Home သတင်း မြန်မာဘက်ကူးမည့် တရုတ်နိုင်ငံသား(၈) ဦးနှင့် ထိုင်းလမ်းပြ (၂) ဦးကို ထာ့ဆောင်ယန်းမြို့နယ်တွင် ထိုင်းရိန်းဂျားတပ်ဖွဲ့ ဖမ်းမိ

မြန်မာဘက်ကူးမည့် တရုတ်နိုင်ငံသား(၈) ဦးနှင့် ထိုင်းလမ်းပြ (၂) ဦးကို ထာ့ဆောင်ယန်းမြို့နယ်တွင် ထိုင်းရိန်းဂျားတပ်ဖွဲ့ ဖမ်းမိ

12
Photo: Social Media

ဩဂုတ် (၂၇) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ ထာ့ဆောင်ယန်းနယ်စပ်မှတစ်ဆင့် မြန်မာနိုင်ငံဘက်သို့ တရားမဝင်ကူးမည့် တရုတ်နိုင်ငံသား (၈) ဦးနှင့် ထိုင်းနိုင်ငံသား လမ်းပြ (၂) ဦးကို ထာ့ဆောင်ယန်းမြို့နယ်၊ မဲဥစူကျေးရွာအုပ်စုအတွင်း နယ်မြေခံ တောချောဒေါရိန်းဂျားတပ်ဖွဲ့ အမှတ် (၃၅၀၁) က ဩဂုတ်လ (၂၅) ရက်နေ့တွင် ဖမ်းဆီးမိခဲ့ကြောင်း ထိုင်းသတင်းအရင်းအမြစ်များမှ သိရသည်။

ထိုနေ့ ည (၁၀) နာရီဝန်းကျင်တွင် လမ်းလွှဲတစ်နေရာ၌ ပုံမှန်မဟုတ်ဘဲ အချိန်ကြာမြင့်စွာ ရပ်ထားသည့် သံသဃဖြစ်ဖွယ် မော်တော်ယာဉ်တစ်စီးကို တွေ့ရှိခဲ့သဖြင့် နယ်မြေတာဝန်ကျနေသည့် ကင်းလှည့်တပ်ဖွဲ့များက သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

အာဏာပိုင်များကို တွေ့ရှိသည်နှင့်တစ်ပြိုင်နက် ကားအနီးသို့ ချဉ်းကပ်လာသူ အမျိုးသားတစ်စုမှာ အနီးရှိ တောအတွင်း ထွက်ပြေး၍ လိုက်လံဖမ်းဆီးခဲ့သည်။ မော်တော်ယာဉ်အား မောင်းနှင်ထွက်ပြေးသူ ယာဥ်မောင်းကိုလည်း အခြားကင်းလှည့်တပ်ဖွဲ့ဝင်များက လမ်းတစ်နေရာတွင် ပိတ်ဆို့တားဆီးရာမှ အချိန်မီ ဖမ်းဆီးနိုင်ခဲ့သည်ဟု သတင်းအရင်းအမြစ်များတွင် ဖော်ပြသည်။

နယ်မြေခံကင်းလှည့်တပ်ဖွဲ့သည် အသက် (၃၁) နှစ်အရွယ်ရှိ ထိုင်းနိုင်ငံသား လမ်းပြ (၁) ဦး နှင့် တရုတ်နိုင်ငံသား အမျိုးသား(၈) ဦးတို့ကို ဖမ်းဆီးရမိခဲ့ပြီး အသက်(၂၇)နှစ်အရွယ် ထိုင်းလူမျိုး ယာဉ်မောင်း၏ထွက်ဆိုချက်အရ ၎င်းတို့သည် မြန်မာဘက်သို့ ကူးရန် ထိုနေရာ၌ လမ်းပြလုပ်မည့်သူအား လာကြိုခြင်းဖြစ်ကြောင်း သိရသည်။

Photo: Social Media

ထို့အပြင် လမ်းပြကို ဆက်လက်မေးမြန်းချက်အရ အဆိုပါ တရုတ်နိုင်ငံသား(၈)ဦးမှာ ချင်းမိုင်ခရိုင်မှ လာရောက်၍ တစ်ဖက်ကမ်း၊ မြန်မာနိုင်ငံဘက်သို့ သွားရောက်အလုပ်လုပ်ကိုင်ကြမည့်သူများ ဖြစ်သည်ဟု ဆိုသည်။ ၎င်းတို့သည် သောင်ရင်းမြစ်ကို တရားမဝင် ဖြတ်ကူးနိုင်မည့်လမ်းကြောင်း ရှာဖွေနေသူများဖြစ်ပြီး အခကြေးငွေ ဘတ် ၂,၀၀၀ အား လမ်းပြကြေးအဖြစ် ပေးခဲ့ကြောင်း ထွက်ဆိုထားသည်။

အဆိုပါဖမ်းဆီးမှုကို ထိုင်းရိန်းဂျားတပ်ဖွဲ့က ထာ့ဆောင်ယန်းမြို့နယ် အုပ်ချုပ်ရေးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးထိန်းသိမ်း၍ ၎င်းတို့အသုံးပြုခဲ့သည့် မော်တော်ယာဉ်ကိုလည်း သက်သေခံ သိမ်းဆည်းထားကြောင်း သိရသည်။

လက်ရှိတွင် ဖမ်းဆီးရမိသူများအား ထာ့ဆောင်ယန်းရဲစခန်းသို့ ဆက်လက်လွှဲပြောင်းပေးအပ်ခဲ့ပြီး ဥပဒေအတိုင်း ဆက်လက် အရေးယူဆောင်ရွက်လျက်ရှိကြောင်းလည်း ထိုင်းသတင်းအရင်းအမြစ်များက ဖော်ပြသည်။