Home သတင်း လေးမျက်နှာမြို့နယ် ရေဘေးသင့်ပြည်သူများအတွက် အသင့်စားရိက္ခာနှင့် ဆေးဝါးများ လိုအပ်နေ

လေးမျက်နှာမြို့နယ် ရေဘေးသင့်ပြည်သူများအတွက် အသင့်စားရိက္ခာနှင့် ဆေးဝါးများ လိုအပ်နေ

21
Photo: AKY

သြဂုတ် (၄) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်တွင် ငဝန်မြစ်ရေကာတာကျိုးပေါက်မှုကြောင့် ကျေးရွာအများအပြား ရေကြီးနစ်မြှုပ်မှုဖြစ်ပေါ်နေ၍ ရေဘေးသင့်ပြည်သူများအတွက် အသင့်စားရိက္ခာများနှင့် အခြေခံဆေးဝါးများ လိုအပ်လျက်ရှိကြောင်း ကူညီကယ်ဆယ်ရေးအဖွဲ့များက ပြောသည်။

ဧရာဝတီတိုင်း မီးသတ်ဦးစီးဌာန၏ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် ဇူလိုင်(၃၀) ရက်၊ ညပိုင်းတွင် လေးမျက်နှာမြို့နယ်၊ သခွက်ချောင်းကျေးရွာအုပ်စု၊ မြစ်ကျိုးကျေးရွာရှိ ငဝန်မြစ်ရေကာတာသည် အလျား ပေ ၅၀ ခန့် ကျိုးပေါက်ခဲ့ရာမှ ဒေါင့်ကြီး၊ ညောင်ဝိုင်း၊ သိမ်ကုန်း၊ သခွားကုန်း၊ ဝဲဒေါင့် အပါအဝင် ကျေးရွာ(၁၀)ထက်မနည်း ရေဘေးသင့်နေသည်။

ယင်းကြောင့် လေးမျက်နှာမြို့နယ်အတွင်း ယာယီရေဘေးရှောင်စခန်း (၉) ခုဖွင့်လှစ်ထားရပြီး စုစုပေါင်း ရေဘေးရှောင်ဦးရေ ထောင်ချီရှိလာသည်။ စခန်းများတွင် သောက်သုံးရေအတွက် အကူအညီရရှိသော်လည်း ကိုယ်တိုင်ချက်ပြုတ်စားရန် အဆင်မပြေသဖြင့် အသင့်စားရိက္ခာနှင့် ဆေးဝါးများ လိုအပ်ချက်ရှိသည်ဟု မြေပြင်တွင် ကယ်ဆယ်ရေးလုပ်နေသူတစ်ဦးက ပြောသည်။

“ချက်ပြုတ်ဖို့က အဆင်မ‌ပြေဘူးလေ။ ထမင်းဘူးဝေတာတွေနဲ့ပဲ စားသောက်နေရတယ်။ ပြီးတော့ အရေးပေါ်အတွက် အခြေခံဆေးဝါး လိုတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေဆိုရင် ရေထဲမှာ ကူညီရတော့ ယားတာတွေဖြစ်လာတယ်။ ရေက ထပ်ထပ်တက်လာတော့ ရေရှည်ဆိုရင် ဝမ်းပျက်ဝမ်းလျှောတွေ ဖြစ်လာနိုင်တယ်” ဟု ကယ်ဆယ်ရေးလူငယ်အမျိုးသားက ပြောသည်။

လမ်းများရေကျော်နေခြင်းကြောင့် သွားရောက်ကူညီလိုသူများအနေဖြင့် ကားလာနိုင်သည့်နေရာမှတဆင့် စက်လှေဖြင့် အကူအညီလိုအပ်သည့်နေရာများသို့ ဆက်၍သွားနေရခြင်းရှိသည်။

Photo: AKY

ထို့အပြင် ရေဘေးသင့်ပြည်သူများအတွက် စားနပ်ရိက္ခာထောက်ပံ့မှုသာမက ရေများ၍ ကယ်ဆယ်ရေးလိုအပ်သည့်နေရာများတွင် စက်လှေအများအပြား အသုံးပြုနေရသလို ရေနည်းရာတွင်လည်း စက်လှေကိုမချီကာ အဆင့်ဆင့်သွားနေရသည်ဟု အကူအညီပေးနေသူများက ပြောသည်။

ဖော်ပြပါ အမျိုးသားက ဆက်လက်၍ “ကုန်းမြင့်တဲ့နေရာတွေကို ရေသန့်နဲ့ ရိက္ခာတွေ စက်လှေနဲ့ သွားလှူရသလို ရေထဲမှာ ပိတ်မိနေတဲ့သူတွေကိုလည်း စက်လှေ ၄၊ ၅ စီးနဲ့ ကယ်ထုတ်နေရတယ်။ ရေများတဲ့နေရာဆို စက်လှေမောင်းပြီး ရေနည်းရင် စက်လှေကို ထမ်းပြီးတော့ကို အဆင့်ဆင့် ကယ်ထုတ်နေရတာပါ” ဟု ကေအိုင်စီကို ပြောသည်။

ထို့အတူ ဟင်္သာတဘက်မှ လာရောက်ပါက “ဟင်္သာတ – နိဗ္ဗာန် ယုန်တလင်း – ခမောက်စု” လမ်းကြောင်းအတိုင်း ခမောက်စုရွာအထိ မော်တော်ယာဉ်ဖြင့် လာရောက်နိုင်ပြီး ထိုမှတဆင့် စက်လှေများဖြင့် ချိတ်ဆက်ကူညီနိုင်ကြောင်းလည်း ကယ်ဆယ်ရေးလမ်းကြောင်းနှင့်ပတ်သက်ပြီး မြေပြင်ရှိအဖွဲ့များက အသိပေးသည်။

လက်ရှိတွင် MAN ရုံးချုပ်၊ ထီးထာကရင်လူငယ်ပရဟိတဖောင်ဒေးရှင်းတို့အပြင် ရန်ကုန်၊ ပဲခူး၊ မွန်နှင့် ကရင်ပြည်နယ် နေရာအသီးသီးမှ လာရောက်ကူညီပေးနေသည့် အဖွဲ့များရှိ၍ ၎င်းတို့နှင့် ချိတ်ဆက် အကူအညီများ ပေးပို့နိုင်ကြောင်း သိရသည်။