Home တွေ့ဆုံမေးမြန်းခန်း ကမ္ဘာလုံးဆိုင်ရာ ကရင်စည်းရုံးလှုံ့ဆော်ရေး ကွန်ရက်(KWAN) ၏ နော်ထူးထူးနှင့် ဆက်သွယ်မေးမြန်းခြင်း။

ကမ္ဘာလုံးဆိုင်ရာ ကရင်စည်းရုံးလှုံ့ဆော်ရေး ကွန်ရက်(KWAN) ၏ နော်ထူးထူးနှင့် ဆက်သွယ်မေးမြန်းခြင်း။

25

“ကော်သူးလေထဲမှာနေထိုင်နေတဲ့ ပြည်သူအားလုံးရဲ့ အသံကိုကမ္ဘာကပိုမိုကြားသိလာအောင် KWAN က ဆက်လက်ကြိုးစားသွားမှာဖြစ်ပါတယ်”

ကမ္ဘာလုံးဆိုင်ရာ ကရင်စည်းရုံးလှုံ့ဆော်ရေး ကွန်ရက်(KWAN) ၏ နော်ထူးထူးနှင့် ဆက်သွယ်မေးမြန်းခြင်း။

ဩဂုတ် (၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကော်သူးလေ(ကရင်ပြည်)နှင့် ကရင်လူမျိုးများအတွက် ကမ္ဘာ့နေရာအနှံ့အပြားရှိ အရပ်ဖက် ကရင်အဖွဲ့အစည်း၊ ကရင်လူမျိုးများအားလုံး ချိတ်ဆက်၍ စည်းရုံးလှုံ့ဆော်မှုများလုပ်ဆောင်ရန် ပြီးခဲ့သည့် ဩဂုတ်လ(၅)ရက်နေ့က ကမ္ဘာလုံးဆိုင်ရာ ကရင်စည်းရုံးလှုံ့ဆော်ရေး ကွန်ရက် (Karen Worldwide Advocacy Network – KWAN)ကို ဖွဲ့စည်းထူထောင်လိုက်သည်။

ကွန်ရက်ဖွဲ့စည်းလိုက်သည့် ရည်ရွယ်ချက်၊ ဆက်လက်လုပ်ဆောင်သွားမည့် လုပ်ငန်းအစီအစဥ်များ၊ ပူးပေါင်းလုပ်ဆောင်သွားရန်ရှိသည့် လှုပ်ရှားမှုများနှင့်ပတ်သက်ပြီး သိရှိနိုင်ရန် KWAN ၏ အဖွဲ့ခေါင်းဆောင်(၃)ဦးထဲမှ တစ်ဦးဖြစ်သူ နော်ထူးထူးနှင့် ကေအိုင်စီ-ကရင်သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ KWAN ဆိုပြီး သီးသန့် အသစ်စုဖွဲ့လိုက်ရတဲ့ အဓိက အကြောင်းရင်းက ဘာလဲ။
ဖြေ။ ကရင်ပြည်သူတွေရင်ဆိုင်နေရတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု၊ စစ်ရာဇဝတ်မှု၊ အတင်းအကျပ် နေရပ်စွန့်ခွာရမှုနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတွေကို နိုင်ငံတကာအဆင့်မှာ ပိုမိုထိရောက်စွာ တင်ပြဆောင်ရွက်နိုင်ဖို့အတွက် KWAN ကို ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ KWAN ဟာ ရှိပြီးသား ကရင်အဖွဲ့အစည်းတွေကို အစားထိုးဖို့မဟုတ်ဘဲ နိုင်ငံတကာအဆင့် Advocacy ကိုပူးပေါင်းညှိနှိုင်းပြီး ကျမတို့ညီညွတ်တဲ့အသံတစ်သံတည်းနဲ့ ဆောင်ရွက်နိုင်ဖို့ ဖွဲ့စည်းထားတဲ့ ကွန်ရက်တစ်ခု ဖြစ်ပါတယ်။

