ကရင်နီပြည်တွင် နေရပ်စွန့်ခွာရမှု အကျပ်အတည်းကြောင့် မြေမြှုပ်မိုင်းများ အရေးပေါ်ရှင်းလင်းရန် လိုအပ်နေ
Insight Myanmar
(၆ ဩဂုတ် ၂၀၂၆)
ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC)ကို ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး ရည်မှန်းချက်ဖြင့် ၂၀၂၃ ခုနှစ် ဇွန်လတွင် တည်ထောင်ခဲ့ပြီး ပြည်နယ်အဆင့် အောက်ခြေအခြေပြု အုပ်ချုပ်ရေးစနစ် အပေါ် အခြေခံထားသည်။
လက်ရှိ ပဋိပက္ခကာလအတွင်း IEC ၏ အဓိက ရည်မှန်းချက်များမှာ ပြည်နယ်အတွင်းရှိ အင်အားစုအသီးသီးကြား ပူးပေါင်းဆောင်ရွက်မှု ခိုင်မာစေရန်၊ ပြည်သူ့ဝန်ဆောင်မှုများ ပေးအပ်ရန်နှင့် ပိုမိုဆိုးရွားလာသော မြေမြှုပ်မိုင်း အန္တရာယ် အပါအဝင် ပြည်သူလူထုအား ကာကွယ်စောင့်ရှောက်ရန်တို့ ဖြစ်သည်။
IEC ၏ ထုတ်ပြန်ချက်အရ လွန်ခဲ့သော လေးနှစ်အတွင်း ကရင်နီပြည် လူဦးရေ၏ အနည်းဆုံး ၈၀ရာခိုင်နှုန်းမှာ နေရပ်မှ စွန့်ခွာခဲ့ရသည်။ ပြည်သူများ နေရပ်ပြန်လည် အခြေချနိုင်ရေးအတွက် ကျေးရွာများနှင့် စိုက်ပျိုးရေးမြေများအတွင်းရှိ မြေမြှုပ်မိုင်းများနှင့် မပေါက်ကွဲသေးသည့် စစ်ကျန်လက်နက်ပစ္စည်းများကို အရေးပေါ်ရှင်းလင်းရန် လိုအပ်လျက်ရှိ သည်။
နိုင်ငံတကာ၏ ထောက်ပံ့ကူညီမှု အကန့်အသတ်ရရှိနေပြီး မိုင်းရှင်းလင်းရေးလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်နိုင် ခြင်း မရှိသေးသော်လည်း ဒေသခံများမှာ ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်စတင်နိုင်ရန် အန္တရာယ်များကြားမှ မိုင်းရှင်းလင်းရေး လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်နေကြရသည်။
“ကျွန်တော်တို့ဟာ စစ်ပွဲပြီးဆုံးမယ့်အချိန်အထိ စောင့်ပြီးမှ နေရပ်ပြန်နိုင်မှာ မဟုတ်ပါဘူး။ ဒီနေ့ပဲ နေရပ်ပြန်ဖို့ လိုအပ် နေပါတယ်”ဟု IEC အတွင်းရေးမှူးနှင့် လူ့အခွင့်အရေး လှုပ်ရှားသူ ဗညားခွန်အောင်က Insight Myanmar သို့ ယခုလို ပြောဆိုသည်။
“နေ့စဉ် မြေမြှုပ်မိုင်း အလုံးပေါင်း ၁,၀၀၀ ခန့် ထောင်နေကြပါတယ်။ ဒါကြောင့် မြေပြင်ရှင်းလင်းရေးကိုလည်း အခု ချက်ချင်း လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ တချို့အခြေအနေတွေမှာ နိုင်ငံတကာ စံနှုန်းတွေအတိုင်း လုပ်ဆောင်ဖို့ မဖြစ် နိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ဟာ စစ်ဇုန်အတွင်းမှာ ရှိနေကြလို့ပါ” ဟု ၎င်းက ဆိုသည်။
