ဩဂုတ် (၂၆) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
မြန်မာနိုင်ငံ၏လူ့အခွင့်အရေးအခြေအနေသည် စစ်အုပ်စုအာဏာသိမ်းထားသည့်(၅)နှစ်ကျော်ကြာပြီးနောက် အနိမ့်ဆုံးအဆင့်သစ်သို့ ဆက်လက်ကျဆင်းလျက်ရှိကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးမဟာမင်းကြီးရုံး (OHCHR) က ၂၀၂၅ ခုနှစ် ဇွန်လမှ ၂၀၂၆ ခုနှစ် မေလအထိ ကာလကို လွှမ်းခြုံထားသည့် အစီရင်ခံစာတွင် ဖော်ပြသည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးခြင်း၊ နေအိမ်မီးရှို့ဖျက်ဆီးခံရမှုများပြားလာခြင်းနှင့်အတူ စစ်ရေးလှုပ်ရှားမှုများ ပိုမိုပြင်းထန်လာခြင်းနှင့် ပြည်တွင်းနေရပ်စွန့်ခွာနေထိုင်ရသူ(IDPs) ဦးရေ ပိုမိုမြင့်တက်လာခြင်းမှ မြန်မာ၏ လူ့အခွင့်အရေးအခြေအနေကို ကုလသမဂ္ဂက ကောက်ချက်ချထားသည်။
ထိုအထဲတွင် IDPs ဦးရေ ၃.၆ သန်းအထိ တိုးလာရာ ကလေးငယ်နှင့် မိခင် ၄၀၀,၀၀၀ ခန့် အပါအဝင် လူဦးရေ ၁၂.၄ သန်းသည် ပြင်းထန်သော အစားအစာချို့တဲ့မှုဖြင့် ရင်ဆိုင်နေရသည်ဟု ဆိုသည်။ ထို့အပြင် ယခုနှစ် ဖေဖော်ဝါရီမှ မေလအတွင်း အခြေခံစားသောက်ကုန်ဈေးနှုန်းများ ၃၁ ရာခိုင်နှုန်း မြင့်တက်သွားခဲ့ခြင်းကလည်း လူသားချင်းစာနာမှုအကြပ်အတည်းကို ပိုမိုနက်ရှိုင်းစေကြောင်း အစီရင်ခံစာက ဖော်ပြသည်။
ထို့အပြင် ကုလသမဂ္ဂအစီရင်ခံစာအရ တိုင်းရင်းသားဒေသများသည် အထိနာဆုံးဖြစ်၍ ကျန်းမာရေးဌာနများကို လေကြောင်းတိုက်ခိုက်မှုအပါအဝင် ပစ်မှတ်ထားတိုက်ခိုက်မှု (၂၂၁) ကြိမ် ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
“ဒီအစီရင်ခံစာဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အလွှာပေါင်းစုံမှာ ကြုံတွေ့နေရတဲ့ ဝမ်းနည်းကြေကွဲဖွယ်ရာ ဒုက္ခဆင်းရဲတွေနဲ့ ရက်စက်မှုတွေကို ဖော်ပြနေတာ ဖြစ်ပါတယ်” ဟု ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး Volker Türk က ပြောသည်။

ရခိုင်ပြည်နယ်တွင်လည်း စစ်အုပ်စုနှင့် အာရက္ခတပ်တော်(AA)တို့၏ ဖိနှိပ်မှုကြောင့် ရိုဟင်ဂျာများ လူ့အခွင့်အရေးဆုံးရှုံးမှု၊ သေဆုံးမှုအခြေအနေနှင့် ကချင်နှင့်ရှမ်းပြည်နယ်တို့တွင် တရားမဝင်မြေရှားသတ္တုတူးဖော်မှုများ လျှင်မြန်စွာချဲ့ထွင် ကြီးထွားလာမှုတို့ကိုလည်း ထိုအစီရင်ခံစာက မီးမောင်းထိုးပြထားသည်။
၎င်းမြေရှားသတ္တုတွင်းများသည် အရေအတွက် (၂၁၅) မှ (၅၉၀) ကျော်အထိ တိုးလာခြင်းဖြစ်ပြီး နောက်ကွယ်တွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဘေးထွက်ဆိုးကျိုးများနှင့် အလုပ်သမားများ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ် အမြတ်ထုတ်ခံရမှုများ ဖြစ်ပွားနေသည်။
ယင်းအပြင် မူးယစ်ဆေးဝါး ထုတ်လုပ်မှု၊ လူကုန်ကူးမှုနှင့် ကျားဖြန့် (Scam) စင်တာများ မြင့်တက်လာခြင်းတို့ကြောင့်လည်း လူ့အခွင့်အရေး အကျပ်အတည်းများ ဆက်လက် တိုးပွားလျက်ရှိကြောင်း အစီရင်ခံစာအရ သိရသည်။
ကုလသမဂ္ဂအနေဖြင့်မူ စုဆောင်းထားသည့်အဆိုပါအချက်အလက်များကို လူ့အခွင့်အရေးကောင်စီ၏ (၆၃) ကြိမ်မြောက်အစည်းအဝေးသို့ တင်သွင်းထားသည်ဟု ဆိုသည်။
ထို့အတူ စစ်အုပ်စုနှင့်ခေါင်းဆောင် မင်းအောင်လှိုင်သည် နိုင်ငံတကာတရားရုံး-ICJ နှင့်အင်ဒိုနီးရှားတရားရုံးတွင် လူမျိုးတုံးသတ်ဖြတ်မှုဖြင့် စွဲချက်တင် တရားရင်ဆိုင်ရမှုနှင့် တီမောလက်တေးနိုင်ငံတွင်လည်း စစ်ရာဇဝတ်မှုများကိုစုံစမ်းရန် တရားသူကြီးခန့်အပ်ခြင်းကဲ့သို့ နိုင်ငံတကာ၏ တရားစီရင်မှုဆိုင်ရာ အရေးယူဆောင်ရွက်မှုများ ရှိနေသည်ဟု ကုလသမဂ္ဂအစီရင်ခံစာက ဖော်ပြသည်။


















