Home Facts Checking News ရုပ်သံဖိုင်အဟောင်းအသုံးပြုပြီး ကရင်နှင့်ဗမာအကြား လူမျိုးရေးအမုန်းစကား ဖြန့်ချိမှုကို စိစစ်ခြင်း

ရုပ်သံဖိုင်အဟောင်းအသုံးပြုပြီး ကရင်နှင့်ဗမာအကြား လူမျိုးရေးအမုန်းစကား ဖြန့်ချိမှုကို စိစစ်ခြင်း

25

ရုပ်သံဖိုင်အဟောင်းအသုံးပြုပြီး ကရင်နှင့်ဗမာအကြား လူမျိုးရေးအမုန်းစကား ဖြန့်ချိမှုကို စိစစ်ခြင်း

ဩဂုတ် (၇) ရက်၊ ၂၀၂၆ ခုနှစ်။

KIC/ The Red Flag/ MFCN

ထိုင်းရောက်မြန်မာအလုပ်သမားများ အထောက်အထားကိစ္စအပါအဝင် မင်းအောင်လှိုင်ကို ဆန္ဒပြခဲ့သည့် Bright Future အဖွဲ့၏ ရုပ်သံဖိုင်အဟောင်း အသုံးပြုထားသော ကရင်နှင့်ဗမာတိုင်းရင်းသားအချင်းချင်းကြား အမုန်းစကားဖြန့်ဝေမှု ပြီးခဲ့သည့်ဇူလိုင်(၂၈)ရက်နေ့က လူမှုမီဒီယာပေါ်တွင် ပျံ့နှံ့လာသည်။

“ဗမာတပ်စကစကို ကရင်ပြည်ကမောင်းထုတ်ဖို့ ထိုင်းခိုးဝင်ကျွန်ကရင်များကို ထိုင်းလူငယ်များတိုက်တွန်း” စာသားဖြင့် Saw P’yaw Poe လူမှုကွန်ရက်သုံးစွဲသူတစ်ဦးက ရုပ်သံဖိုင်ဖြင့် ဖြန့်ဝေနေခြင်းဖြစ်ပြီး Like, React ပေးသူ (၄၁၇)ဦး ရှိထားသည်။

Link – https://archive.ph/X6pgC

နောက်ထပ် ဖေ့ဘွတ်ခ်၊ ယူကျူ့နှင့် တစ်တော့တို့တွင်လည်း ဇူလိုင်(၂၈)၊ (၂၉)ရက်များက ထိုရုပ်သံကို “မအလရေ ထိုင်းကိုလာရင် သတိထားသာတော့ ထိုင်းလူငယ်တွေကကျုံးမှာနော်” ဟုလည်းကောင်း၊ “မင်းအောင်လှိုင် ထိုင်းလာမှာစိုးလို့ ထိုင်းလူငယ်တွေ မအလ ပုံကို ခြေထောက်နှင့် နင်း ဆန္ဒပြနေကြပြီ” ဟုလည်းကောင်း ပြန်လည်ဖြန့်ဝေနေကြပြီး ကြည့်ရှုသူအများအပြားရှိသည်။

Link (1) – https://archive.ph/JmFjh
Link (2) – https://archive.ph/dhl5W
Link (3) – https://archive.ph/FzHci

ထိုပျံ့နှံ့မှုများအား Myanmar Fact Checking-Network အဖွဲ့ဝင် ကေအိုင်စီမှ အချက်အလက်စိစစ်ကြည့်ခဲ့ရာ ပြီးခဲ့သည့် နိုင်ငံတကာအလုပ်သမားနေ့-မေဒေးက ဆန္ဒဖော်ထုတ်မှုရုပ်သံဖိုင်ကို အသုံးပြုထားကြောင်း တွေ့ရသည်။

အချက်အလက်စိစစ်ခြင်း
ရုပ်သံမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရုပ်ပုံပါရှိသည့် ဘန်နာအား မြေပြင်ပေါ်ချခင်းကာ လူစုလူဝေးအလယ်တွင် လူငယ်နှစ်ဦးက မိုက်ကရိုဖုန်းဖြင့် ထိုင်းစကားအသုံးပြု ရက်ပ်သီချင်း ဆိုနေခြင်းဖြစ်သည်။

ရုပ်သံပါ လှုပ်ရှားမှုများအား ဓာတ်ပုံအဖြစ် Screen Shot ရိုက်ယူပြီး Reverse Image Search Tools- Google Image Search မှ ရှာဖွေစစ်ဆေးကြည့်ရာ ၂၀၂၆ ခုနှစ် မေလ(၂)ရက်နေ့က prachatai သတင်းဌာန၏ဖော်ပြချက်ကိုလည်းကောင်း၊ The Reporters ၏ မေလ(၁)ရက်နေ့က သတင်းကိုလည်းကောင်း တွေ့ရှိရသည်။

