Home သတင်း BGF နှင့် DKBA ထိန်းချုပ်နေရာ ကျားဖြန့်ရုံးခန်းများတွင် လူပေါင်း (၁၃,၀၀၀) ထက်မနည်း ပိတ်မိနေ

BGF နှင့် DKBA ထိန်းချုပ်နေရာ ကျားဖြန့်ရုံးခန်းများတွင် လူပေါင်း (၁၃,၀၀၀) ထက်မနည်း ပိတ်မိနေ

27
Photo: CSNHTV

ဩဂုတ် (၁၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်ရှိ၊ ကရင်နယ်ခြားစောင့်တပ်-BGF/KNA နှင့် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA)နယ်မြေ၊ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)ရုံးခန်းများတွင် ပိတ်မိသူ အနည်းဆုံး (၁၃,၀၀၀) ဦး ရှိနေသည်ဟု လူကုန်ကူးခံရသူများအား ကူညီစောင့်ရှောက်ရေး အရပ်ဘက်လူမှုအဖွဲ့အစည်းများ ကွန်ရက်(CSNHTV) ၏ ဩဂုတ်လ(၆)ရက်နေ့ အစီရင်ခံထုတ်ပြန်ချက်အရ သိရသည်။

လက်နက်ကိုင်အဖွဲ့အစည်းများအောက်တွင် အွန်လိုင်းငွေလိမ်လုပ်ငန်းများ အကြီးအကျယ် လည်ပတ်နေကာ နိုင်ငံပေါင်းစုံမှ ထောင်ပေါင်းများစွာသော လူကုန်ကူးခံရသူများကို ဖမ်းဆီးချုပ်နှောင်ပြီး အဓမ္မခိုင်းစေသည့်အခြေအနေများကို အဆိုပါထုတ်ပြန်ချက်က မီးမောင်းထိုးပြထားခြင်းဖြစ်သည်။

CSNHTV ၏ အစီရင်ခံစာအရ BGF/KNA ပါဝင်ထိန်းချုပ်ထားသည့် နယ်စပ်မြို့ မြဝတီတောင်ဘက်၊ ဖလူးဒေသတွင် လူဦးရေ(၅,၀၀၀)ဝန်းကျင်၊ သောင်ရင်းမြစ်အနီး ရှိခါးယာဆိပ်ကမ်းနေရာအနီး (၃,၀၀၀)ဝန်းကျင်နှင့် အောင်တော်မူဘုရားအနီးရှိ တောတွင်းတစ်နေရာတွင် (၃၀၀) ဝန်းကျင်ခန့် ကျားဖြန့်လုပ်ငန်းများမှ မလွတ်မြောက်ဘဲရှိနေသည်ဟု ဆိုသည်။

အလားတူ DKBA ထိန်းချုပ်နေရာများဖြစ်သည့် SKY ကုမ္မဏီနှင့် အခြားရုံးခန်းများတွင် (၂,၅၀၀) ဝန်းကျင်၊ ဘုရားသုံးဆူမြို့အနီးနှင့် ရေတံခွန်ပန်းခြံနေရာများတွင် (၁,၈၀၀) ဝန်းကျင်နှင့် ထိုက်ချန်၊ ကျောက်ခက်တွင် အယောက် (၁,၀၀၀)ဝန်းကျင်ခန့် ပိတ်မိလျက်ရှိနေကြောင်း အစီရင်ခံစာ၌ ဖော်ပြထားသည်။

Photo: CSNHTV

လူကုန်ကူးခံရမှုမှ ယနေ့အချိန်ထိမလွတ်မြောက်နိုင်သေးသူများတွင် မြန်မာနိုင်ငံသား ပါဝင်သလို တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်၊ မလေးရှား၊ ရုရှား၊ အာဖရိက၊ တောင်အာဖရိက၊ ဘရာဇီး၊ နီပေါလ်၊ ကာဇက်စတန်၊ ကင်ညာ၊ ယူဂန်ဒါ၊ ဇင်ဘာဘွေ၊ ဂါနာ၊ ရဝမ်ဒါ စသည့် နိုင်ငံသားများ ပါဝင်သည်ဟု အစီရင်ခံစာက ဆိုသည်။

၎င်းတို့ရှိနေသည့်ကျားဖြန့်နေရာများကို ထိုင်းသတင်းဌာနတစ်ခုမှ ဂြိုလ်တုတွင် ရိုက်ယူဖော်ပြချက်အရ အချို့မှာ ကျားဖြန့်လုပ်ငန်းအတွက် အဆောက်အဦးအများအပြားဆောက်လုပ်နေခြင်း တွေ့ရသလို တောတွင်းနေရာများတွင် တဲထိုးကာ ငွေလိမ်လုပ်ငန်း လည်ပတ်နေသည့် ပုံများလည်းပါရှိသည်။

တဖက်တွင်လည်း နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုကျုးလွန်သူများကို ကာကွယ်ပေးမှုနှင့် ပါဝင်ပတ်သက်မှုကြောင့် BGF/KNA နှင့် DKBA ထိပ်ပိုင်းခေါင်းဆောင်များကို အီးယူ(EU)နှင့်အမေရိကန်တို့မှ ဒဏ်ခတ်ပိတ်ဆို့မှု ထုတ်ပြန်ထားခြင်းရှိသည်။

ထိုအထဲတွင် BGF ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဗိုလ်မှူးကြီးစောမုတ်သုန်အား ပြီးခဲ့သည့် ဇူလိုင်လ (၂၇)ရက်နေ့က ထိုင်းနိုင်ငံအထူးစုံစမ်းရေး-DSIမှ ဖမ်းဝရမ်းထုတ်ပြန်ထားမှုလည်း အပါအဝင်ဖြစ်သည်။