Home သတင်း ကျောင်းသားလူငယ်နှင့်ဒေသခံ စုစုပေါင်း(၄၀၀)ဝန်းကျင် စုပေါင်း၍ ကေအဲန်ယူ၊ ဖားအံခရိုင်တွင် လက်ချည်ပွဲ ပြုလုပ်

ကျောင်းသားလူငယ်နှင့်ဒေသခံ စုစုပေါင်း(၄၀၀)ဝန်းကျင် စုပေါင်း၍ ကေအဲန်ယူ၊ ဖားအံခရိုင်တွင် လက်ချည်ပွဲ ပြုလုပ်

14

ဩဂုတ် (၂၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဖားအံခရိုင်၊ တပ်မဟာ (၇)ထိန်းချုပ် နယ်မြေတစ်နေရာတွင် ယနေ့ (ဩဂုတ်လ ၂၉ ရက်) က ကျောင်းသားလူငယ်နှင့်ဒေသခံ စုစုပေါင်းလူဦးရေ(၄၀၀)ဝန်းကျင် စုပေါင်းကာ ဝါခေါင်လ ကရင့်ရိုးရာ လက်ချည်ဖြူဖွဲ့ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ယနေ့မနက်ပိုင်းက စတင်ခဲ့သည့် အဆိုပါအခမ်းအနားတွင် ကေအဲန်ယူ ဖားအံခရိုင်၏ဌာနဆိုင်ရာ တာဝန်ရှိသူများအပါအဝင် ကျေးရွာခေါင်းဆောင်များ၊ ရပ်မိရပ်ဖများ၊ ကျောင်းသားလူငယ်များနှင့် ဒေသခံများ စုစည်းပါဝင်ခဲ့ကြခြင်းဖြစ်သည်။

“လက်ချည်ပွဲဆိုတာ ရှေးယခင်ဘိုးဘွားတွေလက်ထက်က ဆင်းသက်လာပြီး ကရင်လူထုတွေ စည်းလုံးညီညွတ်တဲ့အနေနဲ့ ပြုလုပ်တာပါ။ ကရင်လူငယ်တွေ ရိုးရာဓလေ့ကို လက်ဆင့်ကမ်းဖို့ရယ် စည်းလုံးခြင်းနှင့်ပူးပေါင်းပါဝင်လာဖို့ ကျင်းပကြတာပါ။ ကျမတို့ ရပ်ရွာခေါင်းဆောင်တွေအနေနဲ့လည်း ကရင်လူငယ်တွေ ဆက်လက်လုပ်ဆောင်နိုင်ဖို့ ရည်ရွယ်ပါတယ်” ဟု ဖားအံခရိုင် ကျန်းမာရေးဌာနက နန်းဝင်းဝင်းပြုံး က ပြောသည်။

လက်ချည်ပွဲမစတင်မီ အခမ်းအနားတွင် အစီအစဥ်အရ ကျောင်းသား၊ ကျောင်းသူများက တေးသီချင်း၊ အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခြင်းတို့လည်း ပြုလုပ်ခဲ့သည်။

ထို့အပြင် ကေအဲန်ယူဗဟိုမှ ပေးပို့လာသည့်သဝဏ်လွှာ ဖတ်ကြားခြင်း၊ လက်ချည်ပွဲဖြစ်ပေါ်လာပုံအကြောင်း ရှင်းလင်းပြောဆိုခြင်းနှင့် သက်ဆိုင်ရာခေါင်းဆောင်များမှ အားပေးအမှာစကားအသီးသီး ပြောကြားပြီးနောက် လက်ချည်ခြင်း အစီအစဉ်ကို ဆက်လက်ကျင်းပ၍ အခမ်းအနား ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

အခမ်းအနားကိုတက်ရောက်လာသူ ကရင်လူငယ် နော်ဖောရိထူး က “လက်ချည်ပွဲကို အခုလိုပါဝင်ဖြစ်တဲ့အကြောင်းက ဘာသာရေးနဲ့မဆိုင်ဘဲ ကရင်ရိုးရာဓလေ့ဖြစ်တဲ့အားလျော်စွာ ကရင်လူထုတစ်ရပ်လုံးနဲ့သက်ဆိုင်တဲ့အတွက် ဖြစ်ပါတယ်။ လူတွေအများကြီးပါဝင်တက်ရောက်ကြတဲ့အတွက်လည်း အများကြီးဝမ်းသာပါတယ်” ဟု ကေအိုင်စီကို ပြောသည်။

ယနေ့ ပြုလုပ်သည့် ကရင့်ရိုးရာလက်ချည်ဖြူဖွဲ့ပွဲကို ဖားအံခရိုင် တရားသူကြီး ပဒိုမန်းပန်းသီ၊ ဖားအံခရိုင် ရဲမှူး စောမောင်ကြည် တို့လည်း တက်ရောက်ဆင်နွှဲကြပြီး လက်ချည်ပွဲကျင်းပခြင်း၏ရည်ရွယ်ချက်ကို မမေ့စေရန်နှင့် ဆက်လက် လက်ဆင့်ကမ်းဆောင်ရွက်ကြရန် တိုက်တွန်းအားပေးစကားများ ပြောဆိုကြခြင်း ရှိသည်။

ဝါခေါင်လရောက်တိုင်း နှစ်စဥ်ပြုလုပ်နေကျ ရိုးရာလက်ချည်ဖြူဖွဲ့ပွဲကို ကရင်လူမျိုးတို့၏ ဘိုးဘွားစဉ်ဆက်ကရှိခဲ့သည့် ယုံကြည်မှုနှင့် ရိုးရာဓလေ့ထုံးတမ်းအရ ကွဲကွာနေသော မျိုးနွယ်စုများ ပြန်လည်ဆုံဆည်းစေရန်နှင့် ဘေးအန္တရာယ် ကင်းဝေးစေရန် ရည်ရွယ်၍ ယနေ့တိုင်အောင် အခမ်းအနားအစီအစဥ်များဖြင့် ပြုလုပ်ကျင်းပကြခြင်းဖြစ်သည်။

အဓိပ္ပါယ်တစ်မျိုးစီရှိသည့် ပစ္စည်း(၇)မျိုး ပါဝင်မှုဖြင့် ချစ်ခင်ရသူများ၏ လက်ကောက်ဝတ်တွင် ကြိုးချည်ဖွဲ့ခြင်းဖြစ်ပြီး ကရင်လူမျိုးများ၏ ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းခြင်းနှင့် စည်းလုံးညီညွတ်မှုကို ပြသသည့် အရေးပါသော သင်္ကေတတစ်ခုအဖြစ်လည်း သတ်မှတ်ကျင်းပကြကြောင်း သိရသည်။