မေး။ ကော်သူးလေက စစ်ဘေးရှောင် ၁ သန်းကျော်ဆီ နိုင်ငံတကာ အကူအညီတွေ တကယ်ရောက်အောင် ဘယ်လို နည်းလမ်းနဲ့ ထိထိရောက်ရောက် ဆောင်ရွက်မလဲ။
ဖြေ။ KWAN ကိုယ်တိုင်ကတော့ အကူအညီဖြန့်ဝေမယ့် Humanitarian အဖွဲ့မဟုတ်ပါဘူး။ ဒါပေမယ့် နိုင်ငံတကာအစိုးရတွေနဲ့ အလှူရှင်တွေကို နယ်စပ်ဖြတ်ကျော် (Cross-border) လူသားချင်းစာနာထောက်ထားမှု အကူအညီတွေကို ဒေသခံယုံကြည်စိတ်ချရတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ တိုက်ရိုက်ပူးပေါင်းပြီးပေးပို့နိုင်ရေးအတွက် ကြိုးစားပြီးစည်းရုံးဆောင်ရွက်သွားမှာဖြစ်ပါတယ်။ စစ်အုပ်စုကတော့ စစ်ဒဏ်ခံရတဲ့နယ်မြေတွေကို လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ အချိန်နဲ့တပြေးညီမရောက်အောင် နည်းမျိုးစုံနှောင့်ယှက်ဟန့်တား ဖမ်းဆီးတာတွေကိုလုပ်နေတာတွေ အကူအညီပေးတဲ့ humanitarian workers တွေကိုရော ဖမ်းစီးနှိပ်စက်သက်ဖြတ်တာတွေကိုလုပ်နေတာ သတင်းမီဒီယာမှာတွေ့ရမှာပါ။ ပြည်ပကဝင်လာတဲ့အကူအညီတွေဟာ စစ်အုပ်စုထိန်းချုပ်တဲ့ လမ်းကြောင်းတွေကို မဖြတ်သန်းဘဲနဲ့ ပြည်သူတွေဆီကို တိုက်ရိုက်ရောက်ဖို့ကို အလေးထားဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

မေး။ စစ်အုပ်စုဆီ လက်နက်နဲ့ ငွေကြေး မရောက်အောင် နိုင်ငံတကာကို ဘယ်လို ဖိအားပေးသွားဖို့ ရှိသလဲ။
ဖြေ။ KWAN ဟာ နိုင်ငံတကာအစိုးရတွေကို စစ်အုပ်စုအပေါ် ပစ်မှတ်ထားတဲ့ အရေးယူပိတ်ဆို့မှု (Targeted Sanctions) တွေ တိုးချဲ့ဖို့၊ လက်နက်တင်ပို့မှု ပိတ်ပင်ရေး (Arms Embargo) ကို အားကောင်းစေဖို့၊ စစ်အုပ်စုရဲ့ ဝင်ငွေရင်းမြစ်တွေကို ဖြတ်တောက်နိုင်မယ့် စီးပွားရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာ အရေးယူမှုတွေ ချမှတ်ဖို့ ဦးစားပေးလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဥပမာ-စစ်တပ်ထိန်းချုပ်ထားတဲ့ Myanmar Oil and Gas Enterprise (MOGE) ကဲ့သို့သော အဖွဲ့အစည်းများအပေါ် ငွေကြေးဝန်ဆောင်မှု၊ ပိုင်ဆိုင်မှုနှင့် ငွေပေးချေမှုဆိုင်ရာ ပစ်မှတ်ထားအရေးယူမှုများနဲ့ လေယာဥ်ဆီတင်ပို့တာတွေ နိုင်ငံတကာက ထိရောက်တဲ့ပိတ်ဆို့အရေးယူမှုတွေ လုပ်ဆာင်လာနိုင်အောင် တောင်းဆိုမှုတွေကိုလုပ်ဆောင်သွားမယ်။

