Home သတင်း ဂျပန်နိုင်ငံ၏ အိုကီနာဝါ ငြိမ်းချမ်းရေးဆု ဒေါက်တာ စင်သီယာမောင်၏ မယ်တော်ဆေးခန်း ရရှိ

ဂျပန်နိုင်ငံ၏ အိုကီနာဝါ ငြိမ်းချမ်းရေးဆု ဒေါက်တာ စင်သီယာမောင်၏ မယ်တော်ဆေးခန်း ရရှိ

15

ဩဂုတ် ၂၃ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ဘေးရှောင်များ၊ ဒုက္ခသည်များနှင့် ရွှေ့ပြောင်းလုပ်သားများကို ဆယ်စုနှစ် ၃ ခုကျော်ကြာ အခမဲ့ဆေးကုသပေးနေသည့် ဒေါက်တာ စင်သီယာမောင်၏ မယ်တော်ဆေးခန်းကို ဂျပန်နိုင်ငံ၏ အိုကီနာဝါ ငြိမ်းချမ်းရေးဆု (Okinawa Peace Prize) ပေးအပ်ရန် ရွေးချယ်လိုက်ကြောင်း သိရသည်။

မယ်တော်ဆေးခန်းကို ၁၉၈၈ အရေးတော်ပုံနောက်ပိုင်း ကရင်တိုင်းရင်းသူ ဒေါက်တာ စင်သီယာမောင်နှင့် ကျောင်းသား ၇ ဦးတို့ ပူးပေါင်း၍ ၁၉၈၉ ခုနှစ်တွင် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ မယ်တော်ရပ်ကွက်၌ စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။

စတင်တည်ထောင်စဉ်က ဆေးဝါးပစ္စည်း အနည်းငယ်မျှဖြင့် ယာယီဆေးခန်းငယ်အဖြစ် စတင်ဖွင့် လှစ်ခဲ့သော်လည်း လက်ရှိတွင် အထွေထွေရောဂါ၊ အတွင်းရောဂါ၊ ခွဲစိတ်ကုသမှု၊ ကလေးနှင့် မီးယပ်သားဖွား၊ သွားနှင့် မျက်စိ၊ စိတ်ကျန်းမာရေးနှင့် ပြန်လည်သန်စွမ်းရေး၊ အရေးပေါ် ဆေးကုသမှု စသည့် ဌာနများဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိသည်။

ထို့အပြင် ကျန်းမာရေးစောင့်ရှောက်မှု သာမက ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး၊ ပညာရေးထောက်ပံ့မှု၊ ကျန်းမာရေးဝန်ထမ်း လေ့ကျင့်မွေးထုတ်ပေးမှုနှင့် မွေးစာရင်းရရှိရေး ကူညီဆောင်ရွက်ပေးမှုများကိုပါ တိုးချဲ့ လုပ်ဆောင်ပေးလျက်ရှိသည်။

အဆိုပါ ဆုချီးမြှင့်ပွဲအခမ်းအနားကို လာမည့် အောက်တိုဘာ ၁၉ ရက်နေ့တွင် ဂျပန်နိုင်ငံ၊ အိုကီနာဝါခရိုင်၊ နာဟာမြို့၌ ကျင်းပမည်ဖြစ်ပြီး ဆုကြေးငွေအဖြစ် ဂျပန်ယန်း ၁၀ သန်း ချီးမြှင့်သွားမည်ဟု ထုတ်ပြန်ထားသည်။