Home သတင်း မြေရှားသတ္တုတူးဖော်မှု ဆိုးကျိုးများ တာဝန်ယူဖြေရှင်းပေးရန် ချင်းမိုင်ရှိ မြန်မာကောင်စစ်ဝန်ရုံးရှေ့ ဆန္ဒထုတ်ဖော်

မြေရှားသတ္တုတူးဖော်မှု ဆိုးကျိုးများ တာဝန်ယူဖြေရှင်းပေးရန် ချင်းမိုင်ရှိ မြန်မာကောင်စစ်ဝန်ရုံးရှေ့ ဆန္ဒထုတ်ဖော်

19
ကိုးကား: The Reporters , Photo: The Reporters

ဩဂုတ် ၃ ရက်၊ ၂၀၂၆။ ကေအိုင်စီ

မြန်မာနိုင်ငံအတွင်း မြေရှားသတ္တုနှင့် သတ္တုတူးဖော်ရေးလုပ်ငန်းများကြောင့် မြစ်ရေအဆိပ်သင့် ညစ်ညမ်းလာမှုအပေါ် တာဝန်ယူဖြေရှင်းပေးရန် တောင်းဆိုသည့် ဆန္ဒထုတ်ဖော်သည့် အစီအစဉ် တစ်ခုကို ယနေ့ (ဩဂုတ် ၃ရက်) နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ မြန်မာကောင်စစ်ဝန်ရုံးရှေ့၌ မြစ်ချောင်းများ ကာကွယ်စောင့်ရှောက်ရေး အဖွဲ့များနှင့် ဒေသခံများ ပြုလုပ်ခဲ့သည်။

မြေရှားသတ္တုတူးဖော်မှုများကြောင့် ဒေသတွင်း မြစ်ချောင်းအများအပြား ထိခိုက်ပျက်စီးကာ ပြည်သူ များအပေါ် သက်ရောက်မှုကြီးမားနေသဖြင့် မြန်မာစစ်အုပ်စုအနေဖြင့် တာဝန်ယူဖြေရှင်းပေးရန် ကော့၊ ဆိုင်၊ ရွတ်မြစ်နှင့် မဲခေါင်မြစ်ဝှမ်း ကာကွယ်စောင့်ရှောက်ရေး ပြည်သူ့ကွန်ရက်အဖွဲ့ဝင် ထိုင်းနှင့် မြန်မာနိုင်ငံသားများက ယခုကဲ့သို့ စုဝေးတောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း The Reporters သတင်းဌာနက ဖော်ပြသည်။

အဆိုပါ မြစ်ဝှမ်းအနီးတစ်ဝိုက်တွင် နေထိုင်ကြသည့် ထိုင်းပြည်သူ သန်းပေါင်းများစွာမှာ သဘာ ဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှုများကို ရင်ဆိုင်နေကြရပြီး မြစ်ရေညစ်ညမ်းမှုကြောင့် လယ်ယာမြေ ဧက (၄၄,၀၀၀) ခန့် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း မြစ်ချောင်းကာကွယ်စောင့်ရှောက်ရေး အဖွဲ့က ပြောဆိုသည်။

ထို့အပြင် မြစ်ရေဆိုးကျိုးများကြောင့် ကျေးရွာပေါင်း (၆၀) ခန့်မှ ရေလုပ်သားများမှာ အသက်မွေး ဝမ်းကျောင်း လုပ်ငန်းများ ထိခိုက်လာရကာ မြစ်တွင်းရှိ ရေနေသတ္တဝါနှင့် ငါးများ၏ ကလီစာများကို စားသုံးရန်မသင့်ကြောင်း ထုတ်ပြန်ထားရသဖြင့် ဝင်ငွေများ ဆုံးရှုံးနေရသည်။ အလားတူ ချင်းရိုင်းမြို့ပေါ်ရှိ ဒေသခံပြည်သူ တစ်သိန်းကျော်မှာလည်း သတ္တုဓာတ်များဖြင့် ညစ်ညမ်းနေသည့် ရေများကို သောက်သုံးနေရသည့် အကျပ်အတည်းနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

