Home သတင်း ရင်ဘတ်ချင်းတူသည့် တော်လှန်ရေးအဖွဲ့များနှင့် ဆက်လက်ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ချင်းပြည်ကောင်စီ ပြော

ရင်ဘတ်ချင်းတူသည့် တော်လှန်ရေးအဖွဲ့များနှင့် ဆက်လက်ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ချင်းပြည်ကောင်စီ ပြော

14
Photo: Press Conference & CNF

ဩဂုတ် (၂၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ရည်ရွယ်ချက်၊ ဦးတည်ချက်ချင်း တူညီသည့် တော်လှန်ရေးအဖွဲ့အစည်းများနှင့် ဆက်လက်ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ချင်းပြည်ကောင်စီ(Chinland Council) က ယနေ့၊ ဩဂုတ်လ(၂၈)ရက်နေ့ပြုလုပ်သည့် အစီရင်ခံစာမိတ်ဆက် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

“ချင်းပြည်သူတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့်ကိုကျင့်သုံးပြီး (၂)နှစ်ခွဲကာလအတွင်း အုပ်ချုပ်ရေးဖော်ဆောင်မှု” အစီရင်ခံစာကို အွန်လိုင်းမှတဆင့် ပြုလုပ်သွားခြင်းဖြစ်ပြီး ချင်းပြည်ကောင်စီ၏ ဦးစားပေးလုပ်ငန်းစဥ်အနေဖြင့် ရင်ဘတ်ချင်းတူသော တော်လှန်ရေးအဖွဲ့အစည်းများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဟု ထည့်သွင်းပြောဆိုထားသည်။

“မင်းအောင်လှိုင်ကို တချို့လူတွေက မကြိုက်ကြဘူး၊ ဒါပေမဲ့ တခြားရွေးစရာမရှိဘူးဆိုပြီးတော့ ပြောတာတွေ ရှိတယ်။ ကျနော်တို့ကသာ “We are the alternative” (ပိုကောင်းတဲ့လမ်းကြောင်း/အစိုးရ) ဖြစ်တယ်ဆိုပြီး လုပ်ပြနိုင်ရင် အင်မတန်ကောင်းတယ်။ အခုလည်း ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရေးဆိုပြီး လုပ်ကြတယ်၊ အဲဒါက ပူးပေါင်းဆောင်ရွက်ဖို့ တကယ်ပဲအရေးကြီးတယ်” ဟု ကောင်စီ အတွင်းရေးမှူး ဆလိုင်းကပ်ချင်ထန်း က ကေအိုင်စီကို ပြောသည်။

ချင်းပြည်ကောင်စီအပါအဝင် စစ်အာဏာရှင်စနစ်ကိုတော်လှန်နေကြသည့် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့် စစ်အုပ်စုနှင့်စင်ပြိုင်တစ်ရပ်အနေဖြင့်မဟုတ်ဘဲ အစိုးရတစ်ရပ်အနေဖြင့် ပြသလုပ်ဆောင်နိုင်မှသာ ပြည်သူလူထု အပါအဝင် အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာ၏ အသိအမှတ်ပြုဆက်ဆံမှု ရရှိမည်ဖြစ်ကြောင်းလည်း ၎င်းက ဖြည့်စွက်အကြံပြုထားသည်။

Chin Centre for Peace and Reconciliation (CCPR) ၏ ပံ့ပိုးမှုဖြင့် ပြုစုသည့် အဆိုပါအစီရင်ခံစာသည် နှစ်နှစ်ခွဲကာလအတွင်း အာဏာသိမ်းမှုနောက်ပိုင်း ဗဟိုချုပ်ကိုင်မှု လုံးဝမရှိတော့သော ချင်းပြည်နယ်၌ မြို့နယ်နှင့် ဒေသ(၁၉)ခုမှ ကိုယ်စားလှယ်များ အခြေခံ၍ ချင်းပြည်ကောင်စီ၏ အုပ်ချုပ်ရေးဖော်ဆောင်မှုများကို စုစည်းတင်ပြထားခြင်း ဖြစ်သည်။

ထို့အပြင် လက်ရှိ ချင်းပြည်၏ လူဦးရေ ၂၅၀,၀၀၀ ကျော်အတွက် လွှတ်တော်၊ အစိုးရအဖွဲ့နှင့် တရားလွှတ်တော်ချုပ် မဏ္ဍိုင်သုံးရပ်ဖြင့် အုပ်ချုပ်ရေး ဆောင်ရွက်နေပြီး ချင်းပြည်လွှတ်တော်က ရေးဆွဲပြဌာန်းထားသော ဥပဒေ ကိုးခုဖြင့် နှစ်နှစ်ခွဲ အတွင်း အမှု ၁၈ ခု ကြားနာဆုံးဖြတ်ခဲ့နိုင်ကြောင်းလည်း သိရသည်။ မြို့နယ်နှင့်ဒေသ တရားရုံး ၂၅ ရုံးအနက်တွင် ၂၃ ရုံးမှာ လက်ရှိလည်ပတ်နေဆဲဖြစ်သည်ဟုလည်း အစီရင်ခံစာက ဖော်ပြသည်။

Photo: Press Conference & CNF

သို့ရာတွင် ဘဏ္ဍာရေးနှင့်လူ့အရင်းအမြစ်ရှားပါးမှုကြောင့် မူဝါဒများကို အကောင်အထည်ဖော်ရာ၌ အားနည်းချက်ရှိနေပြီး ပညာရေးတွင်လည်း ကျောင်းဆရာ/ဆရာမများ လုပ်ခလစာ အတွက် ရပ်ရွာအလှူငွေများကိုသာ အဓိကမှီခိုနေရသည်ဟု ဆိုသည်။

ထို့အတူ ချင်းတော်လှန်ရေးအင်အားစုများအကြား စုစည်းညီညွတ်မှု၊ ယှဉ်ပြိုင်အုပ်ချုပ်ရေးနှင့် သီးခြားနိုင်ငံရေးဖြစ်စဉ်များမှာလည်း လတ်တလော စိန်ခေါ်မှုများဖြစ်ကြောင်း ချင်းပြည်ကောင်စီက အစီရင်ခံစာတွင် ဝန်ခံထားခြင်းရှိသည်။

ယင်းကြောင့် တော်လှန်ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်ခြင်းအပြင် ဒေသန္တရအစိုးရများ၏ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ တာဝန်ခံမှုနှင့် စောင့်ကြည့်လေ့လာမှုစနစ်များ အားကောင်းစေရေး တို့ကိုလည်း ကောင်စီ၏ ဦးစားပေးလုပ်ငန်းစဉ်အဖြစ် ချမှတ်ထားကြောင်း သိရသည်။

နိုင်ငံတကာမိတ်ဖက်များအနေဖြင့်လည်း ဒေသန္တရ အုပ်ချုပ်ရေးယန္တရားများကို တိုက်ရိုက်ကူညီပံ့ပိုးရန် ချင်းပြည်ကောင်စီက အစီရင်ခံမှတဆင့် တိုက်တွန်းသည်။

ချင်းပြည်ကောင်စီကို ၂၀၂၀ ရွေးကောက်ခံ လွှတ်တော်အစုအဖွဲ့၊ CNF (ချင်းအမျိုးသားတပ်ဦး) အစုအဖွဲ့၊ မြို့နယ်/ဒေသ အစုအဖွဲ့(၃)ခု ပေါင်းစည်းမှုဖြင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးနှင့် ချင်းအမျိုးသား ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ရည်ရွယ်ပြီး ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ (၆)ရက်နေ့တွင် အတည်ပြု ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။