မေး။ စစ်ရာဇဝတ်မှု ကျူးလွန်သူတွေကို နိုင်ငံတကာ တရားစီရင်ပိုင်ခွင့်နဲ့ အရေးယူနိုင်ဖို့ ဘယ်နိုင်ငံတွေမှာ စတင်ဖို့ ပန်းတိုင်ထားလဲ။
ဖြေ။ လက်ရှိအချိန်မှာ နိုင်ငံတစ်နိုင်ငံကို အတိအကျမသတ်မှတ်ရသေးပါဘူး။ နိုင်ငံတကာ တရားစီရင်ပိုင်ခွင့် ဥပဒေကို ကျင့်သုံးနိုင်တဲ့ ဥရောပနိုင်ငံတွေနဲ့ အခြားဒီမိုကရေစီနိုင်ငံတွေမှာ ဥပဒေရေးရာမိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ဖြစ်နိုင်ခြေတွေကို လေ့လာဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အဓိကရည်ရွယ်ချက်ကတော့ ပြစ်မှုကျူးလွန်သူတွေ အပြစ်မခံဘဲ လွတ်မြောက်နေတာကို အဆုံးသတ်နိုင်ဖို့ ဖြစ်ပါတယ်။

မေး။ ကရင်ဒေသတွင်းက အွန်လိုင်းလိမ်လည်မှု လုပ်ငန်းတွေကို KWAN က ဘယ်လိုနည်းနဲ့ တိုက်ဖျက်ပေးသွားမှာလဲ။
ဖြေ။ KWAN က ဥပဒေဆိုင်ရာစိုးမိုးရေးအဖွဲ့ မဟုတ်တဲ့အတွက် တိုက်ရိုက်ဖမ်းဆီးနှိမ်နင်းတာမျိုး မလုပ်နိုင်ပါဘူး။
ဒါပေမယ့်လူကုန်ကူးမှု၊ အွန်လိုင်းလိမ်လည်မှုနဲ့ ဆက်စပ်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို နိုင်ငံတကာအဆင့်မှာ တင်ပြပြီး၊ တာဝန်ရှိသူတွေကို အရေးယူနိုင်ရေး၊ ငွေကြေးစီးဆင်းမှုတွေကို ဖြတ်တောက်နိုင်ရေး၊ ဒေသခံအာဏာပိုင်တွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ ပူးပေါင်းဆောင်ရွက်လာနိုင်ရေးကို Advocacy လုပ်သွားမှာ ဖြစ်ပါတယ်။

မေး။ ASEAN နဲ့ အနောက်နိုင်ငံတွေအနေနဲ့ စစ်အုပ်စုကို ပစ်ပယ်ပြီး တော်လှန်ရေးအဖွဲ့တွေကို တရားဝင် အသိအမှတ်ပြုလာအောင် ဘယ်လို စည်းရုံးသွားမလဲ။
ဖြေ။ KWAN ကနေပြီးတော့ မြေပြင်အခြေအနေမှန်တွေ၊ လူ့အခွင့်အရေးချိုးဖောက်မှု အထောက်အထားတွေ၊ ဒေသခံအုပ်ချုပ်ရေးစနစ်တွေရဲ့ လက်တွေ့ဆောင်ရွက်နိုင်မှုတွေကို နိုင်ငံတကာအစိုးရတွေနဲ့ မူဝါဒချမှတ်သူတွေထံတင်ပြသွားမှာ ဖြစ်ပါတယ်။
စစ်အုပ်စုနဲ့ ပူးပေါင်းဆောင်ရွက်တာထက် ပြည်သူကို ကိုယ်စားပြုတဲ့အင်အားစုတွေနဲ့ ထိတွေ့ဆက်ဆံခြင်းကသာ ရေရှည်တည်ငြိမ်ရေးကို အထောက်အကူပြုမယ်ဆိုတာကို အခြေခံအချက်အလက်တွေနဲ့ ဖော်ပြသွားနိုင်ဖို့ မျှော်လင့်ပါတယ်။

