သြဂုတ် ၁၆ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ် မယ်လဒုက္ခသည်စခန်း၊ ဇုန် C1B တွင် ယနေ့ ဩဂုတ် ၁၆ ရက် မွန်းလွဲ ၁ နာရီခွဲခန့်က အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦး ချောင်းဖြတ်ကူးစဉ် ခြေချော်ပြုတ်ကျကာ ရေနစ် သေဆုံးခဲ့ကြောင်း စခန်းတာဝန်ရှိသူထံမှ သိရသည်။
သေဆုံးသူ အမျိုးသမီးသည် မယ်လစခန်း ဇုန် C၊ 1B ရပ်ကွက်၊ အိမ်အမှတ် (၃၃၀) တွင် နေထိုင်သူဖြစ်ပြီး အရက်မူး၍ နေအိမ်သို့ ပြန်လာစဉ် စခန်းအတွင်းရှိ ချောင်းကို ဖြတ်ကူးရာမှ ပြုတ်ကျပြီး ချောင်းရေတွင် မျောပါသွားကာ သေဆုံးသွားကြောင်း စခန်းတာဝန်ရှိသူ စောဆန်းဒေးက ကေအိုင်စီသို့ ပြောသည်။
၎င်းက “သူက အရက်မူးပြီး သူ့အိမ်ကို ပြန်လာတာ လမ်းမှာ ချော်လဲပြီး ချောင်းထဲ ပြုတ်ကျ သွားတာပါ။ အလောင်းကို နောက်မှ သွားတွေ့ကြတာပါ” ဟု ပြောသည်။
မယ်လဒုက္ခသည်စခန်းတွင် ဇုံ A၊ Bနှင့် C ဟူ၍ သတ်မှတ်ထားပြီး ရပ်ကွက်ပေါင်း ၂၂ ခုရှိသည်။ ယခင်က ရေကြီးခြင်း၊ ရေစီးသန်ခြင်း များ ရှိခဲ့သော်လည်း ဒုက္ခသည်များ ရေမျောသေဆုံးမှုမှာ ယခုနှစ်အတွင်း တစ်ကြိမ်သည် ပထမဦးဆုံးဖြစ်ကြောင်း စောဆန်းဒေးက ဆိုသည်။
လက်ရှိတွင် မိုးရွာသွန်းမှုများကြောင့် မယ်လစခန်းအတွင်း ချောင်းရေကြီး ရေလျှံမှုများ ဖြစ်ပေါ်နေပြီး ရေစီးသန်နေသဖြင့် မိဘအုပ်ထိန်းသူများအနေဖြင့် မိမိတို့၏ ကလေးငယ်များကို ချောင်းစပ်ကဲ့သို့ နေရာများတွင် သွားရောက်ဆော့ကစားခြင်း မပြုကြရန်နှင့် ရေဘေးအန္တရာယ် သတိပြုကြရန်လည်း စခန်းနေ ပြည်သူများက အချင်းချင်း သတိပေးနှိုးဆော်ကြလျက် ရှိသည်။



