အခြားတိုင်းရင်းသားဒေသများကဲ့သို့ပင် ကရင်နီပြည်တွင် စစ်တပ်က မြေမြှုပ်မိုင်းများကို အသုံးပြုခဲ့သည့် ရှည်လျား သော သမိုင်းကြောင်း ရှိခဲ့သည်။ အဓိကအားဖြင့် ထိုင်းနိုင်ငံနှင့် ထိစပ်နေသော နယ်စပ်ဒေသများ၊ လျှပ်စစ်ဓာတ်အား လိုင်းများတစ်လျှောက်၊ စစ်တပ်စခန်းများနှင့် လောပိတ ရေအားလျှပ်စစ်စီမံကိန်း အနီးတစ်ဝိုက်တွင် မိုင်းများ ထောင်ခဲ့ ကြသည်။
၂၀၁၃ ခုနှစ် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နှင့် အစိုးရတို့ကြား နှစ်ဦးနှစ်ဖက် သဘောတူညီချက် ရရှိ ပြီးနောက် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှု မတိုင်မီအထိ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှုတစ်ခုသာ မှတ်တမ်းတင် ထားခဲ့သည်။
သို့သော် အာဏာသိမ်းမှုနောက်ပိုင်း မြေမြှုပ်မိုင်း အန္တရာယ်မှာ အကြီးအကျယ် ကျယ်ပြန့်လာခဲ့သည်။ ဒီမော့ဆို၊ ဖရူဆို နှင့် လွိုင်ကော်မြို့နယ်များမှာ အဆိုးရွားဆုံး ထိခိုက်ခံနေရသည့် ဒေသများထဲတွင် ပါဝင်ကြောင်း ဗညားခွန်အောင်က ပြောသည်။
ထို့အပြင် စစ်တပ်(အာဏာသိမ်းစစ်အုပ်စု)မှ ဘက်ပြောင်းလာသူတစ်ဦး၏ အဆိုအရ စစ်သားတစ်ဦးချင်းစီအား တစ်ရက်လျှင် မြေမြှုပ်မိုင်း အလုံး ၂၀ မှ ၅၀ အထိ ထောင်ရန် အမိန့်ပေးထားကြောင်းလည်း သိရသည်။
၂၀၂၂ ခုနှစ် Amnesty International ၏ အစီရင်ခံစာတွင်လည်း မြန်မာ့တပ်မတော်သည် ကရင်နီပြည်ရှိ ဘုရား ကျောင်းများ၊ နေအိမ်များ၊ လယ်ယာများနှင့် အခြား အရပ်သားပိုင်နေရာများ အနီးတစ်ဝိုက်တွင် မိုင်းများ ထောင်ထား ကြောင်း ဖော်ပြထားပြီး ယင်းလုပ်ရပ်များမှာ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဥပဒေကို ချိုးဖောက်သော စစ်ရာဇဝတ်မှုများအဖြစ် ကောက်ချက်ချထားသည်။
ဗညားခွန်အောင် တည်ထောင်ခဲ့သော ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) ၏ အဆိုအရ ၂၀၂၅ ခုနှစ်တွင် မြေမြှုပ် မိုင်းဖြစ်စဉ် ၁၆ခု အပါအဝင် အရပ်သား ၁၄၃ဦး သေဆုံးပြီး ၄၇၄ဦး ဒဏ်ရာရရှိခဲ့သည်။ မြေမြှုပ်မိုင်းများကြောင့် ဖြစ်ပေါ်သော သေဆုံးခြင်းနှင့် ဒဏ်ရာရခြင်းများအပြင် စိတ်ပိုင်းဆိုင်ရာ နောက်ဆက်တွဲ အကျိုးသက်ရောက်မှုများ လည်း ပြင်းထန်လျက်ရှိသည်။
အထူးသဖြင့် စစ်တပ်ထုတ် M14 “ခြေဖဝါးပြတ်” မိုင်းများသည် လူတစ်ယောက်ကိုသေစေရန်ထက် ဒုက္ခိတဖြစ်စေရန် ရည်ရွယ်၍ ပြုလုပ်ထားခြင်းဖြစ်သည်။
“ကိုယ်လက်အင်္ဂါ တစ်စိတ်တစ်ပိုင်း ဆုံးရှုံးလိုက်ရတဲ့အတွေ့အကြုံကို လူတစ်ယောက်အနေနဲ့ ဘယ်တော့မှ မေ့ပျောက် နိုင်မှာ မဟုတ်ပါဘူး။ အဲဒီအတွက် လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် အပြစ်တင်နေကြတာမျိုးတွေ ဆက်ဖြစ်လာ နိုင်ပါတယ်။”ဟု ဗညားခွန်အောင်က ပြောသည်။
“ဒါကြောင့် ထိခိုက်ခံစားခဲ့ရသူတွေကို လူမှုအသိုင်းအဝိုင်းထဲ ပြန်လည်ပေါင်းစည်းနိုင်အောင် ကူညီပေးဖို့ လိုအပ်ပါ တယ်။ အဲဒီလို မလုပ်နိုင်ဘူးဆိုရင် သူတို့ဟာ စိတ်ဒဏ်ရာတွေနဲ့ပဲ ဆက်လက်ရှင်သန်နေကြရပါလိမ့်မယ်။”ဟု ၎င်းက ဆိုသည်။
ကရင်နီ လက်နက်ကိုင်အဖွဲ့အစည်းများသည်လည်း လက်လုပ်မိုင်းများနှင့် စစ်တပ်ထံမှ သိမ်းဆည်းရမိသော ခဲယမ်း များ အပါအဝင် မြေမြှုပ်မိုင်းများကို အသုံးပြုလျက်ရှိသည်။
၂၀၀၆ခုနှစ်တွင် KNPP က လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းဖြစ်သည့် Geneva Call သို့ ထုတ်ပြန် ချက်တစ်စောင် တင်ပြခဲ့ရာတွင် “မြေမြှုပ်မိုင်း အသုံးပြုခြင်းသည် အရပ်သားများအတွက် အန္တရာယ် အလွန်ကြီးမား သောကြောင့် ကိုယ်ကျင့်တရားအရ လက်ခံနိုင်ဖွယ်မရှိ”ဟု ဖော်ပြခဲ့သည်။ သို့သော် “ကိုယ်ကျင့်တရား ကင်းမဲ့သော ရန်သူ” ကို ခုခံကာကွယ်ရန်အတွက် အခြားနည်းလမ်းမရှိသဖြင့် ဆက်လက်အသုံးပြုနေရခြင်းဖြစ်ကြောင်း ဖော်ပြခဲ့ သည်။
ထို့အပြင် KNPP သည် မိုင်းအန္တရာယ် အသိပညာပေးခြင်းနှင့် မိုင်းရှင်းလင်းရေး လုပ်ငန်းများတွင် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ မိုင်းရှင်းလင်းရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လိုကြောင်းလည်း ဖော်ပြခဲ့သည်။
လက်ရှိတွင် IEC သည် မိုင်းအန္တရာယ် အသိပညာပေးအစီအစဉ်များ ဆောင်ရွက်နေပြီး နေရပ်ပြန်သူများအတွက် မြေပြင်ရှင်းလင်းရေး လုပ်ငန်းများကိုလည်း လုပ်ဆောင်နေသည်။ သို့သော် မိုင်းထိခိုက်ခံရသူများအား ကူညီထောက်ပံ့ ရေး အပါအဝင် လိုအပ်သော အရင်းအမြစ်များမှာ အလွန်နည်းပါးနေဆဲဖြစ်သည်။ အရေးပေါ် တုံ့ပြန်ရေးအဖွဲ့များနှင့် ကရင်နီ လက်နက်ကိုင်အဖွဲ့များသည် မိုင်းရှာဖွေရေး ကိရိယာများ မရှိသဖြင့် ဝါးလုံးများ၊ ဓားများ အသုံးပြု၍ စမ်းသပ် ရှင်းလင်းခြင်း၊ ထွန်စက်ဖြင့် မြေယာထွန်ယက်ခြင်း သို့မဟုတ် မိုင်းများ ပေါက်ကွဲစေရန် မီးရှို့ခြင်းကဲ့သို့ အန္တရာယ်များ သော နည်းလမ်းများကို အားကိုးနေရသည်။
ဗညားခွန်အောင်၏ အဆိုအရ ဤကြိုးပမ်းမှုများအတွက် နိုင်ငံတကာ၏အကူအညီ အလွန်နည်းပါးနေသော်လည်း ရင်းနှီးမြှုပ်နှံမှု အနည်းငယ်ဖြင့်ပင် လူပေါင်းများစွာ၏ အသက်များကို ကယ်တင်နိုင်ကြောင်း သိရသည်။ ထို့အပြင် နိုင်ငံ တကာအဖွဲ့အစည်းများအနေဖြင့် မြေပြင်မှ အတွေ့အကြုံများထံမှ သင်ယူသင့်ကြောင်းလည်း ၎င်းက ပြောကြားခဲ့ သည်။
“ပဋိပက္ခဖြစ်ပွားနေသော ဒေသများအတွက် နည်းလမ်းသစ်တစ်ခု လိုအပ်ပါတယ်။ ဒီမြေပြင်အခြေပြု နည်းလမ်းတွေ ဟာ နိုင်ငံတကာ စံနှုန်းတွေအတွက် အခြေခံပုံစံတစ်ခု ဖြစ်လာနိုင်ပါတယ်။”ဟု ၎င်းက ဆိုသည်။



















