Home သတင်း ဆီအမြောက်အများ ဝယ်ယူနေသည့် မြန်မာမော်တော်ယာဥ်များကို မဲဆောက်အာဏာပိုင်များ ကွင်းဆင်းစစ်ဆေး

ဆီအမြောက်အများ ဝယ်ယူနေသည့် မြန်မာမော်တော်ယာဥ်များကို မဲဆောက်အာဏာပိုင်များ ကွင်းဆင်းစစ်ဆေး

20
Photo: AEC & CJ(ပုံဟောင်း)

ဩဂုတ် (၃၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့သို့ဝင်ရောက်လာသည့် မြန်မာမော်တော်ယာဥ်အချို့ ဆီတိုင်ကီ ပြုပြင်၍ စက်သုံးဆီအမြောက်အများ ဝယ်ယူနေသည့်ကိစ္စ၊ မဲဆောက်ခရိုင်အုပ်ချုပ်ရေးရုံးနှင့်အာဏာပိုင်များမှ ဩဂုတ်(၃၀)ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးမှုပြုလုပ်ခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

မဲဆောက်စက်သုံးဆီဆိုင်များတွင် မူလဆီတိုင်ကီမှ ဆီလီတာ ၁၀၀ ကျော် သယ်ဆောင်နိုင်သော ဆီတိုင်ကီအဖြစ်ပြုပြင်ထားသည့် မြန်မာမော်တော်ယာဥ်များမှာ တစ်နေ့လျှင် ဘတ် ၄,၀၀၀ မှ ၅,၀၀၀ ဖိုးအထိ ဆီအများအပြား ဝယ်ယူနေကြကြောင်း ပြီးခဲ့သည့်ရက်ပိုင်းအတွင်း နယ်စပ်နေ ထိုင်းနိုင်ငံသားအသိုင်းအဝိုင်းက လှုမှုကွန်ရက်မှတဆင့် ဝေဖန်နေကြခြင်းဖြစ်သည်။

ဝေဖန်မှုပိုမိုကျယ်ပြန့်လာခြင်းကြောင့် ထိုင်းအာဏာပိုင်များက မဲဆောက်ရှိစက်သုံးဆီဆိုင်များသို့ လက်တွေ့သွားရောက်စစ်ဆေးခဲ့ကြရာ အဆိုပါယာဥ်များမှာ ဆီပမာဏ အများအပြား သိုလှောင်နိုင်ရန် ကားအောက်ပိုင်းတွင် ပြုပြင်ပြီးသားဆီတိုင်ကီများကို ထည့်သွင်းထားသည်ဟု ဆိုသည်။

ယင်းကြောင့် မြန်မာနိုင်ငံသားများ၏ ယာဉ်များကို တစ်စီးလျှင် ဘတ် ၁,၀၀၀ တန်ဖိုးထက် ဆီပိုမဖြည့်ပေးရန် အာဏာပိုင်များက စက်သုံးဆီဆိုင်များထံ မေတ္တာရပ်ခံခဲ့ကြောင်း သိရသည်။

ထို့အပြင် သာမန်ထိုင်းပြည်သူများက အချိန်ကြာမြင့်စွာ ဆီဖြည့်ဖို့တန်းစီစောင့်ဆိုင်းနေရချိန်တွင် မြန်မာဘက်မှရောက်လာသည့်အချို့မော်တော်ယာဥ်များမှာ ဆီကို အကြိမ်ကြိမ်ဖြည့်သလို ဈေးတိုးမြှင့်၍ မြန်မာဘက်တွင်ပြန်လည်ရောင်းချမှုလည်း ရှိသည်ဟု သတင်းများက ဖော်ပြသည်။

Photo: AEC & CJ(ပုံဟောင်း)

“အဲဒီဆီတွေက မြို့ထဲကလူတွေသုံးဖို့ထက် အခြားမြို့ပြင်က တရုတ်ဆိုဒ်တွေက အဝယ်လိုက်လို့ ရိုးရိုးဈေးရောင်းတဲ့လူတွေ အားလုံးလည်း ဆီလှောင်ပြီးရောင်းကုန်ကြတာ။ အခုချိန် အလုပ်တွေပါးတော့ ပေါ်ပင်ဖြစ်တာပြောင်းလုပ်ကြတာပေါ့။ ကားတွေလည်းခရီးသည်မဆွဲရတော့ သူတို့တွက်ဝင်ငွေတစ်ခုပေါ့” ဟု မြဝတီမြို့နေထိုင်သူတစ်ဦးက ပြောသည်။

မဲဆောက်အာဏာပိုင်များအနေဖြင့် ထိုင်းနိုင်ငံ၏ ယာဉ်ပြုပြင်မွမ်းမံမှုဆိုင်ရာ ဥပဒေနှင့်အညီ စက်သုံးဆီမှောင်ခိုသယ်ဆောင် ရောင်းချခြင်းမှ ကာကွယ်ရန် ကွင်းဆင်းစစ်ဆေးမှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ထို့အတူ တာ့ခ်ခရိုင် ကုန်းလမ်းပို့ဆောင်ရေး (မဲဆောက်ဌာနခွဲ)၊ အကောက်ခွန်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ရဲတပ်ဖွဲ့အင်အားများ ပူးပေါင်း၍ နယ်စပ်ဖြတ်ကျော် ဆီမှောင်ခိုသယ်ဆောင်မှုကို အရေးယူဆောင်ရွက်ရန် အရှိန်အဟုန်မြှင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

တစ်ချိန်တည်းမှာပင် ထိုင်းနယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ထိုင်းဘက်မှ သယ်ဆောင်လာသော စက်သုံးဆီများကို ဈေးမြှင့် တဆင့်ခံပြန်ရောင်းချသည့် ဆီမှောင်ခိုဈေးကွက် ဆက်လက်ကြီးထွားနေကြောင်း မြို့ခံများက ပြောသည်။

ယင်းကဲ့သို့ ဆီထုတ်ယူပြီး ဆီအမြောက်အများ သယ်ယူသိုလှောင်ထားသည့် ဖြစ်စဉ်များကြောင့် မြဝတီမြို့ပေါ်တွင် မီးကူးစက်လောင်ကျွမ်းရာမှ လူသေဆုံးသည်အထိ ဖြစ်ပေါ်ခဲ့ခြင်းလည်းရှိသည်။