Home သတင်း တပ်မဟာ (၅) နယ်မြေတွင် လဝက်တိုက်ပွဲအတွင်း စစ်အုပ်စု တပ်ဖွဲ့ဝင် ၁၄ ဦးသေဆုံး

တပ်မဟာ (၅) နယ်မြေတွင် လဝက်တိုက်ပွဲအတွင်း စစ်အုပ်စု တပ်ဖွဲ့ဝင် ၁၄ ဦးသေဆုံး

19
Photo: KNU

သြဂုတ် ၁၉ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ ၅ နယ်မြေ/ဖာပွန်ခရိုင်တွင် ယခု သြဂုတ်လ လယ်အထိ နှစ်ဖက်ဖြစ်ပွားသည့် တိုက်ပွဲဖြစ်စဉ်အတွင်း အာဏာသိမ်းစစ်တပ်ဘက်မှ ၁၄ ဦးသေဆုံးခဲ့ကြောင်း သြဂုတ်လ (၁၇) ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် မူတြော်ခရိုင်၏ လဝက်မှတ်တမ်းအရ သိရသည်။

ယခု သြဂုတ် (၁) ရက်နေ့မှ (၁၅) ရက်နေ့အထိ အာဏာသိမ်းစစ်တပ်နှင့် ကရင်အမျိုးသား လွတ် မြောက်ရေးတပ်မတော် – KNLA တို့ ပူးပေါင်းတပ်ဖွဲ့များအကြား နှစ်ဖက်တိုက်ပွဲပေါင်း (၅၁) ကြိမ် ဖြစ်ပွားခဲ့ရာ စစ်အုပ်စုဘက်က တပ်ကြပ်ကြီးအဆင့် (၂) ဦးအပါအဝင် ၁၄ ဦးသေဆုံးကာ (၂၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါ တိုက်ပွဲဖြစ်စဉ်များအတွင်း တော်လှန်ရေးပူးပေါင်းတပ်ဘက်က ထိခိုက်သေဆုံး ရှိ၊မရှိ အခြေအနေကိုမူ အဆိုပါစာရင်းမှတ်တမ်းတွင် ဖော်ပြထားခြင်းမရှိပါ။

ထို့အပြင် နှစ်ပတ်ကျော်ကြာ တိုက်ပွဲများအတွင်း စစ်အုပ်စုဘက်မှ လေယာဉ်အသုံးပြု၍ ဗုံးကြဲတိုက်ခိုက်မှု (၈၁) ကြိမ်၊ လက်နက်ကြီး အကြိမ်ရေ (၇၀) နီးပါးခန့် ပစ်ခတ်ခဲ့ပြီး ၎င်းလေယာဉ်နှင့် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် အရပ်သား ၃ ဦး သေဆုံးခဲ့ရကာ ၈ ဦး ဒဏ်ရာရရှိခဲ့သည်။

ထို့အတူ စစ်အုပ်စုတပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ပြည်သူများ၏ အိမ်ယာအဆောက်အဦး (၉၀) လုံး၊ ဘုန်းကြီးကျောင်း (၂) ကျောင်းနှင့် မော်တော်ယာဥ် (၂) စီး ထိမှန်ပျက်စီးသွားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

လက်ရှိအချိန်တွင် တပ်မဟာ (၅) နယ်မြေအတွင်း စစ်အုပ်စုဘက်မှ စစ်ရေးလှုပ်ရှားမှုများနှင့် တပ်အင် အား တိုးချဲ့မှုများ ဆက်လက်လုပ်ဆောင်နေလျက်ရှိသည်။ ယမန်နေ့ သြဂုတ်လ (၁၈) ရက်နေ့တွင်လည်း ဘူးသိုမြို့နယ်၊ ခေါပူကျေးရွာအုပ်စုရှိ ကျေးရွာဘုန်းကြီးကျောင်းကို စစ်အုပ်စုက ပေါင် ၅၀၀ ဗုံးဖြင့် လာရောက်ကြဲချတိုက်ခိုက်မှုကြောင့် ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ကျောင်းအဆောက်အအုံအချို့ ထိခိုက်ပျက်စီးခဲ့သည်ဟု သိရသည်။