ကိုးကား: The Reporters , Photo: The Reporters

သတ္တုတူးဖော်ရေးလုပ်ငန်းများကြောင့် ဖြစ်ပေါ်လာနေသည့် နယ်စပ်ဖြတ်ကျော် သဘာဝ ပတ်ဝန်းကျင်နှင့် လူ့အခွင့်အရေး ချိုးဖောက်မှုကိစ္စရပ်များနှင့် ပတ်သက်၍ ကုလသမဂ္ဂ (UN) ကလည်း ယခုနှစ် ဧပြီလ ၁၂ ရက်နေ့က ပူးတွဲစာတစ်စောင် ထုတ်ပြန်ထားခဲ့ဖူးသည်။

မြစ်ဝှမ်းတစ်လျှောက်တွင် သတ္တုတူးဖော်မှု လုံးဝမရှိကြောင်း မြန်မာစစ်အုပ်စုဘက်က ဇွန်လအတွင်းက အခိုင်အမာ ငြင်းဆိုခဲ့သော်လည်း ဂြိုဟ်တုမှ မှတ်တမ်းတင်ထားသည့် ဓာတ်ပုံအထောက်အထားများနှင့် ကွဲလွဲလျက်ရှိသည်။ ထို့ကြောင့် မြစ်ဝှမ်းတစ်လျှောက်ရှိ သတ္တုတွင်းများကြောင့် ဖြစ်ပေါ်လာသည့် နယ်စပ်ဖြတ်ကျော် ညစ်ညမ်းမှုပြဿနာများကို အသိအမှတ်ပြု လက်ခံပေးရန်နှင့် သတ္တုတွင်း လုပ်ငန်းအားလုံးကို ရပ်ဆိုင်းပေးရန် မြစ်ချောင်းကာကွယ်ရေးအဖွဲ့က တောင်းဆိုထားသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ သံလွင်မြစ်၊ ကော့မြစ်၊ ဆိုင်မြစ်၊ ရွတ်မြစ်၊ မဲခေါင်မြစ်နှင့် ကရတ်ပူရီမြစ် စသည့် မြစ် (၆) စင်း ညစ်ညမ်းမှုပြဿနာများကို ဖြေရှင်းရန် နှစ်နိုင်ငံပူးတွဲလုပ်ငန်းအဖွဲ့ ဖွဲ့စည်းရန် စီစဉ်လျက်ရှိသည်။ သို့သော် မြန်မာဘက်မှ ပူးတွဲဆောင်ရွက်မည့် လုပ်ငန်းစဉ်အချို့ကို ပယ်ဖျက်ရန် အဆိုပြုထားခြင်းအပေါ် မြစ်ချောင်းအရေးဆောင်ရွက်နေသည့် အရပ်ဘက်အဖွဲ့အစည်းများက စိုးရိမ် လျက်ရှိသည်။

နယ်စပ်ဖြတ်ကျော် မြစ်များဆိုင်ရာ ရေထုညစ်ညမ်းမှုပြဿနာများကို ဖြေရှင်းမည့် နှစ်နိုင်ငံ ပူးတွဲ လုပ်ငန်းစဉ်အဖွဲ့၏ သဘောတူညီချက်မူကြမ်းကို ဩဂုတ်လ ၄ ရက်နေ့တွင် ထိုင်းအစိုးရအဖွဲ့ထံ တင်ပြကာ အတည်ပြုချက်ရယူသွားမည်ဖြစ်သည်။ အဆိုပါ အတည်ပြုချက်များနှင့် ပတ်သက်၍ ဩဂုတ်လ ၆ ရက်နေ့တွင် ထိုင်းနိုင်ငံသို့ လာရောက်မည့် စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်၏ ခရီးစဉ်အတွင်း လက်မှတ်ရေးထိုးရန် လျာထားဆောင်ရွက်နေကြောင်း သိရသည်။