Home သတင်း ထားဝယ်တွင် စစ်အုပ်စုစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး (၁၂) ဦးသေဆုံး

ထားဝယ်တွင် စစ်အုပ်စုစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး (၁၂) ဦးသေဆုံး

23
Photo: KNU

ဩဂုတ် (၃၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်-ထားဝယ်ခရိုင်၊ ထားဝယ်/လယ်ဒိုစိုးမြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာအနီးသို့ စစ်ကြောင်းထိုးဝင်ရောက်လာသည့်စစ်အုပ်စုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုတပ်ဖွဲ့ဝင် (၁၂) ဦးသေဆုံးခဲ့ကြောင်း ကေအဲန်ယူထံမှ သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ(၂၉)ရက် မနက်ပိုင်းက နယ်မြေထဲစစ်ကြောင်းထိုးလာသော စစ်အုပ်စုကို KNLA တပ်မဟာ (၄)၊ တပ်ရင်း (၁၂) တပ်ခွဲ (၅)၊ တပ်ရင်း (၁၀) တပ်ခွဲ (၄) နှင့် ထားဝယ်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (DNLA) ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ယမန်နေ့က ကေအဲန်ယူထုတ်ပြန်ချက်တွင် ဖော်ပြသည်။

တိုက်ခိုက်မှုအတွင်း စစ်အုပ်စုဘက်မှ တပ်ဖွဲ့ဝင်(၁၂) ဦး သေဆုံးခဲ့ပြီး လက်နက်ငယ်(၈)လက်နှင့် ခဲယမ်းအချို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက သိမ်းဆည်းရရှိခဲ့သည်ဟု ဆိုသည်။

ဒေသခံများပြောပြချက်အရ အာဏာသိမ်းပြီးကတည်းက စစ်အုပ်စုသည် မောင်မယ်ရှောင်ရွာနှင့် ကားလမ်းမပေါ် စစ်ကြောင်းလှည့်လည်သွားလာလေ့ရှိသလို ရွာခံများကိုဖမ်းဆီးပြီး ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်းနှင့် လက်နက်ကြီးပစ်ခတ်ခြင်းတို့ လုပ်ဆောင်လေ့ရှိသည်။

ယင်းကြောင့် ရွာနှင့်အနီးတဝိုက်တွင်လှုပ်ရှားနေသော စစ်အုပ်စုနှင့် တော်လှန်ရေးတပ်ဖွဲ့များ မကြာခဏ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုင်းနယ်စပ်တွင်တည်ရှိသည့် လယ်ဒိုစိုးမြို့နယ်သည် မွန်ပြည်နယ်နှင့်တနင်္သာရီတိုင်းဒေသကြီးကို ချိတ်ဆက်ထားသော အမှတ် (၈) ပြည်ထောင်စုလမ်းမကြီး၊ ကစယ်ဒို/သရက်ချောင်းမြို့နယ်နှင့် ဝင်းရေးမြို့နယ်တို့ဖြင့် ထိစပ်လျက်ရှိပြီး အချက်အချာကျသည့်နယ်မြေလည်း ဖြစ်သည်။