲ့သေးသည်။

ကေအဲန်ယူ တပ်မဟာ(၃)နယ်မြေအတွင်း တော်လှန်ရေးအင်အားစုများနှင့် နှစ်ဖက်ထိတွေ့ တိုက်ပွဲမရှိသည့်တိုင်အောင် စစ်အုပ်စုက အရပ်သားဒေသခံများရှိနေသည့်ကျေးရွာများသို့ လက်နက်ကြီးနှင့် ဒရုန်းတိုက်ခိုက်မှု မကြာခဏ လုပ်ဆောင်လေ့ရှိသည်ဟု ဒေသခံများကဆိုသည်။

စစ်အုပ်စုတပ်မှ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုနှင့် လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုကြောင့် ယခုနှစ် ဇန်နဝါရီလမှစပြီး ဇွန်လကုန်အထိ ၆ လတာအတွင်း ဒေသအတွင်းရှိ အပြစ်မဲ့ပြည်သူ (၇၃) ဦးသေဆုံးခဲ့သည်ဟု ကေအဲန်ယူ ညောင်လေးပင်ခရိုင်၏ မှတ်တမ်းတွင် ဖော်ပြထားသည်။