မေး။ ပြည်ပရောက် ကရင်လူငယ်တွေ၊ ဒုက္ခသည်တွေအနေနဲ့ ဒီကွန်ရက်မှာ ဘယ်လို ပါဝင်ကူညီနိုင်မလဲ။
ဖြေ။ လူတိုင်းကကိုယ့်ရဲ့ကျွမ်းကျင်မှုအလိုက် ပါဝင်နိုင်ပါတယ်။ ဥပမာ – သုတေသန၊ ဘာသာပြန်၊ မီဒီယာ၊ လူထုအသိပညာပေး၊ လူ့အခွင့်အရေးမှတ်တမ်းတင်တာ၊ နိုင်ငံရေး Advocacy၊ စတဲ့လိုအပ်တဲ့နေရာတွေအတွက် ရန်ပုံငွေရှာဖွေတာနဲ့ မိမိနေထိုင်ရာနိုင်ငံက လွှတ်တော်ကိုယ်စားလှယ်တွေ၊ အစိုးရအဖွဲ့တွေနဲ့ ဆက်သွယ်စည်းရုံးတဲ့နေရာတွေမှာ ပါဝင်ကူညီနိုင်ပါတယ်။ နောက်ပြီးတော့ KWAN ရဲ့ facebook page ကနေလည်း သတင်းအချက်များကိုပှံမှန်၀ေမျှသွားမှာဖြစ်ပြီး ဒေသခံခေါင်းဆောင်များ ပူးပေါင်းပါ၀င်လုပ်ဆောင်လိုတဲ့ တစ်ဦးတစ်ယောက်ချင်းသော်လည်းကောင်း အခြားသက်ဆိုင်ရာ အဖွဲ့အစည်းများကိုသော်လည်းကောင်း ကြိုဆိုဖိတ်ခေါ်သွားတာတို့ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

မေး။ လက်ရှိ KWAN အနေနဲ့ ချက်ချင်း စတင်ဆောင်ရွက်မယ့် ပထမဆုံး အရေးပေါ် လုပ်ဆောင်ချက်က ဘာဖြစ်မလဲ။
ဖြေ။ ပထမဦးဆုံးအနေနဲ့ နိုင်ငံတကာအစိုးရတွေ၊ ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ ASEAN နဲ့ လူ့အခွင့်အရေးအဖွဲ့အစည်းတွေနဲ့ တိုက်ရိုက်ချိတ်ဆက်ပြီး ကရင်ပြည်သူတွေရင်ဆိုင်နေရတဲ့ အရေးပေါ်အခြေအနေတွေကို တင်ပြသွားမှာ ဖြစ်ပါတယ်။ တစ်ပြိုင်နက်တည်းမှာပဲ အရေးကြီးတဲ့လုပ်ဆောင်ချက်ကတော့ မြန်မာစစ်တပ်ဆီကို လေယာဥ်ဆီတင်ပို့ရောင်းချတာတွေကို ပိတ်ဆို့တားဆီးနိုင်ဖို့နဲ့ စစ်ဘေးဒဏ်သင့်ပြည်သူလူထုတွေဆီ အချိန်နဲ့တပြေးညီလိုအပ်နေတဲ့လူသားချင်းစာနာ ထောက်ထားမှုအကူအညီတွေကိုရရှိနိုင်ဖို့ နိုင်ငံတကာကရင်အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီးလုပ်ဆောင်နိုင်ဖို့ တာဆူသွားကြမှာဖြစ်ပါတယ်။

မေး။ နိုင်ငံတကာအစိုးရတွေကို စည်းရုံးလှုံ့ဆော်တဲ့နေရာမှာ အဓိက ကြုံတွေ့ရနိုင်တဲ့ အကြီးမားဆုံး စိန်ခေါ်မှု ဒါမှမဟုတ် အတားအဆီးကရော ဘာဖြစ်မလဲ။
ဖြေ။ အကြီးမားဆုံးစိန်ခေါ်မှုကတော့ နိုင်ငံတကာရဲ့ပထဝီနိုင်ငံရေးအကျိုးစီးပွား၊ အခုဖြစ်နေတဲ့ပြည်တွင်းအခြေအနေအပေါ် အာရုံစိုက်မှုလျော့နည်းလာခြင်းနဲ့ မြန်မာနိုင်ငံအရေးအပေါ် နိုင်ငံတကာရဲ့စိတ်ဝင်စားမှု နည်းလာတာတွေဖြစ်ပါတယ်။
ဒါကြောင့် KWAN ကအထောက်အထားအခြေပြုတဲ့ Advocacy၊ မဟာမိတ်တိုးချဲ့ရေးနဲ့ အဆက်မပြတ်ဆက် သွယ်စည်းရုံးမှု တွေကို ဦးစားပေးဆောင်ရွက်သွားမှာဖြစ်ပါတယ်။

မေး။ မြေပြင်မှာ တကယ် တိုက်ပွဲဝင်နေကြတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ (KNU အပါအဝင်) နဲ့ KWAN ရဲ့ ချိတ်ဆက်ဆောင်ရွက်မှု အခန်းကဏ္ဍက ဘယ်လိုရှိမလဲ။
ဖြေ။ KWAN ဟာ စစ်ရေးစစ်ရာနဲ့ပတ်သက်တဲ့အဖွဲ့ မဟုတ်ပါဘူး။ နိုင်ငံတကာ Advocacy ကွန်ရက်တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် လိုအပ်သလိုမြေပြင်က မိခင်အဖွဲ့၊ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ နီးနီးကပ်ကပ်ဆက်သွယ်ပြီး မြေပြင်အခြေအနေမှန်တွေကို နိုင်ငံတကာဆီ တိကျမှန်ကန်စွာတင်ပြနိုင်ဖို့ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

မေး။ စစ်ဘေးဒဏ် ခံနေရတဲ့ ကော်သူးလေဒေသတွင်းက ပြည်သူတွေကို KWAN ကွန်ရက်အနေနဲ့ ဘာများ အာမခံချက်ပေးချင်သလဲ သို့မဟုတ် သတင်းစကား ပါးချင်ပါသလဲ။
ဖြေ။ ကော်သူးလေထဲမှာနေထိုင်နေတဲ့ ပြည်သူအားလုံးရဲ့ အသံကိုကမ္ဘာကပိုမိုကြားသိလာအောင် KWAN က ဆက်လက်ကြိုးစားသွားမှာဖြစ်ပါတယ်။ သူတို့ရဲ့ဒုက္ခနဲ့ အခက်အခဲတွေကိုမေ့လျော့မသွားစေဖို့၊ လူ့အခွင့်အရေး၊ တရားမျှတမှုနဲ့ ငြိမ်းချမ်းရေးရရှိနိုင်ဖို့ နိုင်ငံတကာအဆင့်မှာ အဆက်မပြတ်စည်းရုံးဆောင်ရွက်သွားမယ်လို့ ပြောပြလိုပါတယ်။ ဘာလို့လဲဆိုတော့ KWAN အနေနဲ့ဒေသခံပြည်သူတွေနဲ့ထိတွေ့မှု ပုံမှန်ရှိနေတာရယ် သက်ဆိုင်ရာဒေသခံတာ၀န်ရှိသူများနဲ့လည်း အဆက်မပြတ် သတင်းအချက်အလက်ဖလှယ်တာတွေ ရှိနေမှာဖြစ်ပါတယ်။

မေး။ ဖြည့်စွက်ပြောချင်တာများရှိ သေးလား။
ဖြေ။ နောက်ဆုံးဖြည့်စွက်ပြောချင်တာကတော့ KWAN ဟာ မည်သည့်အဖွဲ့အစည်းကိုမှ အစားထိုးဖို့ ဖွဲ့စည်းထားတာမဟုတ်ပါဘူး။ ကရင်ပြည်သူတွေရဲ့ အသံကို နိုင်ငံတကာမှာ ပိုမိုထိရောက်စွာ ကြားသိလာစေဖို့၊ ရှိပြီးသားကရင်အဖွဲ့အစည်းတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ လက်တွဲပြီး Advocacy ကို အားကောင်းစေဖို့ ဖွဲ့စည်းထားတဲ့ ကွန်ရက်ဖြစ်ပါတယ်။ ကျမတို့ရဲ့ရရှိလာမယ့်ရလဒ်ဟာဖြင့် KWAN တဖွဲ့တည်းရဲ့ အောင်မြင်မှုမဟုတ်ဘဲ ကရင်ပြည်သူအားလုံးရဲ့ အသံကို နိုင်ငံတကာက ပိုမိုအလေးထားနားထောင်လာစေခြင်း၊ လူ့အခွင့်အရေး၊ တရားမျှတမှုနဲ့ရေရှည်တည်ငြိမ်တဲ့ ငြိမ်းချမ်းရေးအတွက် အထောက်အကူပြုနိုင်ခြင်းပဲ ဖြစ်ပါတယ်။