Home သတင်း စစ်အုပ်စုစစ်ကြောင်းနှင့်တိုးသည့် သရက်ချောင်းက အရပ်သားလူငယ်(၁)ဦး ပစ်သတ်ခံရ

စစ်အုပ်စုစစ်ကြောင်းနှင့်တိုးသည့် သရက်ချောင်းက အရပ်သားလူငယ်(၁)ဦး ပစ်သတ်ခံရ

7
Photo: KNU

ဩဂုတ် (၂၆) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၄)၊ ဘိတ်-ထားဝယ်ခရိုင်၊ ကစယ်ဒို(သရက်ချောင်း)မြို့နယ်အတွင်းရှိ ကျေးရွာများသို့ ယခုဩဂုတ်လအတွင်း စစ်ကြောင်းထိုးနေသည့်စစ်အုပ်စုက ဥတ္တူကျေးရွာရှိ ဒေသခံလူငယ်အမျိုးသား(၁)ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ရွာခံများက ပြောသည်။

ဩဂုတ်လ (၁၀)ရက်နေ့မှစတင်ကာ သရက်ချောင်းမြို့နယ်၊ ရှင်မုတ္ထီးရွာမှတဆင့် ကျောက်လှေကား၊ ကထီးဝ စသည့် ကျေးရွာ(၁၀)ရွာထက်မနည်းသို့ စစ်အုပ်စုက စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး ယခု ဩဂုတ်လ နောက်ဆုံးအပတ်တွင် ဥတ္တူရွာဘက်သို့ ရောက်ရှိလာသည်။

ယင်းနောက် ၎င်းတို့စစ်ကြောင်းနှင့်တိုး၍ ကြောက်လန့်ထွက်ပြေးသူ ဒေသခံအမျိုးသားလူငယ်(၂)ဦးကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ (၁)ဦးလွတ်မြောက်သွားသော်လည်း ကျန်(၁)ဦးမှာမူ သေနတ်ဒဏ်ရာဖြင့်သေဆုံးသွားကြောင်း သရက်ချောင်းရွာခံများက ပြောသည်။

“ဥတ္တူရွာကလူငယ်လေးတွေ စစ်ကြောင်းတွေ့လို့လှည့်ပြေးတာ အဲဒါကိုအနောက်ကနေ ပစ်တယ်။ တစ်ယောက်ကတော့ပြေးလို့လွတ်သွားတယ်။ တစ်ယောက်ကတော့ပွဲချင်းပြီးပဲ သေသွားတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါစစ်ကြောင်းသည် ကျောက်လှေကား၊ ပဒတ်ချောင်းနှင့် ကထီးဝ စသည့်ကျေးရွာများဘက်သို့ ဝင်ရောက်စဥ်က ရွာခံ(၁၀)ဦးကို လမ်းပြအဖြစ်ခေါ်ယူလာကာ ထမင်းချက်ခိုင်းခြင်းနှင့် ရိုက်နှက်စေခိုင်းခြင်းတို့ ပြုလုပ်ခဲ့သေးကြောင်း ကေအဲန်ယူ ဘိတ်-ထားဝယ်ခရိုင်ဘက်က ယမန်နေ့တွင် ထုတ်ပြန်ထားသည်။

Photo crd- KNU, CJ

ယင်းအပြင် သရက်ချောင်းဒေသခံများပြောပြချက်အရ စစ်အုပ်စုက ဒေသခံပိုင်မော်တော်ယာဥ်များကို အဓမ္မသယ်ဆောင်လာခြင်းအပြင် ထိုရွာများရှိ နေအိမ်အချို့ ကို မီးရှို့ဖျက်ဆီးခဲ့ခြင်းလည်း ရှိသည်။

သရက်ချောင်းဒေသခံက “အဲဒီစစ်ကြောင်းက ဥတ္တူဘက်ကိုရောက်သွားတာ နှစ်ရက်လောက်ရှိပြီ။ ဒီမတိုင်ခင်က မိုးရွှေကုန်း၊ စော်ဖျား ပြီးတော့ ကျောက်လှေကားရွာဘက်က အိမ်တွေကိုမီးရှို့သွားတယ်။ အဲဒါတစ်ကြိမ်တည်းမဟုတ်ဘူးနော် တချို့အိမ်တွေဆိုအရင်တခေါက်ကတည်းက မီးရှို့ခံရတယ်။ နောက် အခု ကားတွေဆိုင်ကယ်တွေကိုပါ သူတို့နဲ့အတူယူသွားတယ်” ဟု ကေအိုင်စီကို ပြောသည်။

ကေအဲန်ယူ၏ထုတ်ပြန်ချက်တွင် စစ်အုပ်စုသည် ကထီးဝရွာမှ နေအိမ်(၁)လုံး၊ ကျောက်လှေကားရွာမှ နေအိမ်(၄)လုံးကို မီးရှို့ဖျက်ဆီးခဲ့သလို ပြည်သူလူထုပိုင်ဆိုင်သည့် ဆိုင်ကယ်အစီး(၃၀)၊ ထော်လာဂျီ(၂)စီး၊ ကျောက်တင်ကား(၁)စီးနှင့် လေးဘီးကား(၁)စီးတို့ကို ၎င်းတို့နှင့်အတူ ယူဆောင်သွားကြောင်း ဖော်ပြထားသည်။

ထို့အတူ မိုးတွင်းကာလတွင် စစ်ကြောင်းထိုးနေခြင်းကြောင့် စစ်အုပ်စုဝင်လာရာတစ်လျှောက်ရှိ ကျေးရွာနေဒေသခံများ စစ်ဘေးရှောင်နေရပြီး အရေးပေါ်အားဖြင့် အမိုးအကာနှင့်ရိက္ခာများ လိုအပ်ချက်ရှိကြောင်းလည်း သရက်ချောင်း စစ်ဘေးရှောင်အရေးကူညီနေသူများက ပြောသည်။