Home သတင်း PV ပတ်စ်ပို့ စိစစ်မှု တင်းကြပ်လိုက်သဖြင့် ထိုင်းရောက် မြန်မာများအကြား စိုးရိမ်မှုမြင့်တက်

PV ပတ်စ်ပို့ စိစစ်မှု တင်းကြပ်လိုက်သဖြင့် ထိုင်းရောက် မြန်မာများအကြား စိုးရိမ်မှုမြင့်တက်

14
Photo: EPA (ပုံပောာင်း)

ဩဂုတ် (၂၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ၏ PV (Passport for Visit) အလည်အပတ် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးခြင်း၊ အသစ်လဲလှယ်ခြင်းနှင့် စာအုပ်အမျိုးအစား ပြောင်းလဲခြင်းများကို နေပြည်တော်စစ်အုပ်စု၏ ခွင့်ပြုမိန့်ရရှိမှသာ ဆက်လက်ဆောင်ရွက်ပေးတော့မည်ဖြစ်သဖြင့် PV ကိုင်ဆောင်ထားသူများအကြား စိုးရိမ်မှု မြင့်တက်နေကြောင်း သိရသည်။

ယခင်က PV စာအုပ် သက်တမ်းတိုးခြင်းနှင့် PJ (Passport for Job) အလုပ်သမားစာအုပ်အဖြစ် ပြောင်းလဲခြင်းများကို ထိုင်းနိုင်ငံ၊ ဘန်ကောက်ရှိ မြန်မာသံရုံး၌ နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့သော်လည်း လက်ရှိတွင် သံရုံး၌ ဖောင်ဖြည့်တင်ပြပြီး နေပြည်တော်၏ခွင့်ပြုမိန့် ရရှိမှသာ ဆက်လက်ဆောင်ရွက်ပေးတော့မည်ဟု ဝန်ဆောင်မှုပေးသူများထံမှ သိရသည်။

၎င်းလုပ်ထုံးလုပ်နည်း ပြောင်းလဲမှုသည် ပြည်ပရောက် မြန်မာနိုင်ငံသားများအတွက် ပိုမိုအခက်အခဲဖြစ်စေသည်ဟု ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့ ပြောခွင့်ရ ဦးမိုးကျော်က ပြောသည်။

“အဓိက ကတော့ ပိုခက်ခဲအောင် လုပ်တာပေါ့။ အမှန်တကယ်က သံရုံးရှိတယ်ဆိုရင် သံရုံးဘက်က လုပ်ပေးရမှာပါ။ အခုဟာက ကိုယ့်ပြည်သူလူထုကို ဒုက္ခရောက်အောင် ပြန်လုပ်တဲ့သဘောပေါ့နော်။ ထိုင်းမှာ PV စာအုပ်နဲ့ ကျောင်းလာတက်တဲ့သူတွေ၊ အလုပ်လုပ်နေသူတွေ၊ ဆေးလာကုသူတွေအတွက် ကြာမြင့်ချိန်လည်း မသိရဘဲ ဘယ်လောက်အထိ အခက်အခဲဖြစ်မလဲဆိုတာ မမှန်းဆနိုင်ဘူး” ဟု ၎င်းက ပြောသည်။

ထိုကဲ့သို့ လုပ်ထုံးလုပ်နည်း ပြောင်းလဲလာမှုကြောင့် လက်ရှိတွင် ပတ်စ်ပို့သက်တမ်းတိုးရန် သံရုံးသို့ လာရောက်သူများကို ဖောင်လက်ခံပြီးနောက် အနည်းဆုံး ၂ လခန့်အကြာတွင် ပြန်လည် လာရောက်စုံစမ်းရန် လက်ခံမှတ်တမ်းစာရွက် ထုတ်ပေးကာ ပြန်လွှတ်နေကြောင်းလည်း သိရသည်။

ထိုင်းရောက် PV စာအုပ်ကိုင်ဆောင်ထားသူ မြန်မာ အမျိုးသားတစ်ဦးက “အရင်တုန်းကဆိုရင် ပတ်စ်ပို့အသစ်ကို တစ်ရက်တည်းနဲ့ သက်တမ်းတိုးလို့ရတယ်။ အကယ်၍ ကျနော်တို့ ပတ်စ်ပို့ သက်တမ်းတိုးလို့မရဘူးဆိုရင် အခက်အခဲတွေကတော့ အလုပ်အကိုင်အခွင့်အလမ်းမှာ တရားမဝင် ဖြစ်သွားမယ်။ သွားရေးလာရေး စစ်ဆေးခံရရင်လည်း စကားတွေ အများကြီး ပြောရတော့မယ်” ဟု ကေအိုင်စီကို ပြောသည်။

ထို့အပြင် နေပြည်တော်ဘက်မှ စိစစ်ပြီး ပယ်ဖျက်ခံရပါက PV ပတ်စ်ပို့ သက်တမ်းတိုးခွင့် မရရှိနိုင်သည့်အတွက် ထိုင်းနိုင်ငံရောက် PV ပတ်စ်ပို့ကိုင်ဆောင်သူများ၊ ကျောင်းသားများနှင့် မှီခိုဗီဇာဖြင့် နေထိုင်သူများအနေဖြင့် ပတ်စ်ပို့သက်တမ်း မကုန်မီ ကြိုတင်၍ သံရုံးတွင် ဖောင်တင်ပြကာ စုံစမ်းထားသင့်ကြောင်း ကိုယ်တိုင်ကြုံတွေ့နေရသူများက အကြံပြုထားသည်။

အဆိုပါ PV ပတ်စ်ပို့ စိစစ်မှုများ တင်းကြပ်လာခြင်းသည် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် ထိုင်းနိုင်ငံသို့ လာရောက်ခဲ့ပြီးနောက် စတင်ဖြစ်ပေါ်လာခြင်းဖြစ်သည်ဟု ဝန်ဆောင်မှုပေးသူများနှင့် ထိုင်းရောက် မြန်မာနိုင်ငံသားများက သုံးသပ်ပြောဆိုနေကြသည်။

သို့ရာတွင် နေပြည်တော်ဘက်မှ သီးခြားညွှန်ကြားချက် သို့မဟုတ် ဘန်ကောက် မြန်မာသံရုံးဘက်က တရားဝင်ထုတ်ပြန်ချက် တစ်စုံတစ်ရာ ထွက်ရှိထားခြင်း မရှိသေးပေ။