Prachatai ၏ ဖော်ပြချက်အရ ဘန်ကောက်မြို့ရှိ Bangkok Art and Culture Centre ရှေ့တွင် ၂၀၂၆၊ မေလ(၁)ရက်နေ့ မနက်(၉)နာရီ (၃၀)မိနစ်က Bright Future အဖွဲ့မှ မြန်မာအလုပ်သမားများနှင့် ထိုင်းအနုပညာရှင်များပူးပေါင်းပြီး ထိုင်းတွင် CI လုပ်ရန်ပေးနေရသည့် ငွေကြေးများ စစ်အုပ်စုထံရောက်မည်ကို စိုးရိမ်ကြောင်း၊ ထို့ကြောင့် မင်းအောင်လှိုင်နှင့် စစ်အုပ်စုကို ဆန့်ကျင်ရန် မေဒေးလှုပ်ရှားမှုအဖြစ် စုဝေးသရုပ်ဖော်၊ ရက်ပ်သီချင်းများ ရွတ်ဆို အသံထုတ်ဖော်ခြင်း ဖြစ်ကြောင်း သိရသည်။

Prachatai – https://shorturl.at/w4p9r

The Reporters က လည်း ဆန္ဒထုတ်ဖော်မှု မှတ်တမ်းဓာတ်ပုံများနှင့်တကွ မေလ(၁)ရက်နေ့ကတည်းက တင်ဆက်ထားပြီး ဆန္ဒပြသူများသည် မင်းအောင်လှိုင်နှင့် ရွေးကောက်ပွဲကို ငြင်းပယ်ရန်၊ CI စာအုပ်စိမ်းကို ပယ်ဖျက်ရန်၊ ပန်းရောင်ကတ်ကို အထောက်အထားတွက် အဓိက အသုံးပြုနိုင်ရန် အချက်(၃)ချက်ကို တောင်းဆိုခဲ့ကြသည်ဟု ဖော်ပြထားသည်။

The Reporters – https://shorturl.at/4KCVJ

သတင်းပါ ဓာတ်ပုံများနှင့် ရုပ်သံမှတ်တမ်းကို တိုက်ဆိုင်စစ်ဆေးရာတွင်လည်း နေရာတူ၊ အဝတ်အစားတူ၊ ပါဝင်သည့်လူပုဂ္ဂိုလ်များနှင့် အသုံးအဆောင်ပစ္စည်းများ အားလုံး ထပ်တူညီမှုရှိကြောင်း စိစစ်နိုင်ခဲ့သည်။

ဒေသတွင်း ယုံကြည်စိတ်ချရသည့် မြန်မာ့သတင်းမီဒီယာများတွင် ဖော်ပြခဲ့ခြင်းရှိမရှိ Google မှ တဆင့် “Bright Future မေဒေးဆန္ဒပြမှု” Keyword ဖြင့် ထပ်မံအတည်ပြုရာ Dawei Watch ၏ “CI မလိုဘဲ ပန်းရောင်ကတ်တစ်ခုတည်းဖြင့် နေထိုင်လုပ်ကိုင်ခွင့်ပြုရန် ဘန်ကောက်တွင် မြန်မာလုပ်သားများတောင်းဆို” သတင်း( https://shorturl.at/czwjA) ကိုလည်းကောင်း၊ Shan News ၏ ဆက်စပ်သတင်းဖော်ပြမှု (https://shorturl.at/lYRO0)ကိုလည်းကောင်း ထပ်မံတွေ့ရှိခဲ့သည်။

သုံးသပ်ချက်
ဖော်ပြပါအချက်အလက်များကို စိစစ်ချက်အရ ရုပ်သံဖိုင်မှာ စစ်ခေါင်းဆောင်က ရွေးကောက်ပွဲလုပ်မည့်အပေါ် လက်မခံကြောင်း၊ ထိုင်းရောက်မြန်မာအလုပ်သမားများထံမှ ငွေကြေးများ စစ်အုပ်စုထံဘဏ္ဍာငွေအဖြစ် ရောက်ရှိနေသည့်အပေါ် မေလ ၁ရက် အလုပ်သမားနေ့တွင် တောင်းဆိုဆန္ဒထုတ်ဖော်ခဲ့ကြသည့် မှတ်တမ်းအဟောင်းဖြစ်ကြောင်း တွေ့ရှိခဲ့သည်။

ယင်းဖိုင်ကိုအသုံးပြု၍ တိုင်းရင်းသားများက လူမျိုးကြီးဝါဒကိုလက်ကိုင်ထားသည့် စစ်တပ် မုန်းတီးရေးကိုအကြောင်းပြုပြီး “ဗမာ”ဟူသည့်အသုံးအနှုန်း ဖော်ပြခြင်းသည် ကရင်နှင့်ဗမာ တိုင်းရင်းသားအချင်းချင်းကြား လူမျိုးရေးသွေးခွဲ အမုန်းစကားဖြန့်ရာရောက်ကြောင်း သုံးသပ်ရသည်။

စာဖတ်သူများအနေဖြင့်လည်း သတင်းတု/သတင်းမှား ဖြစ်ကြောင်း သံသယရှိသည်ဖြစ်စေ၊ မှန်ကန်သည့်သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလို၍ဖြစ်စေ၊ Fact Checking ပြုလုပ်ပေးသော သတင်းဌာန/အဖွဲ့ အစည်းများ၏ Chat Box မှ သွားရောက်မေးမြန်းကြရန် တိုက်တွန်းလိုသည်။

Myanmar Fact-checking Network-MFCN အဖွဲ့ဝင်များကို ဆက်သွယ်မေးမြန်း၍ စစ်ဆေးပေးရန်တောင်းခံနိုင်သလို MFCN ၏ အောက်ပါလင့်ခ်များမှ နေ၍လည်း အချက်အလက်စစ်ဆေးရန် တောင်းဆိုနိုင်ပါသည်။

Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork