Home သတင်း သောင်ရင်းမြစ်ရေ တစ်ရှိန်ထိုးမြင့်တက်လာ၍ မြဝတီ၊ မဲဆောက်တွင် ရေကြီး

သောင်ရင်းမြစ်ရေ တစ်ရှိန်ထိုးမြင့်တက်လာ၍ မြဝတီ၊ မဲဆောက်တွင် ရေကြီး

27
Photo: CJ

ဩဂုတ် (၂၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

သောင်ရင်းမြစ်ရေသည် ယနေ့(ဩဂုတ်လ ၂၁ ရက်)မနက်ပိုင်းက တစ်ရှိန်တိုးမြင့်တက်လာသဖြင့် ထိုင်း-မြန်မာနယ်စပ်၊ မြဝတီနှင့်မဲဆောက်မြို့ရှိ မြစ်ကမ်းနံဘေးရပ်ကွက်များ ရေကြီး၊ ရေလျှံမှုဖြစ်ပွားနေကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

မနက်(၁) နာရီဝန်းကျင်အချိန်မှစပြီး သောင်ရင်းမြစ်ရေတိုးမြင့်လာမှုကြောင့် မြဝတီမြို့ပေါ် တွင် ရေဘေးကယ်ဆယ်ရေးအသိပေးကြေညာမှုနှင့်အတူ လူမှုကူညီရေးအဖွဲ့များက မြစ်ဘေးရပ်ကွက်နေရာများကို ရေလွတ်ရာသို့ပြောင်းရွှေ့ပေးရခြင်းရှိကြောင်း မြဝတီမြို့ခံများက ပြောသည်။

“ညတစ်နာရီကြီး ကယ်ဆယ်ရေးလိုက်ကြေညာတယ်၊ ချက်ခြင်း ဘုန်းကြီးကျောင်းတွေ ဓမ္မာရုံတွေဆီ နေရာရွှေ့ရတယ်။ အခုမနက်တော့ သဲပုံဂိတ်၊ သရက်ပင်ဂိတ်၊ ကျောက်ဖျာဂိတ်၊ အမှတ်(၅)ကျွန်း‌တော၊ ခွန်ဆာဝင်း၊ မိုးကုတ်၊ ကြံခင်း အောက်လမ်းတို့ ရေမြုပ်ကုန်ပြီ” ဟု မြဝတီမြို့ခံတစ်ဦးက ပြောသည်။

မိုးလေဝဿထုတ်ပြန်ချက်အရ ယနေ့ ဩဂုတ် (၂၁) ရက် မနက် ၆ နာရီအချိန်တိုင်းထွာချက်တွင် သောင်ရင်းမြစ်ရေသည် မြဝတီမြို့၏ စိုးရိမ်ရေမှတ် ၉၆၃ စင်တီမီတာအထက် ၁,၁၂၃ စင်တီမီတာကို ရောက်ရှိနေကြောင်းလည်း သိရသည်။

ထို့အပြင် လတ်တလော မဲဆောက်မြို့ ၌ ယနေ့မနက်အစောပိုင်းမှစ၍ သောင်ရင်းမြစ်ဘေးရပ်ကွက်များ နှင့် မြို့တွင်းရပ်ကွက်အချို့တို့တွင် မြောင်းရေလျှံပြီး လူ‌နေရပ်ကွက်များမှ ကားလမ်းပေါ်အထိ ရေကျော်ဝင်ရောက်နေသည်ဟု မဲဆောက်ရောက် မြန်မာရွှေ့ပြောင်းအသိုင်းအဝိုင်းက ဆိုသည်။

Photo: CJ

ဈေးအရောင်းအဝယ်လုပ်ကိုင်သူ မဲဆောက်ရောက် မြန်မာတစ်ဦးက “အခုမနက်မိုးလင်းတော့ ဟုန်လုံကုန်တိုက်တို့ ဈေးကြီးတို့ ပတ်ခြာလည်နားကလမ်းတွေ ရေကြီးနေပြီ။ စာတိုက်လမ်း၊ ရဲစခန်းလမ်းတွေ ဆိုင်တွေထဲရေဝင်နေလို့ ရေတားသဲအိတ်တွေပိတ်နေရတယ်။ ကမ်းနားပိုင်းက ရေပေါ် ဈေးတို့ ဝါးစကင်းရွာတို့လည်း ရေမြုပ်ပြီ” ဟု ကေအိုင်စီကို ပြောသည်။

ထို့အပြင် ထိုင်းနိုင်ငံ၏ သဘာဝဘေးအန္တရာယ်စောင့်ရှောက်ရေးနှင့် စီမံခန့်ခွဲရေးဌာန(DDPM)၏သတိပေးချက်အရ သောင်ရင်းမြစ်ရေ သည် (၂)ရက်အတွင်း ၂ ပေ ကျော်အထိ မြင့်တက်လာနိုင်သည့်အန္တရာယ်ရှိနေသည်။

ယင်းကြောင့် တာ့ခ်ခရိုင်၊ မဲ့လမတ်မြို့နယ်နှင့် မဲဆောက်မြို့နယ်ရှိ မယ်ပ၊ မယ်ကု၊ မဟာဝမ်၊ ထာ့ဆိုင်လွှက်၊ မယ်တောင်၊ မဲ့ကဆာနှင့် မဲ့ကျလောင်းကျေးရွာနေ ပြည်သူများကို ရေဘေးလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်ကြရန် ထိုင်းအာဏာပိုင်များက အသိပေးနှိုးဆော်ထားကြောင်းလည်း သိရသည်။

ထို့အတူ မိုးရေချိန်များပြား၍ တောင်ကျရေလျှံမှုနှင့်မြစ်ရေကြီးမှုကြောင့် မြဝတီနှင့်မဲဆောက်တွင်သာမက သောင်ရင်းမြစ်ဖျားခံရာ ဒေသတစ်လျှောက်ရှိ ဝေါလေ၊ သေ့ဘောဘိုး၊ ကျောက်ခက် နှင့် ရွှေကုက္ကိုလ်ဒေသများဘက်တွင်လည်း ရေကျော်ဝင်ရောက်မှုများရှိနေကြောင်း နယ်စပ်နေသတင်းအရင်းအမြစ်များက ဆိုသည်။

Photo: CJ